Friday, April 26, 2024

ကုန်ဈေးနှုန်းမြင့်သည့်အပေါ် အခက်အခဲများစွာရင်ဆိုင်နေရ

Must read

စစ်အာဏာသိမ်းပြီးနောက် ကိုဗစ် – ၁၉ တတိယလှိုင်းဖြစ်ပွားလာပြီး စားသောက်ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ကျန်းမာရေး ကုသမှု ခက်ခဲခြင်းများ ရှိသည့်အတွက် ပြည်သူများစွာ အခက်ခဲ ရင်ဆိုင်ကြုံတွေ့နေရကြောင်းစုံ စမ်းသိရသည်။

မြန်မာနိုင်ငံသည် လက်ရှိ ကူးစက်မှုနှုန်းမြန်ဆန်ပြီး သေဆုံးမှုနှှုန်းများသည့် ကိုဗစ်-၁၉ တတိယလှိုင်း ကို ပြည်သူများ ကိုယ်ထူကိုယ်ထ နေအိမ်မှာ ကုသပြီး၊ အစားအသောက် နှင့် ဆေးဝါးကို အလုအယက်ကြိုဝယ်နေရပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း သျှမ်းပြည်လူထုများက ပြောဆိုသည်။

“တစ်ချို့ ဆေးဆိုင်တွေက ပိတ်ထားတယ်။ ဖွင့်တဲ့ဆိုင်က သိပ်မရှိတော့ တစ်ချို့က ကြိုမှာတာတွေရှိတယ်။ တစ်ချို့က တန်းစီပြီး အလှည့်ကျ ဝယ်ရတာတွေရှိတယ်” ဟု သီပေါ ဒေသခံ တစ်ဦးကပြောသည်။

လက်ရှိ သျှမ်းပြည်တွင်လည်း အခြေခံ စားသောက်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ဆား ကြက်ဥဈေးတို့လည်း သိသိသာသာ မြှင့်တက်လာပြီး၊ ကြက်ဥဈေး ယခင်က ၁ လုံး (၁၂၀) မှ ယခုဈေး တစ်လုံး (၁၇၀) အထိ ရုတ်တရက် ဈေးတက်လာကြောင်း သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နေထိုင်သည့် အသက် (၂၅)နှစ်အရွယ် အမျိုးသမီး က ဆိုသည်။

“ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်။ ကြက်ဥဆို အရင်က တစ်လုံး (၁၀၀) လောက်ဝယ်ရတာ။ ခုဆို (၁၇၀) လောက် ပေးဝယ်နေရတယ်” ဟု အသက် (၂၅) ဝန်းကျင် အမျိုးသမီး ကပြောပါတယ်။

stay at home သတ်မှတ်ထားသည့်နယ်မြေဖြစ်သည့်အလျောက် အစားအသောက် ရှာဖွေစားသောက်ရန် ခက်ခဲပြီး၊ အခြေခံလူတန်းစားများဖြစ်သည့် နေ့စားများအတွက် လက်ရှိအချိန်ကာလသည် အလွန်ပင် ခက်ခဲသည့်အချိန်ပင်ဖြစ်ကြောင်းသိရသည်။


“လက်လုပ်လက်စားတွေက ကိုဗစ် ကြောင့် အပြင်မှာ အလုပ်ကောင်းကောင်း ထွက်လုပ်လို့မရ။ အိမ်တွေ တော်တော်များများ အပြင်လူတွေ အဝင်မခံပါတော့ဘူး။ ကုန်ဈေးနှုန်းတွေ တက် ကျန်းမာရေး ပညာရေး နှောင့်နှေးကုန်ပြီ။ မဖြစ်မနေ အလုပ်ထွက်လုပ်ရပေမယ့် စိုးရိမ်မှုတွေလည်း များတယ်။” ဟု အသက် (၄၀) ဝန်းကျင် မိုင်းကိုင် ဒေသခံ အမျိုးသား တစ်ဦး ကပြောပါတယ်။

ယခုရောဂါ ဖြစ်ပွားမှုနှုန်း တိုးများလာချိန်မှာ နေအိမ်တွင်သာ နေထိုင်ခြင်းသည် ကူးစက်မှုနှုန်း လျော့နည်းပေမယ့် စားဝတ်နေရေးအတွက် မဖြစ်မနေ အပြင်ထွက်ပြီး အလုပ်လုပ်ခဲ့ရသူများလည်းရှိကြောင်းသိရသည်။

“ရောဂါ ကြောက်ပြီး နေအိမ်မှာ နေချင်ပေမယ့် စားဝတ်နေရေးအတွက် ထွက်ပြီး အလုပ်လုပ်ရအုံးမှာပဲ” ဟု တောင်ကြီးဒေသခံ အမျိုးသမီး ဈေးသည် တစ်ဦး ကပြောသည်။

ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်မှာ သျှမ်းပြည်လူထု အများအပြားခံရပြီး သေဆုံးမှုနှုန်းလည်း မြင့်တက်နေသော်လည်း တချို့ မှာ စားသောက်ကုန်ကို အဆမတန်ဈေးမြင့်ရောင်းချနေသည့်အပေါ် အလွန်ပင် စိတ်မကောင်းကြောင်း သျှမ်းလူထုက ပြောဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article