Saturday, April 20, 2024

ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ဆိုတာ ဘာမှန်းမသိတဲ့ သျှမ်းမြောက် စစ်ရှောင်များ

Must read

နိုင်ငံတကာငြိမ်းချမ်းရေးနေ့ကို ၁၉၈၁ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂ မှ ဆုံးချက်ချက် ချမှတ်ပြီး စတင်ဆင်နွှဲလာခဲ့ပါတယ်။ ထိုသို့ ဆင်နွှဲလာရာမှ ပြီးခဲ့တဲ့၂၀၀၁ ခုနှစ်တွင် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အမှတ် ၅၅/၂၈၂ ကို ချမှတ်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် အတည်ပြုခဲ့ကြပါတယ်။

ဒါ့ပေမယ့် သျှမ်းပြည်တဝှမ်းမှာတော့ ခေတ်အဆက်ဆက် စစ်ပဋိပက္ခတွေ ဖြစ်ပွားလာတာ ယနေ့ထိတိုင်ပါပဲ။ စစ်ရေး ပဋိပက္ခကြောင့် သျှမ်းပြည်လူထုတွေဟာ ယနေ့ထိ စစ်ဘေးရှောင်နေရပြီး ၂၀၁၆ ခုနှစ်ကစပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။

လက်ရှိမှာဆိုရင်လည်း သျှမ်းပြည်တဝှမ်း တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဖြစ်ပွားတဲ့ စစ်ပဋိပက္ခကြောင့် စစ်ရှောင် သောင်းဂဏန်း ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ရောက်တိုင်း သျှမ်းပြည်လူထုက စစ်ဒဏ်ကြောင့် ကူရာမဲ့ ထွက်ပြေး နေရဆဲပါ။

ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စစ်ရှောင်တွေရဲ့ ခံစားချက်ကို သျှမ်းသံတော်ဆင့် မှ မေးမြန်းတင်ဆက်လိုက်ပါတယ်။

ကျောက်မဲမြို့နယ် မိုင်းငေါ့ စစ်ရှောင်စခန်းမှ စစ်ရှောင် လုံးဆန်လူ

ယခုချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒက အိမ်ပြန်ချင်တာပဲ၊ စစ်ရှောင်ထွက်ပြေးလာရတာလည်း (၇)လ ကျော်တောင်ရှိသွားပြီ၊ စစ်ရှောင်စခန်းမှာ လာနေရတော့ စားနပ်ရိက္ခာတွေကအစ ခက်ခဲတယ်။ ကိုဗစ်ကာလ ဆိုတော့ အလှူရှင်တွေကလည်း အရမ်းနည်းသွားပြီ။ နောက်ပြီးတော့ ရပ်ရွာလူကြီး လုပ်ခဲ့ဖူးတဲ့သူက နေရပ်ပြန်ဖို့ ဆိုတာ ပိုပြီးခက်ခဲတယ်၊ ခုဆို ရွာမှာ ရောက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ရွာလူကြီးအသစ်ကို ပြန်ရွေးထားပြီးပြီ၊ အဲ့ဒါကြောင့် နေရပ်ပြန်ရဖို့က မလွယ်တော့ဘူး။

ငြိမ်းချမ်းရေးနေ့ ဆိုတာကိုတော့ သျှမ်းပြည်သူအနေနဲ့လည်း မျှော်လင့်တယ်၊ လိုချင်တာပေါ့၊ အဲ့လိုပဲ လက်နက်ကိုင်တပ်တွေလည်း နားလည်သဘောပေါက်မယ်ဆိုရင်တော့ ဒေသခံတွေလည်း ကြောက်ရွံ့နေရမှာမဟုတ်ဘူး၊ ထွက်ပြေးရမှာ မဟုတ်ဘူး။ နောက်တစ်ချက်က စစ်ရှောင်တွေကို အထင်လွဲတာတွေလည်း မဖြစ်စေချင်ဘူး။ တစ်ဖက်တပ်ကို အားပေးလို့ ထွက်ပြေးနေတာမဟုတ်ဘူး၊ ထိခိုက်ဒဏ်ရာရမှာ ကြောက်လို့ ထွက်ပြေးခဲ့ရတယ် ဆိုတာ ကိုလည်း လက်နက်ကိုင်တပ်တွေ နားလည်စေချင်တယ်။ ငြိမ်းချမ်းရေး အမြန်ဆုံးရချင်တယ်၊ နေရပ်ကို အရမ်းပြန်ချင်တယ်။

