Friday, April 26, 2024

ကွမ်လုံ-သိန္နီ ကြားရှိ ပြည်သူပိုင်လယ် နှင့် ခြံများ စစ်ကောင်စီတပ် နေရာယူထား

Must read

သျှမ်းပြည် မြောက်ပိုင်းကွမ်လုံ-သိန္နီ အစပ်နားရှိ နားတီးကျေးရွာတွင် ပြည်သူပိုင် လယ်နှင့် ခြံများထဲ တဲများ၌ စစ်ကောင်စီတပ်တို့သည် တပ်စွဲနေရာယူထားပြီး ပြည်သူများကို သွားလာခွင့်ပိတ်ထားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် တစ်ပတ်ခန့်မှ စတင်ကာ မည်သည့် အရပ်ဒေသမှ လာရောက်မှန်းမသိသော စစ်ကောင်စီတပ်သား တစ်ရာခန့်သည် နားတီးကျေးရွာအပြင်ဖက်ရှိ လယ်ကွက်နှင့် ခြံများတွင် နေရာထားသည့် အတွက်ကြောင့် ဒေသခံ ရွာသားများအနေဖြင့် ခက်ခဲနေကြောင်းနားတီးဒေသခံ တစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်ပတ်လောက်တော့ ရှိနေပါပြီ၊ သူတို့က ဘယ်ကလာနေကြမှန်းလည်း မသိဘူး၊ တချို့က တရုတ်စကား ပြောကြတာ၊ သူတို့က ရွာထဲလာပြီး သောင်းကျန်းတာမျိုးတော့ မလုပ်ပေမယ့် သူတို့ရှိတဲ့နေရာနားကိုတော့ ရွာသားတွေကို မသွားခိုင်းဘူး၊ တချို့ရွာသားတွေဆိုလည်း လယ်တောင် မသွားကြည့်ရဲဘူးလေ” ဟု အထက် ပါ ပုဂ္ဂိုလ်က ပြောသည်။

နားတီးကျေးရွာသည် လူဦးရေ ၃၀၀ ကျော်ခန့် ရှိနေပြီး လယ်ယာ စိုက်ပျိုးရေးဖြင့် အဓိက အသက်မွေးဝမ်း ကြောင်း ပြုလုပ်ရသည်ဖြစ်ရာ စစ်ကောင်စီတို့မှ လာရောက်နေရာယူပြီး ရွာသားများ၏ သွားလာရေးကို ယခုလို ပိတ်ပင်ထားသည့်အတွက် စိုက်ပျိုးထားသည့် သီးနှံ စိုက်ခင်းများ ပျက်စီးမှာလည်း စိုးရိမ်နေကြောင်း လည်း သတင်းသိရသည်။

“သူတို့က အဲ့လိုမျိုးနေရာလာချတော့ ရွာလူကြီးကို အကြောင်းကြားလာပါတယ်၊ ရွာသားတွေကို အရေးကြီး လိုအပ်ချက် မရှိဘဲနဲ့ တောထဲ မသွားဖို့ပေါ့၊ တောင်ယာ ဖက်မှာလည်း သူတို့လူက နေရာယူထားတာရှိတယ်၊ လာမယ်ဆိုရင် ကြိုတင် အကြောင်းကြားပေးပါတဲ့၊ အဲ့ကြောင့်နဲ့ တချို့က လယ်တွေကိုတောင် သွားမကြည့် ရဲဘူး” ဟု နားတီးရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နားတီးကျေးရွာသည် စစ်ကောင်စီတပ်သားများ မရောက်လာခင် ရှေ့နှစ်လခန့်တွင်လည်း ကိုးကန့် တပ်မတော်များ၏ နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်ဆောင်ရွက်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article