သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ပန်မတ်ကျေးရွာအုပ်စု၊ ပန်မတ်ကျေးရွာက (၂) နှစ် အရွယ်ရှိ ကလေးငယ်တဦး ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုကလေးငယ်သည် ကျိုင်းတုံမြို့ပြည်သူဆေးရုံတွင် ကိုဗစ် ၁၉ ကြောင့် ဆေးလာကုသနေပြီး ယမန့်နေ စက်တင်ဘာ (၁) ရက်မနက် ၅ နာရီ အချိန်က သေဆုံးသွားခဲ့ကြောင်းသိရသည်။
“ မနေ့က မနက်ပိုင်းမှာသေသွားတာ။ သနားပါတယ်။ ကလေးက ခံနိုင်ရည်အားမရှိဘူးလေ။ သူတို့က ရွာဖက်ကနေလာတာ။ ပန်မတ်ကျေးရွာလို့ပြောတယ်။ ကျိုင်းတုံမှာက ကလေးငယ်သေတာဆိုလို့ သူက ပထမဆုံးပဲ”ဟု ကျိုင်းတုံမြို့ ဒေသခံအမျိုးသမီးတဦးကပြောသည်။
ယမန့်နေ့တွင် ကျိုင်းတုံမြို့က သေဆုံးသူ (၂) ဦးရှိကြောင်း သိရသည်။
“ အသက် (၅၀) အမျိုးသမီးက မနက် (၅)နာရီမှာသေတယ်။ ကလေးငယ်ကျတော့ (၅) နာရီခွဲမှာ သေသွားတယ်။ ကိုဗစ် ကြောင့်ပဲ (၂) ယောက်လုံးကသေသွားတာပါ “ ဟု ကျိုင်းတုံမြို့ ဒေသခံတဦးက ဆိုသည်။
ကျိုင်းတုံမြို့တွင် ယမန့်နေ့ စက်တင်ဘာ (၁) ရက်နေ့က ကိုဗစ် ၁၉ ပိုးတွေ့လူနာသစ် (၈၇) ဦးတွေ့ရှိကြောင်းသိရသည်။
ကျိုင်းတုံမြို့ပေါ်တွင် ကိုဗစ် စက်တင်ဘာ (၁) ရက်နေ့ထိ ကိုဗစ် ၁၉ အတည်ပြုလူနာ (၁၇၉၆) ဦးရှိပြီး သေဆုံးသူ (၂၉) ဦးနှင့် ဆေးကုသမှုခံယူနေသူ (၇၇၂) ဦးကျန်ရှိကြောင်းသိရသည်။











Leave a Comments