Friday, April 19, 2024

မူဆယ်မြို့တွင် ၅ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း (၁၀) လောင်းတွေ့

Must read

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့မှာ ဇူလိုင်လဆန်း( ၅)ရက်သာ ကာလအတွင်း ပိုင်ရှင်မဲ့ အလောင်းကို (၁၀) လောင်း တွေ့ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့က ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းတွင် ကားလေးကွင်းအနောက်လမ်းကြား၌ သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ရပြီး ၅ ရက်အတွင်း ပိုင်ရှင်မဲ့ အလောင်း (၁၀) လောင်း တွေ့ရှိကြောင်း ဂရုဏာ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

“မနေ့က ကားလေးကွင်း အနောက်လမ်းကြားမှာ လူတစ်ယောက်လဲှနေတယ်ဆိုပြီး ပြည်သူတစ်ဦးက ဖုန်း ဆက်လာလို့ ကျနော်တို့ သွားကြည့်တော့ အသက်မရှိတော့ပါဘူး၊ သူ့ကို ကြည့်ရတာတော့ မူးယစ်ဆေးတွေ အလွန်အကျွန်သုံးပြီး သေသွားတဲ့ပုံပဲ၊ သူ့က ဘယ်သူဆိုတာ သိတဲ့သူလည်း မရှိတော့ သူကလည်း ပိုင်ရှင်မဲ့ အလောင်းပေါ့” ဟု ဂရုဏာအသင်းမှ အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ၅ ရက်တာ ကာလအတွင်း တွေ့ရသည့် ပိုင်ရှင်မဲ့ အလောင်း ၁၀ လောင်းမှာ လူသတ်မှု ကျူးလွန်းခံရသူများပါဝင်သလို မူးယစ်ဆေးကြောင့် သေဆုံးသူများလည်းရှိကြောင်း သဒ္ဓါဖြူစင် လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထိခိုက်ပွန်းပဲ့ ဒဏ်ရာတွေနဲ့လူသတ်မှု ကျူးလွန်ခံရတယ်လို့ ထင်ရတဲ့အလောင်းရှိသလို မူးယစ်ဆေးဝါးများ ကြောင့် သေဆုံးသူများလည်း ရှိပါတယ်၊ ကျနော်တို့ ကောက်ရသလောက် အများဆုံးကတော့ မူးယစ်ဆေး ကို အလွန်အကျွံသုံးမိပြီး သေဆုံးသွားတဲ့သူတွေများပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့မှ ၅ ရက်နေ့ အတွင်း တွေ့ရှိသည့် ပိုင်ရှင်မဲ့ အလောင်း (၁၀) လောင်းများသည် ယောက်ျားလေး အများစု ဖြစ်ကြသည်။

“ပိုင်ရှင်မဲ့အလောင်းတွေ အများကြီးတွေနေတယ်ဆိုတာ မူဆယ်မြို့ရဲ့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတယ်ဆိုတာ ဖော်ပြ နေတာ” ဟု ဦးအောင်နိုင်ဦး က ဆိုသည်။

မြန်မာ – တရုတ်နယ်စပ်ဖြစ်သည့် မူဆယ်မြို့တွင် စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် တရားမဝင် လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ အပြင် ခိုးဆိုးလုယက် ဓါးပြတိုက်မှုနှင့်အကြောင်း ရင်းမသိ ပစ်ခတ် သတ်ဖြတ်မှုများ ပိုမိုများပြားလာပြီး ပြည်သူများက စိုးရိမ်ထိန့်လန့်နေရကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article