သျှမ်းတပ် (၂)တပ် တိုက်ပွဲရပ်တန့်ပေးရန် ကျေးသီး ပြည်သူတောင်းဆို

0

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ ဒေသခံများသည် စိုက်ပျိုးရေး လုပ်ကိုင်ရမည့်အချိန်ဖြစ်သဖြင့် သျှမ်းတပ် (၂)တပ် တိုက်ပွဲမဖြစ်ရန် မေတ္တာရပ်ခံတောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

လက်ရှိ အချိန်ကာလသည် စိုက်ပျိုးရေးလုပ်ဆောင်ရမည့် အချိန်ဖြစ်ပြီး၊ သျှမ်းတပ်(၂)တပ်ဖြစ်သည့် RCSS/SSA နှင့် SSPP/SSAတို့သည် ဇွန် (၁)ရက်မှ စတင်ကာ ကျေးသီးမြို့နယ် နှင့် မိုင်းနောင်ကြား လွိုင်ဟွန်းတောင်အနီးတွင် ထိုးစစ်ဆင်ကြသဖြင့် ပြည်သူများက တိုက်ပွဲရပ်တန့်ရန် တောင်းဆိုလိုက်သည်။

ယနေ့(ဇွန် ၃)ရက် မနက်ပိုင်း အချိန်ထိ သျှမ်းတပ်(၂)တပ် ပစ်ခတ်သံကြားနေရသေးကြောင်း လည်း ကျေးသီးမြို့ဒေသခံ များက ပြောသည်။

“ဒီနေ့ မနက်လည်း ၁ ချက် ၂ ချက်လောက် အသံတွေ ကြားနေရတယ်။ သျှမ်းတပ် (၂) တပ်ကို တိုက်ပွဲတွေ အမြန်ရပ်ပေးဖို့ တောင်းဆိုချင်တယ်။ ခုစိုက်ပျိုးရာသီလည်းဖြစ်တယ်တော့” ဟု ကျေးသီး စစ်ဘေးရှောင်တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းတပ် (၂)တပ်သည် အပြန်အလှန် နယ်မြေကျုးလွန်သည် ဟုဆိုသည့် အကြောင်းပြချက်ဖြင့် တိုက်ပွဲဖြစ်ကြသည့်အတွက် ဒေသခံ (၂၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ထိုထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မွေးဖွားစ မိခင်များ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ပါဝင်ကြောင်း သိရသည်။

သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) တပ်ကို သျှမ်းသံဃာများ၊ သျှမ်းပြည်သူများက တိုက်ပွဲရပ်တန့်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ထူးခြားလာခြင်းမရှိဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ကို သိရှိရသည်။

Leave a Comments