မိုင်းငေါ့ စစ်ရှောင် နန်းလျန်း

တောင်ပလို့ရွာကနေ ထွက်ပြေးလာရတာပါ၊ (၇)လကျော် ရှိနေပြီ၊ အခက်အခဲတွေကတော့ အများကြီးပါပဲ၊ အစားအသောက်လည်းခက်ခဲတယ်။ အိမ်ကို အရမ်းကို ပြန်ချင်နေပြီ၊ ဒါပေမယ့် ဘယ်ချိန်မှ ပြန်ရမယ်ဆိုတာကိုတောင် မစဉ်းစားရဲတဲ့ အနေအထားဖြစ်နေတာ၊ ဘာကြောင့်လဲဆိုရင် တိုက်ပွဲတွေက ဆက်ဖြစ်နေကြသေးတယ်၊ တကယ်လို့ အိမ်ကို ပြန်ရောက်သွားတယ်ဆိုရင်တောင် ဘယ်လိုလုပ်ပြီး ရှာဖွေစားသောက်ရမှာလဲ မသိတော့ဘူး၊ နောက်ပြီးတော့ အဖေနဲ့ အမေလည်း ရှိသေးတယ်၊ တိုက်ပွဲတွေ ထပ်ဖြစ်ပြီး နောက်ထပ်ထွက်ပြေးရမယ် ဆိုရင် ဘယ်လိုမှကို အဆင်မပြေနိုင်တော့ဘူး။


ခုထိ အမေဆို ကျန်းမာရေးမကောင်းသေးဘူး၊ မိသားစုအားလုံး နေမကောင်းဖြစ်ကြတာ၊ အဖေကတော့ နည်းနည်းသက်သာပြီ၊ စစ်ရှောင်တွေကို အမြဲလာကြည့်ပေးတဲ့ ကျန်းမာရေးဆရာမကလည်း နေမကောင်းဖြစ်နေတော့ သူလည်း မလာကြည့်နိုင်ဘူး၊ ရှိထားတဲ့ ဆေးတွေ သောက်ပြီး ဒီတိုင်းနေနေရတယ်။


မိုင်းငေါ့မြို့ထဲမှာ ဆေးခန်းသွားပြဖို့ကလည်း မလွယ်ဘူး၊ အဲ့မှာလည်း ရောဂါဖြစ်တဲ့သူကများတော့ မသွားရဲဘူး၊ အဲ့ကိုသွားရင်လည်း တစ်ခြားရောဂါဖြစ်တယ်ဆိုပြီး ပြောမှာကြောက်တယ်။ အဲ့တော့ အလှူရှင်တွေ လာလှူထားတဲ့ ဆေးတွေကိုပဲ သောက်နေတာ။
တကယ်လို့ သျှမ်းအချင်းချင်း တိုက်ပွဲ မဖြစ်ဘူးဆိုရင် ဘယ်သူမှလည်း သျှမ်းတွေကို လာပြီး အနိုင်ကျင့်နိုင်မှာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်တာတွေလည်း လျော့နည်းသွားနိုင်တယ်လို့ ယူဆတယ်။


ငြိမ်းချမ်းရေးနေ့ ဆိုတာ သူများဆီကနေပဲ ကြားဖူးတာ၊ ကျွန်မတို့ဆီမှာက မရှိဘူး၊ ခုတောင် စစ်ရှောင်ထွက်ပြေးနေရတာ။

နမ့်ဆော့ စစ်ရှောင်စခန်းမှ စစ်ရှောင်ကူညီသူ နန်းနွန်း

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်တော့ လက်ရှိမှာ ပြောချင်တာက စစ်ပွဲတွေကို အမြန်ဆုံး အဆုံးသတ်ကြဖို့ပါ၊ စစ်ရှောင်တွေလည်း နေရပ်ကို အရမ်းပြန်ချင်နေကြပြီ။ အိမ်ကို စိတ်ပူတာပေါ့။


