Tuesday, May 7, 2024

သျှမ်းပြည်မြောက်ပိုင်းရောက် ရခိုင်ပြန် ရဲမိသားစုဝင်များ ကိုဗစ် -၁၉ အများအပြားတွေ့

Must read

သျှမ်းပြည် မြောက်ပိုင်းအတွင်းတွင် ပြောင်းလာသည့် ရခိုင်မှ ရဲဝန်ထမ်များနှင့် မိသားစုဝင်များ ကိုဗစ် -၁၉ ပိုး အများအပြားတွေ့ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၅ ရက်တွင် ရခိုင်ပြည် မောင်တောဒေသမှ သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့သို့ ပြောင်းရွှေ့ လာသည့် ရဲနှင့် မိသားစုဝင် ၃ ဦးတို့တွင် ကိုဗစ်- ၁၉ ပိုးစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ရဲ နှင့် မိသားစုဝင်များသည် နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက်ရှိ အ.မ.က (၆) ပညာရေးကျောင်းမှာ ကွာရန် တင်းဝင်ထား သူများဖြစ်ကြပြီး ၎င်းတို့နဲ့ ထိစပ်သူ အယောက် (၂၀)နီးပါး ရှိခဲ့ကြောင်း သိရသည်။

“ ကွာရန်တင်း ထားတာက အမက ၆ မှာပါ၊ တခြားကွာရန်တင်းဝင်ထားတဲ့ ရဲတွေလည်း ရှိနေတယ်၊ ပြီးတော့ အဲ့မှာကွာရန်တင်းဝင်ထားသူတွေကို ရဲအချင်းချင်းပဲ ဂရုစိုက်ကြတယ်ဆိုတော့ အခုပိုးတွေ့တဲ့ ရဲမိသားစုနဲ့ ထိတွေ့သူက ၂၀ လောက်ရှိတယ်” ဟုနမ့်ဆန်မြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်ရဲစခန်းမှ (ရခိုင်ပြန်) ရဲဝန်ထမ်း (၄)ဦး ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် မြို့တော်ခန်းမမှာ အသွား အလာကန့်သတ်ထားသည့် ရဲဝန်ထမ်း (၁၂)ဦးတွင်လည်း ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်နှင့် အခြားဒေသမှ ကျောက်မဲမြို့နယ် အတွင်း ပြောင်းရွှေ့တာဝန်ကျလာသော ရဲတပ်ဖွဲ့ဝင်များ ကို ကျောက်မဲမြို့ရှိ မြို့တော်ခန်းမ၊ မိုးလုံလေလုံခန်းမ၊မြို့မရဲစခန်းနှင့် နောင်ပိန်ရဲစခန်းတို့တွင် အသွားအလာ ကန့်သတ်ထားသည့် ရဲတပ်ဖွဲ့အင်အား (၁၃၀) ခန့်ရှိကြောင်း ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်း အတွင်း ကိုဗစ် -၁၉ တတိယလှိုင်း ကူးစက်ပျံ့နှံ့မှုတွင် ဌာနဆိုင်ရာမှ ဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်များလည်း ကိုဗစ် -၁၉ ကူးစက်ခံနေရပြီး ကူးစက်ခံရသည့် ရဲတပ်ဖွဲ့ဝင်များအနက် ရခိုင်ပြည်မှ ပြောင်းရွေ့ပြန်လာသည့် ရဲမိသားစုဝင်များနှင့် ၎င်းတို့ကို ထိတွေ့မှုရှိသူများက ကူးစက်ခံရမှု များနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article