သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဇူလိုင် (၃)ရက် ဆေးရုံဟောင်းအတွင်း ဖွင့်လှစ်ထားသည့် ကိုဗစ်စစ်ဆေးရာနေရာသို့ လာရောက်စစ်ဆေးသူများထဲမှ အတည်ပြုလူနာသစ် (၁၀)ဦး ထပ်မံတွေ့ရှိရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဇွန်လ (၂၈)ရက်မှ ယနေ့ထိ ကိုဗစ်ရောဂါ ကူးစက်ခံရသည့်လူနာ စုစုပေါင်း (၄၅)ဦးရှိနေပြီဖြစ်သည်။
ကူးစက်လူနာ ပိုမိုများပြားလာနေသည့်အတွက် စားသောက်ဆိုင်များ အားလုံး ဆိုင်ထိုင်ရောင်းချခြင်း ခွင့်မပြုတော့ဘဲ ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုတော့ကြောင်း သိရသည်။
အလားတူ ကျိုင်းတုံမြို့တွင် ဇူလိုင်လ(၃)ရက် (ယနေ့)မနက်ပိုင်းက စစ်ဆေးရာ စည်ပင်ဝန်ထမ်း အပါအဝင် ကိုဗစ်အတည်ပြုလူနာသစ် ၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့က ကိုဗစ်ကူးစက်ခံရသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦးနှင့် ထိတွေ့မိခဲ့သူများကို RDT Test Kit ဖြင့် ထပ်မံဆေးရာမှ ကူးစက်ခံရသည့်လူနာ (၂)ဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကျိုင်းတုံမြို့တွင် ယနေ့မွန်းတည့်ချိန်ထိ ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသည့် လူနာ စုစုပေါင်း (၈)ဦးထိ ရှိကြောင်း သိရသည်။
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် ဇူလိုင်(၃)ရက် (ယနေ့)မနက်ပိုင်းက ကိုဗစ်ကူးစက်ခံထားရသည့် လူနာအမျိုးသမီးတစ်ဦး သေဆုံးသွားသည့်အတွက် သေဆုံးသူ(၄)ဦးထိရှိပြီး သျှမ်းပြည်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၂၀)ဦးကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့တွင်လည်း ယမန်နေ့က ကိုဗစ်ကူးစက်ခံရသည့်လူနာ (၂၃)ဦး ထပ်မံတွေ့ရှိခဲ့ရသည့်အတွက် ဇူလိုင် (၂)ရက်နေ့ ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ Stay at home မြို့နယ်အဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သျှမ်းပြည်မြောက်ပိုင်းတွင် လားရှိုးနှင့် လောက်ကိုင်မြို့နယ်အပါအဝင် Stay at home သတ်မှတ်ထားသည့် မြို့နယ် (၃)မြို့နယ်ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။











Leave a Comments