ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။
ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ် မြန်မာ့နိုင်ငံရေး ပြဿနာသည် ယနေ့တိုင် ဖြေရှင်းရန် ခက်ခဲနေဆဲ ဖြစ်သည်။
ထင်ရှားစွာ ဆိုရပါမူ စစ်ပြီးကာလ လွတ်လပ်ရေးနှင့်အတူ အားကောင်းလာသည့် “ဗမာအမျိုးသားရေးဝါဒ”နှင့်တကွ ဗိုလ်ချုပ်အောင်ဆန်း၏ “ပြည်ထောင်စုမူ”သည် ယနေ့ မြန်မာနိုင်ငံ အခြေအနေကို ပြဋ္ဌာန်းနေခြင်း ဖြစ်သည်။
မြန်မာပြည် ပြဿနာက ဘာလဲ
သျှမ်းပြည် အပါအဝင် မြန်မာ့နိုင်ငံရေး ပြဿနာသည် နက်နဲရှုပ်ထွေးလှသည်ဟု ပညာရှင် ဆိုသူများက ပြောလေ့ရှိသည်။ အဓိက ပြဿနာ အဖြစ် နိုင်ငံရေးတွင် စစ်တပ် ပါဝင်မှု (ဝါ) စစ်အာဏာရှင် စနစ်ဟု ဆိုကြသည်။
ယင်းယူဆချက်ဖြင့်ပင် ဆယ်စုနှစ်များစွာ စစ်တပ်ကို တော်လှန်နေရာ ပြည်တွင်းစစ် သွေးချောင်းစီးနေဆဲ ဖြစ်ပြီး လက်ရှိ အချိန်အထိ စစ်တပ်သည် နိုင်ငံတော် အာဏာကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။
၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်သည် အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်း ကျင့်သုံး၍ အာဏာဆုပ်ကိုင်ခဲ့ရာ မည်သည့် အခါကမျှ လူထု ထောက်ခံမှု ကြီးကြီးမားမား ရေရှည် မရရှိခဲ့ပေ။
သို့ဆိုလျှင် စစ်တပ်သည် လူထုထောက်ခံမှု ကြီးကြီးမားမား မရှိပါဘဲ အဘယ်ကြောင့် နိုင်ငံတော် အာဏာကို အချိန်ကာလ ကြာရှည်စွာ စွဲကိုင်ထားနိုင်သည်ကို အဖြေရှာရန် လိုအပ်လာပြီ ဖြစ်သည်။
၁၉၄၇ ခုနှစ် လွတ်လပ်ရေး အကြိုကာလမှ စတင်ခဲ့သည့် ပြည်တွင်းစစ်မီးသည် ကာလ ရှည်ကြာစွာ ယခုတိုင် တောက်လောင်နေသည်မှာ တော်လှန်သူများ၏ ရေရှည်အမြင် မည်မျှ ချို့တဲ့သည်ကို ညွှန်းဆိုနေသည်။
စစ်တပ်၏ နိုင်ငံရေး ရည်မှန်းချက်သည်လည်းကောင်း၊ ဗမာ အပါအဝင် တော်လှန်နေသူများ၏ နိုင်ငံရေး ရည်မှန်းချက်သည်လည်းကောင်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟု ဆိုကြသည်။
များစွာ ရယ်မောဖွယ် ကောင်းသည်မှာ စစ်တပ်နှင့် တော်လှန်သူတို့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဦးတည်ချက် တူညီနေပါလျှက် ရေရှည်စစ်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ကာလကြာရှည်လေ့ရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား လေ့လာမည် ဆိုပါက စကားရပ်ဆိုင်ရာ အငြင်းပွားမှုများဖြင့် လုံးခြာလည်နေသည်ဖြစ်ရာ ဆွေးနွေးဖက် နှစ်ဘက်စလုံး ပြဿနာ ပြေလည်မည်ကို စိုးရိမ်နေသည်လား ဆိုသည်မှာ စဉ်းစားဖွယ် ဖြစ်သည်။
ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုနှင့်တကွ ဆန္ဒစွဲများအား ဘေးဖယ်၍ အဖြေရှာပါမူ မြန်မာပြည် ပြဿနာသည် ပြည်ထောင်စု စုဖွဲ့မှု ပြဿနာသာ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်ရမည် ဖြစ်သည်။
အမည်ခံ ပြည်ထောင်စု
၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း အတောက်ပဆုံး ကာလတွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်သည် တောင်တန်းဒေသရှိ လူမျိုးစု ခေါင်းဆောင်များအနေဖြင့် “ရေရှည် ငြိမ်းချမ်းရေး ဖွံ့ဖြိုးမှု မဟာဗျူဟာ” ရှုထောင့်မှ စဉ်းစားတွက်ချက်သည်ထက် ပုဂ္ဂိုလ်ရေး ယုံကြည်မှုအရ ချုပ်ဆိုခဲ့သည့် စာချုပ်သာ ဖြစ်သည်ဟု ယုံကြည်ဖွယ်ရာ အကြောင်းများစွာ ရှိခဲ့သည်။
ပင်လုံစာချုပ်ပါ အချက်များသည်လည်း ပြည်ထောင်စု ဖွဲ့စည်းမည် ဆိုသည့် အပေါ်ယံ သဘောတူညီချက်သာ အဓိက ဖြစ်သည်။
တဖက်တွင်မူ ပထဝီ နိုင်ငံရေးအရ အာဏာ၏ ဗဟိုချက်သည် ဧရာဝတီ မြစ်ဝှမ်းမှသည် ရန်ကုန် ဆိပ်ကမ်း ဆီသို့သာ ဖြစ်နေရာ မဟာဗျူဟာအရ လူလည်ကျသည် စာချုပ်ဟု ဆိုရမည်။
ယင်းသို့ တောင်တန်းနှင့် ပြည်မ မဟာဗျူဟာအရ တန်းတူညီမျှ မည်သို့မျှ မဖြစ်နိုင်သည့် ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် လအနည်းငယ် အကြာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်။
ယင်းနောက် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ကာလမှ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းသည်အထိ အုပ်ချုပ်ခဲ့သည့် ဖဆပလ အစိုးရ ကာလတွင်လည်း သျှမ်းပြည်နယ်လွှတ်တော် အပါအဝင် ထိုစဉ်က လွှတ်တော်အစည်းအဝေးများတွင် ပင်လုံစာချုပ်ပါ အချက်များ အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆွေးနွေးရင်း အချိန်ကုန်ခဲ့ရပြန်သည်။
သို့သော် မည်သည့် ရလဒ်မှ ထွက်ပေါ်လာခြင်း မရှိပါဘဲ သွေးချောင်းစီးရန် အားဖြည့်ပေးသည့် သဘောသာ သက်ရောက်ခဲ့လေရာ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းမှုမှသည် ယနေ့တိုင် သွေးချောင်းစီးနေဆဲ ဖြစ်သည်။
ပင်လုံစာချုပ်ပါ အသုံးအနှုန်းအရ ပေါ်ပေါက်လာသည့် မြန်မာ ပြည်ထောင်စုသည် အနှစ်သာရ အရ မည်သည့်အခါကမျှ ပြည်ထောင်စု အဖြစ် ပေါ်ထွန်းခဲ့ခြင်း မရှိပါဘဲ “အမည်ခံ ပြည်ထောင်စု”သာ ဖြစ်ခဲ့ရသည်။
