Saturday, May 4, 2024

စစ်ကောင်စီလက်ထက် သျှမ်းပြည် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မြန်ဆန်နေ

Must read

စစ်တပ်မှ အာဏာသိမ်းပြီးနောက် တတိယလှိုင်း ကိုဗစ် – ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု နှုန်းသည် အရင်က ထက် ပိုမိုမြန်ဆန်လာပြီး သျှမ်းပြည်အတွင်းစုစုပေါင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ တစ်ထောင် နီးပါး ရှိလာပြီး ဖြစ်ကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ လက်ထက် ဇွန်လ ၉ ရက်တွင် လားရှိုးမြို့ရှိ “အောင်” ပုဂ္ဂိလိကဆေးရုံမှ ကိုဗစ် – ၁၉ ကူးစက် ရောဂါပိုး အတည်ပြု လူနာ ၁ ဦးပထမဆုံး စတင်တွေ့ရှိပြီး ယနေ့ချိန်ထိ သျှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၇၀၀) ကျော်၊ သျှမ်းပြည် တောင်ပိုင်း (၁၀၀) ကျော်နှင့် သျှမ်းရှေ့ တာချီလိတ်မြို့တွင် ကိုဗစ် -၁၉ အတည်ပြုလူနာ (၅) ဦး ရှိလာကြောင်းသည်။

“ကျနော်တို့ မြို့မှာတော့ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ (၈) ဦး၊ ကူးစက်ခံရသူကတော့ (၃၀၀) ကျော်ရှိလာပြီးမှ သူတို့က (Stay At Home) ကြေညာပြီး စာသင်ကျောင်းကိုပိတ်ခိုင်းတယ်၊ ဒါပေမယ့်အစကတည်း နိုင်ငံရေး အခြေအနေကြောင့် ကလေးတွေကို ကျောင်းမထားလိုတဲ့ မိဘတွေရဲ့ စိတ်ခံစားချက်ကို လစ်လျှူ ရှုပြီး ကျောင်းကို အတင်းဖွင့်ခဲ့တာကိုက သံသယဝင်စရာကောင်းတယ်” ဟု လားရှိုးမြို့မှ ကျောင်းသားမိဘ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်အတွင်းကိုဗစ် – ၁၉ ကူးစက်မှု အများဆုံးစံချိန်တင်သည့် လားရှိုးမြို့မှာ ပြည်တွင်းလေကြောင်းလိုင်းနှင့် မြို့ တွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ၊ စားသောက်ဆိုင်များအချို့ကို ယာယီပိတ်ထားရပြီး Stay At Home အဖြစ် ကြေညာခံရသည့် လားရှိုးမြို့ကြီးအတွက် နိုင်ငံရေးလည့်ကွက်အရ ဖြစ်မှာ စိုးရိမ်မိ ကြောင်းလည်း ၎င်းကပြောသည်။

“စစ်တပ်က အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက် စစချင်း ကိုဗစ်က ချက်ချင်းပျံ့တာ မဟုတ်ပါဘူး လေ၊ PDF တွေ ဘာတွေ ထွက်လာမှ ကိုဗစ်က နေ့ချင်းညချင်း ကူးစက်ပျံ့နှံ့လာတာ အားလုံးလဲ မြင်ကြတဲ့ အတိုင်းပဲ၊ ကျနော်တို့ မခန့်မှန်းနိုင်တဲ့ နိုင်ငံရေးလှည့်ကွက်တွေ ပါလာမှာပဲစိုးရိမ်မိတယ်” ဟု၎င်းက ပြော သည်။

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့မှာလည်း ဇွန်လ ဒုတိယပတ်မှစတင်ပြီးရက်ပိုင်းအတွင်း စာသင်ကျောင်း များနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ အပါအဝင် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၀၀) နီးပါးတွေ့ရှိသော်လည်း ကိုဗစ်-၁၉ ကူးစက်မှုရှိသည့် ရုံးဌာန များနှင့် ကျောင်းများသည် ယနေ့အချိန်ထိ ဖွင့်လှစ်နေသေးကြောင်း သိရသည်။

“မနေ့က အထက (၁) က တတိတန်း ကျောင်းသားတစ်ဦးနဲ့ အထက (၇) က ၉ တန်းကျောင်းသားတစ်ဦးမှာ ကိုဗစ်ပိုး တွေ့ တာ၊ ကိုဗစ်သံသယတွေ့တယ်ဆိုပြီး မိဘတွေကို ပြန်ခေါ်ခိုင်းတယ်၊ အခုအဲ့ကျောင်းတွေ မပိတ်ပါဘူး၊ အဲ့အတန်း နှစ် တန်းပဲ ပိတ်တာ” ဟု ၎င်းက ပြောသည်။

ကိုဗစ် – ၁၉ အတည်ပြုလူနာ (၂၀၀)နီးပါး နှင့် သေဆုံးသူ တစ်ယောက်ရှိသည့် သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မေတ္တာမွန်လူမှုကူညီရေးအသင်းမှ ပြည်သူ့အကျိုးကို ရှေးရှုပြီး ကိုဗစ်-၁၉ ကာကွယ်ကုသရေးအတွက် နည်းလမ်းကောင်း များ မရှာကြံပါက အခြေအနေမကောင်းနိုင်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိကျနော်တို့မှာက ပြီးခဲ့တဲ့ အစိုးရလက်ထက်ကကျန်ခဲ့တဲ့ Red Test Kitတွေနဲ့ စစ်ပေးနေရတာပါ၊ ပြီးတော့ ဒီအခု ကျန်နေတဲ့ Red Test Kit တွေနဲ့ ကျနော်တို့ ဘယ်လောက်ထိ စစ်ပေးရမလဲဆိုတာကို တွေးစရာဖြစ်လာပြီ၊ အခုက အထက်ကနေ တစ်ခုခု စီမံလုပ်ဆောင်ပေးမှ ရတော့မယ်၊ မဟုတ်ရင် ကျနော်တို့ ရေရှည်အတွက် အခြေအနေ မကောင်း နိုင်ဘူး” ဟု နောင်ချိုမြို့နယ်အတွင်း ကိုဗစ်လူနာများကို စီစစ် ကူညီပေးနေသည့် မေတ္တာမွန် လူမှုကူညီရေး အသင်းမှ အဖွဲ့အဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် ကိုဗစ် – ၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှု တတိယလှိုင်း မတ်လ မှ ဇွန်လ အထိ လူဦးရေ ၁ သိန်း ၅ သောင်းကျော်ထိ ကူးစက်ခံရကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဌာန ကထုတ်ပြန်ထားသည်။

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့တွင် လည်း ယနေ့ တစ်ရက်တည်းဖြင့် ကိုဗစ်-၁၉ ပိုးတွေ့ ၈ ဦး ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article