ဟိုပုံးမြို့ CDM ဝန်းထမ်းများ အလုပ်မှထုတ်ခံရသော်လည်း ဖမ်းခံရမည်ကို စိုးရိမ်နေရ

0

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့ စစ်အာဏာဖီဆန်ရေး CDM ပညာရေးဝန်ထမ်းများကို စစ်ကောင်စီ မှ အလုပ် ထုတ်ပယ်ခဲ့ သော်လည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိပါသည်။

CDM ပညာရေးဝန်ထမ်းများကို အလုပ်မှထုတ်ပယ်ရာတွင် စိတ်ချမ်းသားမှုတစ်ခုရရှိ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း ဟိုပုံးမြို့ CDM တွင် ပါဝင်သည့် ပညာရေးဝန်ထမ်း တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အလုပ်ထုတ်ပယ်လိုက်တယ်ဆိုပေမယ့် စိတ်တော့ မချရဘူး။ ဘယ်ချိန်လာဖမ်းမယ်ဆိုတာကိုတော့ ကြောက်နေရတယ်။ ရှောင်နေရသေးတယ်။ စိုးရိမ်စိတ်ကတော့ ရှိနေတယ်” ဟု ဟိုပုံးမြို့ CDM ဆရာမ တစ်ဦး က ဆိုသည်။

ဟိုပုံးမြို့ CDM ပညာရေးဝန်ထမ်း (၂၀၈) ဦးရှိရာတွင် (၂၀၄) ဦးကို အလုပ်မှ ထုတ်ပယ်ခံရကြောင်း ကို မေ ( ၂၈) ရက် တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

“ ကျမတို့ကို CDM က ၂၀၈ ယောက်ရှိတယ်။ ၂၀၄ ယောက်ဘဲ အလုပ်ထုတ်ပယ်ခံရတယ်။ ကျန်တဲ့ ၄ ယောက်က အလုပ်ပြန်ဝင်တာလားမသိသေးဘူး။ ကျမတို့စိုးရိမ်းနေရသေးတယ်” ဟု အထက်ပါ ဆရာမကပြောသည်။

CDM ဝန်ထမ်းများကို စစ်ကောင်စီ မှ အလုပ်ထုတ်ပယ်ခဲ့သော်လည်း စစ်ကောင်စီမှ နေ့စဉ်နှင့်အမျှ ပြည်သူများကို ဖမ်းဆီးခြင်း၊ CDM ဝန်ထမ်းများကို အကြောင်းမဲ့ဖမ်းဆီးခြင်းများပြုလုပ်နေသဖြင့် CDM ဝန်ထမ်းများအနေဖြင့် စိတ်လုံခြုံမှု မရှိကြောင်း လည်း ဆရာမများက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးဝန်ထမ်းများ စစ်အာဏာဖီဆန်ရေး CDM တွင်ပါဝင်လာသောကြောင့် အခက်ခဲပေါင်းများစွာ ရှေ့ဆက်တောင့်ခံနေရကြောင်းသိရသည်။


CDM ပညာရေးဝန်ထမ်းဆရာမတစ်ဦး ကလည်း “ လစာလည်း မရတော့ဘူး။ အိမ်က လူနဲ့ဘဲ စားဝတ်နေရေးအတွက်ဖြေရှင်းနေရတာ။ ရှိတာလေးနဲ့ပဲ ချွေးတာပြီးစားနေရတာ။ ဒါတွေကတော့ ကျမတို့ ဆက်ပြီးတောင့်ခံသွားနိုင်တယ်။ ဒါပေမယ့် ကျမတို့ လုံခြုံးရေး ကတော့စိတ်ပူနေရသေးတယ်” ဟု သျှမ်းသံတော်ဆင့် ပြောသည်။

ထို့ပြင် စစ်ကောင်စီ မှ ဇွန် (၁)ရက်တွင် ပညာရေးကျောင်းများကို မြန်မာတဝှမ်းလုံး အမိန့်အရဖွင့်လှစ်ခဲ့သော်လည်း ဟိုပုံးမြို့ပေါ်တွင် ကျောင်းလာတက်သည့် ကျောင်းသားများ အနည်းငယ်သာရှိကြောင်း၊ ကျေးရွာဖက်တွင် ကျောင်းတက်နေသူ များစွာရှိနေကြောင်းသိရသည်။

“ ရွာတွေဖက်က နိုင်ငံရေးအကြောင်းမသိဘူး။ မိဘတွေကလည်း အလုပ်သွားတော့ အိမ်မှာခလေးမထိန်းချင်တော့ ကျောင်းသွားထားကြတာရှိတယ်။ ရွာသားတွေကပဲ ရွာဝင်ရွာထွက် ဂိတ်စောင့်ပေးနေရတယ်” ဟု ဆရာမတစ်ဦး ကပြောသည်။

ဟိုပုံးမြို့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တည်ရှိရာနေရာဖြစ်ပြီး၊ ဟိုပုံးမြို့ လူငယ်များသည် စစ်အာဏာရှင်ကို ဆန့်ကျင်ရာ တွင် လမ်းပေါ်ဆန္ဒပြရန် ခက်ခဲသည့် ဒေသတခုဖြစ်သည်။

Leave a Comments