သီန္နီမြို့နယ်သံဃာတော် (၅၂) ပါး ကိုဗစ် -၁၉ ပိုးထပ်မံတွေ့

0

သျှမ်းပြည်မြောက်ပိုင်း သီန္နီမြို့နယ် မန်နောင်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည့် ရဟန်းသံဃာတော် (၅၂) ပါး ကိုဗစ် -၁၉ ပိုးတွေ့ရှိကြောင်းစုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာ (၁၃) မန်နောင် ဘုန်းကြီးကျောင်းတွင် သံဃာတော် (၁၁၁) ပါးနှင့် ကပ္ပိယ (၄) ဦးတို့ကို ကိုဗစ် -၁၉ ပိုးစစ်ဆေးပေးခဲ့ပြီး သံဃာတော် (၅၂) ပါး ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

“ ပိုးတွေ့တာက သံဃာတော်တွေဘဲဖြစ်တယ်။ ကပ္ပိယက ပိုးမတွေ့ဘူး။ ဒီနေ့က ၅၃ ဦးလောက်ပိုးတွေ့တယ်။မန်နောင် ဘုန်ကြီးကျောင်းမှာပဲ ၅၂ ပါးတွေ့တာပေါ့။ ကျန်တဲ့နေရာမှာလည်းရှိသေးတယ်” ဟု သီန္နီမြို့ ပရဟိတအဖွဲ့ဝင်တဦးက ပြောသည်။

မန်နောင်ဘုန်ကြီးကျောင်းတွင် ကိုဗစ် -၁၉ ပိုးတွေ့ရှိခြင်းသည် ကျောင်းထိုင်ဆရာတော်မှ အုန်းပွဲများ၊ ယတြာများကို ချေပေးသောကြောင့် ကိုဗစ် ၁၉ ပိုးတွေ့ရှိလာရကြောင်းသိရသည်။

“ ဘုန်းကြီးက ယတြာတွေချေပေးတယ်လေ။ သူများက သူကိုယုံကြည်တော့ လာပြီးယတြာချေတာ၊ အုန်းပွဲတင်ခိုင်းတာတွေလုပ်တာပေါ့။ ဟိုနေ့က ဖျားတဲ့လူနာကို ပျောက်အောင်ဆိုပြီးတော့ ယတြာချေပေးသေးတယ်တဲ့။ အဲတာနဲ့ပဲ ကိုဗစ် က ပြန့်လာတာထင်တယ်” ဟု သီန္နီမြို့ ပရဟိတ အဖွဲ့က ပြောသည်။

လက်ရှိတွင် သံဃာတော်များ အဖျားအနည်းသာရှိနေပြီး ကျန်းမာရေးအခြေနေဆိုးသည့် သံဃာတော်များမပါရှိကြောင်းသိရသည်။

အလားတူ ယနေ့ မိုင်းလီဘုန်းကြီးကျောင်းတွင် သံဃာတော် (၃၁) ပါးနှင့် Home Quarantine ဝင်နေသည့် ပြည်သူ (၁၆) ဦးတို့ကို ကိုဗစ် ၁၉ ပိုးစစ်ဆေးပေးရာတွင် ပြည်သူ တဦး ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

သီန္နီမြို့နယ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ယနေ့ စက်တင်ဘာ (၁၃) ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၃၂၀) နှင့် သေဆုံးသူ (၁၂) ထိရှိနေပြီးဖြစ်ကြောင်းသိရသည် ။

Leave a Comments