တန့်ယန်းမြို့ဒေသခံများ သူခိုး ဓားပြဒဏ်ပိုခံနေရ

0

သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် တန်းယန်းမြို့တွင် သူခိုးဓားပြများ ပေါများလာသည့်အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းသိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ ညသန်းခေါင်ဝန်းကျင်အချိန်တွင် တန့်ယန်းမြို့ မြို့မဈေးရှိ ဆိုင်ခန်း ၂ခန်းသည် ဖော်ထွင်းခံရပြီး ဆိုင်ထဲသိုလှောင်ထားသည့် ပစ္စည်းများနှင့် ငွေကြေးတချို့ ဆုံးရှုံးလိုက်ရကြောင်း တန့်ယန်းမြို့ ရပ်ကွက် ၅ တွင်နေထိုင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့မဈေးကရဲ့ အ‌ရှေ့တံခါးဘက်က အပြင်တန်းရဲ့ ညာဘက်ထောင့် ဆိုင်ခန်းနှစ်ခန်း အဖောက်ခံရတယ်၊ ဆိုင် ထဲမှာထားတဲ့ ငွေအကြွေတချို့(တစ်သိန်းကျော်) နဲ့ ပစ္စည်းတချို့ပါသွားတယ်” ဟု အဖောက်ခံရသည့် ဆိုင်ရှင် နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ လဆန်းပိုင်းကလည်း တန့်ယန်းမြို့ အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦးက အပြင်ထွက်ရန်အတွက် လာခေါ်မည့်သူအား အိမ်တံခါးအဝင်နား ရပ်စောင့်နေစဉ် ပိုက်ဆံအိတ်အလုခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ မြို့မှာ သူခိုးဂျပိုးတွေက အရင်က များလာပါတယ်၊ ကြီးကြီးမားမားဆုံးရှုံးမှု မရှိခဲ့သေးပေမယ့် ခိုးဆိုးလုယက်‌မှုတွေ တစ်ရက်ထက်တစ်ရက်ပိုပိုဖြစ်ပွားလာတဲ့အ‌ပေါ်စိုးရိမ်မိတယ်၊လူထုတွေအနေနဲ့ လုံခြုံမှု မရှိဘူးလို့ ခံစားရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တန့်ယန်းမြို့နယ်အတွင်း၌ ယခုကဲ့သို့ သူခိုးဓါးပြများ ပေါများလာသည့် အပြင် ဌာနေပြည်သူ့စစ်များက တပ်သားသစ်စုဆောင်းမှုများကို အတင်းလုပ်ဆောင်ခြင်း များ ရှိနေပြီး ဒေသအတွင်း သွားလာလှုပ် ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဒဏ်များကိုလည်း တိမ်းရှောင်နေရကြောင်းလည်း သိရသည်။

Leave a Comments