လင်းခေးပြည်သူများ မိမိအစီအစဉ်ဖြင့် အောက်ဆီဂျင်စက်ဝယ်ယူမည်

0

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်တွင် ပြည်သူများကိုယ်ထူကိုယ်ထစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကို ကုသရန်အတွက် အောက်ဆီဂျင်စက်ကို ဝယ်ယူမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Photo Credit to လင်းခေးသူ လင်းခေးသားတို့စုစည်းရာ- လင်းခေးမြို့အလှမြင်ကွင်း

ထိုအောက်စီဂျင်စက်ကို လင်းခေးမြို့တွင် တည်ထောင်ထားမည်ဖြစ်ကြောင်း၊ ထိုအောက်ဆီဂျင်ကို ခရိုင်အတွင်းရှိ လိုအပ်နေသည့်လူနာများကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မိုင်းပန်မြို့နယ်ဆေးရုံမှ သူနာပြုဆရာမ နန်းဆီနွမ်းက ပြောသည်။

ထိုအောက်ဆီဂျင်စက်ကို ဝယ်ယူရာတွင် မည်သည့် အစိုးရလက်အောက်ဖြင့်ဝယ်ယူခြင်းမဟုတ်ကြောင်း၊ ပြည်သူများနှင့် သံဃာတော်တွေ စုပေါင်းပြီးဝယ်ခြင်းဖြစ်သည်ဟု ဆရာမ နန်းဆီနွမ်းက ဆိုသည်။

“ ကျမတို့ခုတော့မဝယ်ရသေးဘူး။ ဘယ်ဌာနအောက်ကနေဝယ်တာမဟုတ်ဘူး။ ကျမတို့ ပြည်သူတွေ သံဃာတော်တွေ စုပေါင်းပြီးလှူဒါန်းထားတဲ့ ပိုက်ဆံနဲ့ဝယ်သွားမှာပါ။ ပြီးတော့စက်ကိုတော့ လင်းခေးမှာပဲထားမယ်။ ပို့ဆောင်ရတာ လွယ်အောင်လို့” ဟု မိုင်ပန်မြို့ နမ့်ခုံးပရဟိတအသင်းခွဲတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေသည့် ဆရာမ နန်းဆီနွမ်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် အလှူငွေလုံလောက်မှုမရှိသေးသောကြောင့် ဝယ်ယူရန် အဆင့်သင့်မဖြစ်သေးကြောင်း ဆရာမ နန်းဆီနွမ်းက ဆိုသည်။

“ အလှူငွေ တွေကတော့ ပြည်သူတွေနေ့တိုင်းလှူလာပေးတယ်။ အောက်ဆီဂျင်စက်က သိန်း ၁၀၀၀ လောက်ရှိတယ်။ အလှူငွေမလုံလောက်သေးတော့ ကျမတို့ မဝယ်နိုင်သေးဘူး။ ငွေပမာဏပေါ်မူတည်တယ်ပေါ့နော်။” ဟု ဆရာမ နန်းဆီနွမ်းကဆိုသည်။

လင်းခေးခရိုင်အတွင်း ယမန့်ဇူလိုင် ၂၂ ရက်နေ့ထိ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ ၉၀ ဦးထိရှိလာနေပြီး၊ ရောဂါ ကာကွယ်နိုင်ရန်အတွက် လင်းခေးမြို့မဈေးကိုလည်း (၁၀) ရက်ပိတ်ထားကြောင်းသိရသည်။

Leave a Comments