စစ်တပ်သည် ၎င်းတို့ ရေရှည် ရပ်တည်ရေးအတွက် နယ်မြေနှင့် သယံဇာတ လိုအပ်ချက်ကြောင့် ပြည်ထောင်စု ဆိုသည့် ကတ္တီပါ လက်အိပ်ကို စွပ်ထားသည်သာ ဖြစ်သည်။
တော်လှန်သူ ဗမာ အပါအဝင် တိုင်းရင်းသားများ အနေဖြင့်လည်း နိုင်ငံတကာ ထောက်ခံမှုရရေး အတွက် နိုင်ငံကြီးများ အလိုကျ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုသည့် ရည်မှန်းချက်ကို ပြည်ထောင်စု ဆိုသည့် ဘောင်အတွင်းမှသာ တောင်းဆိုနေသည်မှာ အစဉ်အလာကဲ့သို့ ယနေ့တိုင် ဖြစ်နေသည်။
ထို့အတူ လူထုထောက်ခံမှု ရရှိထားသည့် NLD ပါတီသည်လည်း စစ်တပ်နှင့် အသံတူသည့် ပြည်ထောင်စုမူဘောင် အတွင်း၌သာ ကပြ အသုံးတော်ခံနေသည်မှာ ယနေ့ သွေးချောင်းစီးနေသည့် ကာလအထိတိုင် ဖြစ်သည်။
ပြည်ထောင်စုဖွဲ့မှု ပြဿနာ အဖြေရှာပါ
မြန်မာပြည် ပြဿနာသည် လူမျိုးစုများစွာဖြင့် ဖြေရှင်းရန် ရှုပ်ထွေး ခက်ခဲနေသည်ဟု ထင်မြင်ကြသည်မှာ စစ်တပ် ပုံဖော်ထားသည့် ဇာတ်ညွှန်းကြောင့်သာ ဖြစ်သည်။
ရေရှည် တည်မြဲသည့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်သည့် ယခု ဖြစ်ပွားနေသည့် သွေးချောင်းစီးမှုများ တဖြည်းဖြည်း လျော့ပါး၍ ရပ်တန့်သွားရန် ဆိုပါမူ ပြဿနာ စတင်ခဲ့သည့် ၁၉၄၇ ခုနှစ် အခင်းအကျင်းဆီသို့ ပြန်သွားရန် လိုအပ်ပါသည်။
ထို့ထက် ရှင်းလင်းစွာ ဆိုရပါမူ ပြဿနာ၏ မူလဖြစ်သည့် ပင်လုံစာချုပ် (ဝါ) အမည်ခံ ပြည်ထောင်စု စာချုပ် မချုပ်မီ ပထဝီ အခင်းအကျင်း ဖြစ်သည့် တောင်တန်း- ပြည်မ ပုံစံ ပြန်သွားရန် လိုအပ်ပါသည်။
ယင်းသို့ ပြုနိုင်ရန်မှာ လက်ရှိ ဖြစ်တည်မှုအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် နှစ်ပေါင်းများစွာ အကောင်အထည် မဖော်နိုင်ခဲ့သည့် ပင်လုံစာချုပ်အား ဖျက်သိမ်းကြောင်း ကြေညာနိုင်သည့်နည်းတူ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ကိုယ်စားပြု တိုင်းရင်းသားများ အနေဖြင့် စာချုပ်မှ နှုတ်ထွက်ကြောင်း ကြေညာနိုင်ပါသည်။
ထို့ထက် ရှင်းလင်းစွာ ဆိုရပါမူ တောင်တန်း-ပြည်မ တန်းတူညီမျှရေး ဆိုသည့် စိတ်ကူးယဉ် အတွေးအခေါ်အား အပြီးတိုင် ပယ်သတ်၍ ပင်လုံစာချုပ်အရ တည်ရှိနေသည့် အမည်ခံ ပြည်ထောင်စုအား အဆုံးသတ်စေလိုရင်း ဖြစ်သည်။
ယင်းသို့ ပြည်ထောင်စုဖွဲ့မှု ပြဿနာကို ဖြေရှင်းပါမူ ဘေးထွက် ဖြစ်စဉ်ဖြစ်ရပ် များစွာနှင့်တကွ ပြဿနာများစွာ ပေါ်ပေါက်လာမည် ဖြစ်သော်လည်း NUG အနေဖြင့် ပြည်မ လွတ်မြောက်ရေးကို အားစိုက် ဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ ဘေးထွက်ထိုင်နေသည့် တိုင်းရင်းသား တော်လှန်ရေးတပ်များ အနေဖြင့် စစ်ကောင်စီကို မဖြစ်မနေ တော်လှန်ရတော့မည်သာ ဖြစ်သည်။
ထို့အတူ တိုင်းရင်းသား တော်လှန်ရေးတပ်များ အချင်းချင်း နယ်မြေနှင့် အုပ်ချုပ်ရေး ကိစ္စ ပွတ်တိုက်မှုများစွာ ပေါ်ပေါက်လာမည် ဖြစ်သော်လည်း ရေရှည်တွင် မဖြစ်မနေ ညှိနှိုင်း ဖြေရှင်းနိုင်မည်သာ ဖြစ်သည်။
စစ်တပ်ဘက်မှမူ ပြည်ထောင်စု မပြိုကွဲရေး ဆိုသည့် မူကို ဆက်လက်စွဲကိုင်ရင်း တိုင်းရင်းသား ဒေသများအား ဆက်လက် စိုးမိုးနိုင်ရေး မနိုင်ဝန်ကို ထမ်းရတော့မည် ဖြစ်ရာ ရေရှည်တွင် ပြိုကွဲမည်သာ ဖြစ်သည်။
ဤနေရာတွင် တောင်တန်း-ပြည်မ မျှတရေး ရည်ရွယ်သည့် “ဖက်ဒရယ် ယူနစ်များ ဖော်ဆောင်၍ အာဏာ ထိန်းညှိရေး” ဆိုသည်မှာ နိုင်ငံရေးအရ စိတ်ကျန်းမာရေး ချို့တဲ့နေသူများ၏ အတွေးအကြံသာ ဖြစ်ပြီး မည်သို့မျှ ဖြစ်နိုင်ဖွယ် မရှိသည်ကို နားလည်ရန် လိုအပ်လှသည်။
တရုတ်နှင့် နိုင်ငံကြီးများ
တော်လှန်ရေး ဦးဆောင်သူများတွင် လွဲမှားသည့် မဟာဗျူဟာ အမြင်များ ရှိနေသည်မှာ ကာလကြာရှည်လှပြီ ဖြစ်သည်။
အထင်ရှားဆုံး သာဓကတစ်ခုမှာ တရုတ်သည် မြန်မာပြည်ထောင်စု ပြိုကွဲမည်ကို မလိုလား၊ အဘယ်ကြောင့် ဆိုသော် စီမံကိန်းများ ဖော်ဆောင်ရာတွင် နိုင်ငံ အများအပြားနှင့် ညှိနှိုင်းလိုခြင်း မရှိ၍ ဆိုသည့် ကိစ္စဖြစ်သည်။
ဤသည်မှာ အပြည့်အဝ မမှန်ကန်ပေ၊ လက်ရှိတွင်လည်း KIA နှင့် AA ကဲ့သို့ တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ညှိနှိုင်းနေရသည်သာ ဖြစ်သည်။
တရုတ်နိုင်ငံ အမှန်တကယ် စိုးရိမ်သည်မှာ ဗမာ ပြည်မကြီးသည် နိုင်ငံတစ်ခု အနေဖြင့် ရပ်တည်ပြီးနောက် အမေရိကန်နှင့် စစ်ရေး မဟာမိတ် ဆက်ဆံရေး တည်ဆောက်လာမည့် ကိစ္စကိုသာ စိုးရိမ်ခြင်း ဖြစ်သည်။
ပို၍ ရှင်းလင်းစွာ ဆိုရပါမူ လက်ရှိ မြန်မာ ပြည်ထောင်စု ဆိုသည့် အနေအထားကြောင့် တရုတ် အနေဖြင့် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား တော်လှန်ရေးတပ်များအား ကိုင်ကစား၍ နေပြည်တော်အား ဖိအားပေး လိုရာပုံသွင်းနိုင်ခြင်း ဖြစ်ပြီး မြန်မာပြည်ထောင်စု ပြိုကွဲပါမူ တရုတ်အနေဖြင့် ယင်းအခြေအနေကို စွန့်လွှတ်ရတော့မည် ဖြစ်သည်။
