လားရှိုးမြို့အောက်စီဂျင်ပန့်စက် စတင်လည်ပတ်တော့မည်

0

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ အတွက် အောက်စီဂျင်ပန့် စက်ကြီး (၂)လုံးရောက်ရှိလာပြီး မနက်ဖြန် ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ကာ စက်ကြီးအား လည်ပတ်သွားမည် ဖြစ်ကြောင်း စုံစမ်းသိရသည်။

အောက်စီဂျင်ပန့်ကြီးသည် ပေ ၂၀ ရှိ ကွန်တိန်နာကြီးထဲတွင် အသင့်တပ်ဆင်ထားပြီး အောက်စီဂျင်များကို တစ်ခါတည်း ဖြည့်ပေးနိုင်သည့် စက်ဖြစ်ကြောင်း ၊ထိုစက်သည် အများပြည်သူ ထည့်ဝင်လှူဒါန်းထားသည့် အလှူငွေဖြင့် ဝယ်ယူထားကြောင်း လားရှိုးမြို့ပိုင် အောက်စီဂျင်ဖြည့်တင်းသည့်စက် ရရှိရေး ကော်မတီမှ ဦးဆောင်သူ ကိုသိန်းမင်းထွန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စက်ကတော့ ကွန်တိန်နာထဲမှာ တစ်ခါတည်း အပြီးတပ်ဆင်ထားပြီးတဲ့ စက်ပါ။၊ ဒီဖက်မှာ မီးပလပ်ထိုး လိုက်တာနဲ့ တစ်ခါတည်း အောက်စီဂျင်ကို ဖြည့်တင်းပေးနိုင်တဲ့စက်ပေါ့၊ ကျနော်တို့ဝယ်ယူထားတဲ့စက်က ၂၄ နာရီပတ်လုံးလည်ပတ်မယ်ဆိုရင် တစ်နေ့ကို ၇ လီတာအိုးပေါင်း ၇၂ ထုတ်နိုင်မယ်ဗျ၊ စက်က နှစ်လုံးရှိတာဆို တော့ ၁၁၄ အိုးတော့ ထုတ်နိုင်ပါတယ်” ဟု ကိုသိန်းမင်းထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လားရှိုးမြို့ပိုင် အောက်စီဂျင်ပန့်ကြီး နှစ်လုံးကို ဝယ်ယူရရှိရန်အတွက် ၎င်းကိုယ်တိုင် ဦးဆောင်ပြီး အလှူငွေကောက်ခံပြီး စက်ကြီး အပြင် အောက်စီဂျင်ဗူး ၁၀၀ ဗူးနှင့် တွဲဖက် အသုံးပြုရသည့် ပစ္စည်းများကို လည်း ဝယ်ယူရရှိကြောင်း ၎င်းကပြောသည်။

လားရှိုးမြို့ပိုင် အောက်စီဂျင် ပန့်ကြီးနှစ်လုံးကို လားရှိုးမြို့ နားမခေါ် အဝေးပြေး ကားကြီးဝင်း အရှေ့ လမ်းကြားက အထည်ချုပ် စက်ရုံအတွင်းတွင် ထားရှိပြီး မနက်ဖြန် ဇူလိုင်လ ၂၃ ရက် စတင်ကာ စက်ကြီးကို စတင်လည်ပတ်ပြီး လားရှိုးမြို့ ပြည်သူများအတွက် အောက်စီဂျင်ကို စတင် ထုတ်ဝေ ဖြန့်ဝေပေးမည် ဖြစ်ကြောင်းလည်းသိရသည်။

“ဒီနေ့ ၁ နာရီမှာ စက်ကရောက်လာပြီ။၊ ဒီမှာစက်တွေချပြီးရင်တော့ ကျနော်တို့မြို့က အောက်စီဂျင်ပိုင်း ကျွမ်းကျင်တဲ့ ဇွဲလုအောင်က သူ့ဆီရှိတဲ့ အောက်စီဂျင်အိုးတွေနဲ့ အစမ်းဖြည့်ကြည့်ပြီးတာနဲ့ ကျနော်တို့ ပြည်သူတွေအတွက် တစ်ခါတည်း ထုတ်ဝေဖြန့်ချိသွားတော့မှာပါ၊ မနက်ဖြန်လောက်တော့ အားလုံး အဆင် သင့်ဖြစ်ပါပြီ” ဟု ကိုသိန်းမင်းထွန်းက ပြောသည်။

အောက်ဆီဂျင် ပန့် အတွက် စုစုပေါင်းကုန်ကျစရိတ် သိန်းပေါင်း ၂၀၀၀ နီးပါးခန့်ရှိပြီး လားရှိုးမြို့ပိုင် အောက်စီဂျင် စက်ကြီးမှလားရှိုးမြို့ ပြည်သူလူထုများအတွက် အခကြေးငွေမယူဘဲ အောက်စီဂျင် ဖြည့်တင်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments