Friday, May 3, 2024

ကျိုင်းတောင်းမြို့ ကိုဗစ် ကူးစက်မှုမြင့်တက်လာ မြို့ဝင်ထွက်ပိတ်၊ ကုန်ဈေးနှုန်းတက်လာ

Must read

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာသဖြင့် မြို့ဝင်ထွက်များကို ပိတ်ထားလိုက်ရကြောင်း စုံစမ်းသိရသည်။

ထိုကျိုင်းတောင်းမြို့ ဝင်၊ထွက်ပိတ်လိုက်သဖြင့် ကုန်သွယ်စီးဆင်းမှု ခက်ခဲလာကာ မြို့တွင်းရှိ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာသဖြင့် ပြည်သူများ ယခင်ထက် ပိုမို ခက်ခဲလာခဲ့ကြောင်း၊ စားဝတ်နေရေးအတွက် ပိုကြပ်တည်းလာကြောင်း ကျိုင်းတောင်းမြို့ ဒေသခံ ပြည်သူတဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။


“ အပြင်တွေသိပ်မပေးထွက်တော့ဘူး။ မြို့ဝင်၊ထွက်ဆိုလဲ ကားကြီးတွေသိပ်လက်မခံတော့ဘူး။ ကျနော်တို့မြို့က အစွန့်ဖက်ရောက်တယ်။ ကုန်ပစ္စည်းတွေမဝင်လာတာ နဲနဲကြာတော့ ကုန်ဈေးနှုန်းတွေကလဲတက်ကုန်တယ်။ အလုပ်လည်း သိပ်မလုပ်ကြရတော့ဘူး” ဟု စိုင်းကြီးမောင်က ဆိုသည်။

ကျိုင်းတောင်းမြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ များလာသောကြောင့် မြို့ဝင်၊ထွက်များကို ပိတ်ထားသည် မှာ ၂လ နီးပါးရှိပြီး ကုန်သွယ်စီးဆင်းမှု သိပ်မရှိသဖြင့် ပစ္စည်းများလည်းဝယ်ယူရန် ခက်ခဲလာကြောင်းသိရသည်။

“ ကျိုင်းတောင်းမှာက ကိုဗစ် ဖြစ်လာတာ ၂ လနီးပါးရှိနေပြီးလေ။ အဲတာနဲ့ ပိုပြီးမပြန့်ပွားသွားအောင်လို့ မြို့ဝင်ထွက်ကို ပိုပြီး ဂရုစိုက်လိုက်တာ။ ကားကြီးတွေဆိုလဲ မြို့ထဲသိပ်မပေးဝင်တော့ဘူး” ဟု ကျိုင်းတောင်းမြို့ စိုင်းကြီးမောင်က ဆိုသည်။

လက်ရှိကာလမှာ ကိုဗစ်မြင့်တက်နေသဖြင့် အလုပ်လုပ်ရန် ခက်ခဲနေပြီး ဝင်ငွေမရှိသည့်အပြင် ကုန်ဈေးနှုန်းလည်း ထပ်မံတက်နေသဖြင့် ပြည်သူများ ပိုအခက်ကြုံနေရကြောင်း ကျိုးတောင်းမြို့ ဒေသခံ က ပြောသည်။

“ အလုပ်လည်း သွားမလုပ်ရဘူးနော်။ တစ်ရက်လုပ်တစ်ရက်စားတွေအတွက်ဆို ပိုပြီး ခက်ခဲကြတယ်။ ပြီးတော့ အခုက ကုန်ဈေးနှုန်းတွေလဲမြင့်တက်လာတယ်လေ။ ဒီကိုဗစ်ကြောင့် ခုက တော်တော်ခက်ခဲပါတယ်” ဟု စိုင်းကြီးမောင်က ထက်လောင်းပြောသည်။

ကျိုင်းတောင်းမြို့တွင် ယမန့်နေ သြဂုတ် ၁၅ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၈၀) ဦးထိရှိပြီး သေဆုံးသူ (၅) ဦးရှိကြောင်း သိရသည်။

ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို ကျိုင်းတောင်းရေတံခွန်ရှိနေရာနှင့် ကျိုင်းတောင်းမြို့ ပြည်သူဆေးရုံတွင်ခွဲထားပြီးဆေးကုသပေးနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article