သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ဟိုပုံးဆေးရုံတွင် ယနေ့ (စက်တင်ဘာ ၂၂)ရက် မနက်ပိုင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးလာထိုးနေစဉ် အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာ (၂၂) ရက် မနက် ၈နာရီခွဲကျော် တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးသည့် အသက် (၇၀) ကျော် အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မြို့ထဲမှာ သွားလာလှုပ်ရှားနေတာတွေ့တယ်။ သူက နာရီပြင်သမား။ ဘာကြောင့် ချက်ချင်းသဂြိုလ်လဲဆိုတာတော့ ကျနော်တို့လဲ မသိရဘူး။ ဆေးရုံက ဘာမှ မပြောဘူး။” ဟု မျက်မြင် သက်သေတစ်ဦး ကပြောသည်။
စစ်ကောင်စီသည် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ကို အသက် (၆၅) နှစ် အထက် ပြည်သူများကို ပထမအသုတ် ထိုးထားပြီး ယခုမှာ ဒုတိယ အသုတ်အနေဖြင့် ပြည်သူများကို ထပ်မံ ထိုးပေးနေပြီဖြစ်ကြောင်း သိရှိရသည်။
“အိမ်ပတ်ဝန်းကျင်ကလူတွေ သွားထိုးရင်း သူတို့တွေ့ပြီး ပြန်လာပြောပြတယ်။ ထိုးပြီးတာနဲ့ ချက်ချင်း လှဲကြသွားတယ် လို့ပြောတယ်။ အခုထိုး အခုလှဲကျသွားတယ်လို့ပြောတယ်” ဟု ဟိုပုံး ဒေသခံ တစ်ဦး ကပြောသည်။
စစ်ကောင်စီ မှ ထိုးပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဟိုပုံးမြို့ရှိ ပြည်သူများ အနည်းငယ်သာ သွားရောက်ထိုးကြကြောင်း စုံစမ်းသိရှိရသည်။











Leave a Comments