ပြိုကွဲ ပြည်ထောင်စု အနေဖြင့် ပေါ်ပေါက်လာမည့် ဗမာနိုင်ငံသစ်သည် အမေရိကန်နှင့် ပူးပေါင်းပါမူ ရေရှည် မဟာဗျူဟာအရ တရုတ်နိုင်ငံ အတွက် လုံခြုံမှု ရှိတော့မည် မဟုတ်ပေ။ မဟာဗျူဟာ အရ ဆိုပါမူ တရုတ်အနေဖြင့် စိုးရိမ်သင့် စိုးရိမ်ထိုက်သည်သာ ဖြစ်သည်။
ထို့အပြင် တရုတ်နှင့် အမေရိကန်သည် မဟာဗျူဟာမြောက် စီးပွားဘက်များသာ ဖြစ်ပြီး ၄င်းတို့ စီးပွားရေးအရ အသာစီးရရေး ကြိုးပမ်းမှုများတွင် နိုင်ငံငယ်များ အရေးသည် အပေးအယူ အသုံးချခံများသာ ဖြစ်သည် ဆိုသည့် အချက်ဖြစ်သည်။
နိုင်ငံတော်သစ်များ
အဆက်ဆက်သော တော်လှန်ရေး ဦးဆောင်သူများ၏ အမေရိကန် ဦးထိပ်ထားသည့် ပြည်ထောင်စု မပြိုကွဲရေး ပေါ်လစီ အမှားကြောင့် တော်လှန်ရေးသည် နှစ်ပေါင်းများစွာ အဓွန့်ရှည်လာရာ လက်ရှိတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
ယင်းသို့ တော်လှန်ရေး ဦးဆောင်သူများက အမေရိကန် ဦးထိပ်ထားနေစဉ် ဝါရှင်တန်နှင့် နေပြည်တော်သည် ယခင် ဆယ်စုနှစ် များစွာက ကဲ့သို့ပင် အစဉ်အလာမပျက် ချစ်ခင်လျှက်ရှိသည် ဆိုသည့် အချက်သည် ခါးသီးလှသည့် အမှန်တရားသာဖြစ်ရာ သတိပြုရန် လိုအပ်လှသည်။
ဤသို့ဖြင့် တော်လှန်သူများ၏ ရိုးရာမပျက် အမှားပေါ် အမှားဆင့်နေသည့် ပေါ်လစီများကြောင့် လက်ရှိ ကာလတွင်ပင် ပြည်သူ ထောင်ပေါင်းများစွာ ကြွေလွင့်ခဲ့ရပြီး ဖြစ်သည်။
လူ့ဘဝ၏ အနှစ် အရသာသည် ငြိမ်းချမ်းသာယာစွာဖြင့် ဆင့်ကဲ ဖွံ့ဖြိုးမှု၏ အသီးအပွင့်များကို ခံစားရန်သာ ဖြစ်ပြီး အမည်ခံ ပြည်ထောင်စုကို ကာကွယ်ရန် မဟုတ်ပေ။
တန်းတူ မျှတ လွတ်လပ်သည့် ပြည်ထောင်များအား စုဖွဲ့လိုပါလျှင် ပြဿနာ၏ အရင်းအမြစ်ဖြစ်သည့် မမျှတသည့်၊ ဖြစ်နိုင်ဖွယ် မရှိသည့် တဖက်သတ် ပြည်ထောင်စုမူအား ရဲရဲဝံ့ဝံ့ စွန်လွှတ်ရန် လိုအပ်ပြီး ဘုံအကျိုးစီးပွား တည်ဆောက်နိုင်သည့် ဥရောပသမဂ္ဂ ကဲ့သို့ အကျိုးတူ ကြည်ဖြူစွာ စုစည်းရန်သာ ဖြစ်သည်။
မည်သို့ပင် ဖြစ်စေကာမူ ကြိမ်ဖန်များစွာ သံသရာလည်နေသည့် ပြည်တွင်းစစ်ကြီး ပြီးဆုံးနိုင်ရေး ဆိုသည်မှာ သက်ဆိုင်ရာ တော်လှန်ရေး ခေါင်းဆောင်များ အနေဖြင့် အမည်ခံ ပြည်ထောင်စု ဖျက်သိမ်းရေး ဆိုသည့် ခါးသက်လှသည့် ဆေးဝါးအား သောက်သုံးမည် မသောက်သုံးမည် ဆိုသည့် အချက်ပေါ် မူတည်လှသည် ဖြစ်ရာ … ။
အတွေးအမြင် ဆောင်းပါးကို ခွန်နောင်ရေးသားသည်။












Leave a Comments