Friday, April 26, 2024

တောင်ကြီးမြို့ လွိုင်လုံ ပညာဗောဓိ ပရဟိတကျောင်းယခင်နှစ်များထက် ကျောင်းသားပိုမိုများပြား

Must read

သျှမ်းသံတော်ဆင့် / နန်းမောက်မိုဟျိုးခမ်း ။        ။ သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ လွိုင်လုံ ပညာဗောဓိ ပရဟိတ ကျောင်းတွင် ယခုနှစ် ကျောင်းသား / သူများ ပိုမိုများပြားလာသည်ဟုဆိုသော်လည်း အလှူရှင်များမှာ ယခင်နှစ်များထက် နည်းပါး​သွားကြောင်း သိရသည်။

တောင်ကြီးမြို့ လွိုင်လုံ ပညာဗောဓိ ပရဟိတကျောင်းမှ ကျောင်းသူကျောင်းသားလေးများ

ဂျူလိုင် ၁၇ ရက်နေ့က တောင်ကြီးမြို့ရှိ လွိုင်လုံပညာဗောဓိ ပရဟိတကျောင်း၌ သွားရောက် မေးမြန်းခဲ့ရာ ယမန်နှစ်က ကျောင်းသား/သူ စုစုပေါင်း၂၅၇ ဦးရှိပြီး ယခုနှစ် ကျောင်းသား/ သူပေါင်း ၃၅၀ ဦးရှိကြောင်းသိရသည်။

“စားစရိတ်ကတော့ပုံမှန် မဟုတ်ဘူး။ တခါတစ်လေ ကျတော့လည်း အလှူရှင်တွေ လာကျွေး မွေးတာရှိပြီး အလှူရှင်မရှိတဲ့ချိန်ဆိုရင်  တယောက်ကို တနပ်စာ ငါးရာကျပ်နှုန်းနဲ့တွက်တယ်။ ကျောင်းသားတွေများလို့ ကျောင်းဆောင်တွေ မလုံလောက်ဘူး။ သက်ကယ်ဆောင် နှစ်ဆောင် ဆောက်ခဲ့ရပြီး အခက်ခဲတွေအများကြီးရှိတယ် ။ဒီနှစ်မှာ တော့အလှူရှင်ဟာ အရင်နှစ်ထက် နည်းပါးတယ် ” ဟု လွိုင်လုံ ပညာဗောတိ  ပရဟိတကျောင်း ဦးစီးဆရာတော် အရှင်သီရိဓမ္မ က သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

အဆိုပါ ပရဟိတကျောင်းသည် သျှမ်းပြည်တွင်းရှိ ငွေရေးကြေးရေးမတတ်နိုင်သော မိဘများမှ  ကျောင်းသား/သူ ပညာသင်ကြားနိုင်ရေးအတွက် ဖွင့်လှစ်ကြောင်းသိရသည်။

ဆရာတော်အရှင်သီရိဓမ္မက “ မိဘမဲ့ ကလေးတွေ၊ မိတကွဲဖတကွဲကလေးတွေနဲ့ မိဘဘက်က ငွေမတတ်နိုင်တဲ့ ကလေးတွေအတွက် ပညာရေးကို ကောင်းမွန်စွာ သင်ယူနိုင်ဖို့ ဘုန်းဘုန်းတို့ ရည်ရွယ်ပြီးဖွင့်ထားတယ်။ ကျောင်းသား/သူ တွေက အသက် ၈ နှစ်မှ ၁၈ နှစ် အထိ ဘုန်းဘုန်းတို့ လက်ခံထားပါတယ်” ဟုဆရာတော်ကမိန့်ကြားသည်။

လွိုင်လုံ ပညာဗောဓိ ပရဟိတကျောင်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် တွင်  ကျောင်းသား ၆၈ ဦးရှိပြီး၊ ၂၀၁၇ ခုနှစ်တွင် ​ ကျောင်းသား၊သူပေါင်း ၂၅၇ ဦး၊ ၂၀၁၈ ခုနှစ်တွင် ကျောင်းသား၊သူပေါင်း ၃၅၀ ဦးရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article