စစ်ရှောင်တွေရဲ့ အနာဂါတ်အတွက် ပိုပြီး စိုးရိမ်မိတယ်၊ ဘာကြောင့်လဲဆိုရင် ခုချိန် သူတို့တွေ နေရပ်ကို ပြန်သွားကြတယ် ဆိုရင်လည်း အားလုံးက တစ်ကနေ ပြန်စရတော့မှာ၊ တစ်ချို့နေအိမ်တွေ မိုင်းထိမှန်တာတွေလည်း ရှိမယ်၊ လက်နက်ကြီး ထိမှန်ထားတာတွေလည်း ရှိတယ်ဆိုတော့ သူတို့တွေဆိုရင် တစ်ကနေ ပြန်စရတော့မှာ၊ ဒါပေမယ့် စစ်ရှောင်နေရတော့ ပိုက်ဆံက မရှိဘူး၊ ရှာဖွေစားသောက်ဖို့ကို အခက်အခဲ ဖြစ်နေပြီ။ ဒါ့ကြောင့် သူတို့တွေ ဘယ်လို ရှာဖွေစားသောက်ကြမှာလဲ ဒါက တကယ်ကို စိုးရိမ်စရာပါပဲ ။
အခုဆို ကုန်ဈေးနှုန်းလည်း ဈေးတက်၊ နောက်ပြီး စီးပွားရေးတွေကလည်း ကျဆင်းနေတယ်၊ အားလုံးက အခက်အခဲ ဖြစ်နေကြတာဆိုတော့ အလှူရှင်တွေလည်း ရေရှည်ဆိုရင် မလွယ်ဘူး။


အစားအသောက်မှာဆိုရင် တကယ်လို့ ဆန် ရှိထားတယ် ဆိုပေမယ့် နေ့စဉ်စားသောက်ဖို့ ဟင်း ကတော့ ခက်ခဲတာပေါ့။
လက်ရှိ မျှော်လင့်တာကတော့ တိုက်ပွဲတွေ မဖြစ်စေချင်တော့ဘူး၊ သျှမ်းအချင်းချင်းလည်း မဖြစ်စေချင်ဘူး၊ ဘယ်သူနဲ့မှ မဖြစ်စေချင်ဘူး၊ ခုဆို တစ်ခြားနေရာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေကြပြီး အားလုံးက ခက်ခဲနေရတာဆိုတော့ တိုက်ပွဲ အမြန်ဆုံး အဆုံးသတ်ကြဖို့ မျှော်လင့်ပါ တယ်။

နမ့်ဆော့ စစ်ရှောင်စခန်း မှ စစ်ရှောင် နန်းဆာ

ပန်ကွမ်ကျေးရွာဒေသခံတွေပါ၊ စစ်ရှောင်စခန်းကို ရောက်တာ တစ်လကျော်ရှိပြီ၊ တိုက်ပွဲဖြစ်တာနဲ့ပတ်သက်ပြီး ဘာမှကို ပြောချင်စိတ်မရှိတော့ဘူး၊ စိတ်ထဲ မျှော်လင့်တာက အိမ်ကို အမြန်ဆုံး ပြန်ရဖို့ပဲ သိတယ်။ ခုဆို မိသားစုလိုက်ကို ထွက်ပြေးလာရတာ။

နမ့်ဆော့ စစ်ရှောင်စခန်း မှ စစ်ရှောင် လုံးမောင်

စစ်ရှောင်ထွက်ပြေးလာရတာ (၄၅)ရက်ဝန်းကျင်လောက်ရှိပြီ၊ အိမ်ကို အရမ်းပြန်ချင်တာ၊ ဒါပေမယ့် မပြန်ရဲသေးဘူး၊ တိုက်ပွဲကလည်း မကြာမကြာဖြစ်နေသေးတယ်။ နောက်ပြီး လမ်းတွေလည်း ပိတ်ထားသေးတယ် ဆိုတော့ မပြန်ရဲသေးဘူး၊
ဖြစ်နိုင်ရင်တော့ တိုက်ပွဲတွေ မဖြစ်စေချင်တော့ဘူး၊ စစ်ရှောင်နေရတာ အရမ်းကို ခက်ခဲလွန်းတယ်၊ အိမ်ကို ပြန်ချင်တယ်၊ ဘယ်တပ်ဖွဲ့မဆို တိုက်ပွဲတွေ မဖြစ်စေချင်တော့ပါဘူး၊ အေးအေးချမ်းချမ်းပဲ နေချင်တယ်။

Leave a Comments

- Advertisement -spot_img

Latest article