သျှမ်းပြည် တောင်ပိုင်းရှိ သမိုင်းဝင် မြို့တစ်မြို့ ဖြစ်သည့် ပင်လုံမြို့အဝင်အထွက် ဆိုင်းဘုတ်အနီးရှိ အမှိုက်ပုံ များကို မြို့သာယာလှပ ရေးအတွက် အများပြည်သူ စုပေါင်းပြီး သန့်ရှင်းရေး ပြုလုပ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့မှ ယနေ့ ၁၁ ရက်နေ့ထိ ၃ ရက်တိုင်တိုင် မြို့အဝင်/အထွက် ဆိုင်းဘုတ်နားရှိ မှိုက်ပုံများကို လူအားဖြင့် သော်လည်း ကောင်း၊ စက်အားဖြင့် သော်လည်းကောင်း သန့်ရှင်းရေးများကို စုပေါင်းပြုလုပ်ကြကြောင်း၊ “အမှိုက်မပစ်ရ” ဆိုင်းဘုတ်စိုက်ထူကာ တားမြစ်ထားကြောင်း ပင်လုံဒေသခံများ ပြောပြချက်အရသိရသည်။
“ကျနော်တို့ရဲ့ ပင်လုံမြို့ဆိုတာ သျှမ်းပြည်ကြီးအတွက်ရော မြန်မာနိုင်ငံကြီး အတွက်ပါ သမိုင်းဝင်တဲ့ မြို့ဖြစ် တဲ့အတွက် မြို့ အဝင်အထွက်နားမှာ ဒီလိုအမှိုက်ပုံကြီး ရှိနေတာက မသင့်တော်ဘူးလေ၊ကျနော်တို့က ဒီအမှို က်ပုံကြီးကို ရှင်းဖို့အတွက်ကားကြီးနဲ့လည်း ကလော်ပစ်ရတယ်၊ လူအား စက်အားနဲ့ စေတနာ အရင်းခံပြီး လုပ်ကြပါတယ်” ဟု ဦးစိုင်းကိန်ဆိမ်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပင်လုံမြို့ သာယာလှပရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ပြည်သူများကလည်း အမှိုက်များကို စနစ်တကျ စွန့်တတ်ရန် ရည်ရွယ်ပြီး ပင်လုံမြို့သူ/မြို့သား အချို့ လာရောက်စွန့်ပစ်တဲ့ အမှိုက်ပုံကြီးကို ရှင်းလင်းဆောင်ရွက်ခြင်းဖြစ်သည်ဟုသိရသည်။
“အဓိကကတော့ ကျနော်တို့ ပင်လုံမြို့ကြီး သာယာလှပဖို့နဲ့ ပြည်သူတွေကလည်း အမှိုက်ကို စနစ်တကျ စွန့်တတ်အောင် ဆိုပြီးကျနော်တို့ ရည်ရွယ်ပါတယ်၊ အမှိုက်ကို သတ်မှတ်ထားတဲ့ နေရာတိုင်း စွန့်ပစ်ရင် မြို့ကြီးက သာယာလှပလာမှာလေ၊ အဲ့ကြောင့် ပြည်သူများအားလုံးကို အမှိုက်ကို သတ်မှတ်ပေးထားတဲ့ နေရာမှာပဲ စနစ်တကျစွန့်ပစ်ကြဖို့ ကျနော်တိုက်တွန်းလိုပါတယ်” – ဟု ၎င်းက ပြောသည်။
ပင်လုံမြို့အနီးအနား ပတ်ဝန်းကျင်တွင် – ပင်လုံမြို့ မြောက်ဘက်အထွက်လမ်း ဆိုင်းဘုတ် အနီး တစ်နေရာ၊ အလံတစ်ရာဘုန်းကြီးကျောင်းအနီးအတွင် တစ်နေရာ၊ မွေတော်ဟိုနား ကျောင်းတိုက် ပင်လုံတက္ကသိုလ် အနီးတွင်တစ်နေရာ၊ မြို့တောင်ဘက်ခြမ်း ဝမ့်အင်ရွာအနီး ကြက်ခြံအနီးတွင်တစ်နေရာ စည်းမဲ့ကမ်းမဲ အမှိုက်ပစ်ကြသည်ဟုသိရသည်။ လက်ရှိတွင် အမှိုက်ပစ်ရန် မြို့မြောက်ဘက် လဲချားအသွားလမ်း ၁၀ မိုင်ကုန်းတွင် နေရာသတ်မှတ်ပေးထား သည်ဟုဆိုသည်။












Leave a Comments