သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့အခြေစိုက် စစ်တပ်အမှတ် (၂၄၇) ခြေလျင်တပ်ရင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၃) ဦးရှိနေကြောင်း စုံစမ်းသိရသည်။

“၂၄၇ ခြေလျင်တပ်ထဲမှာ အရာရှိ ၁ ဦး နဲ့ အခြားအဆင့် ၁၀ ဦးပြီးတော့ သူတို့မိသားစုဝင် ကျောင်းသား ၂ ဦး ကိုဗစ်ပိုးတွေ့တယ်လို့ ကြားမိပါတယ်၊ လားရှိုးဘက် စစ်ဆင်ရေးကနေပြန်လာတဲ့ ဗိုလ်တစ်ယောက်ဆီက ကူးတာလို့ လည်း ပြောသံ ကြားရတယ်” ဟု စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
တပ်မိသားစုဝင်မှ ကျောင်းသားများထံ ကိုဗစ်- ၁၉ ပိုးတွေ့ရှိသော်လည်း စာသင်ကျောင်းပိတ်ခြင်းမရှိသေးဘဲ ဆက်လက်ဖွင့်ထားနေဆဲဖြစ်ကြောင်းလည်း သိရသည်။
“အခုက တပ်တွင်းမှာပဲ ကိုဗစ်က ကူးနေတာ မဟုတ်တော့ဘူးလေ၊ ပိုးတွေ့တဲ့ သူတို့ သားသမီးတွေ တက်နေတဲ့ ကျောင်းကိုလည်း မကူးနိုင်ဘူးလို့ မပြောနိုင်ဘူး၊ ကျောင်းကိုပိတ်စေချင်ပါတယ်၊ ဒါပေမဲ့ အခုထိကျောင်းက ပိတ် မယ်လို့ မကြားမိဘူး၊ ဆက်ဖွင့်ထားတုန်းပဲ” ဟု နမ့်စန်မြို့ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူများအားလုံးကို ကွာရန်တင်းထားရှိပြီး ဖြစ်နေသော်လည်း နမ့်စန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ပျံ့နှံ့မှုသည် များပြားလာသောကြောင့် ဆရာ/ ဆရာမ များ နှင့် ကျောင်းသား မိဘ များက ကျောင်းများပိတ်ထားဖို့ ဆန္ဒရှိနေကြကြောင်းလည်း သိရသည်။











Leave a Comments