သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့တွင် စစ်ကောင်စီ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစု တို့ တိုက်ပွဲတွင် စစ်ကောင်စီ၏ စခန်း တစ်ခု မီးရှို့ခံရကြောင်း သတင်းရရှိသည်။
ယမန်နေ့ မေ (၅) ရက်တွင် ည ၈ နာရီ ဝန်းကျင်အချိန်ခန့်တွင် လားရှိုး – ကွက်ခိုင်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ စခန်း တစ်ခု မီးလောင်သည်ကို တွေ့ရှိရပြီး နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ကို ကြားခဲ့ရကြောင်း ကွက်ခိုင်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။
“ စစ်ကောင်စီရဲ့ စခန်းသေး တစ်ခု မီးလောင်သွားတာတော့ ရှိတယ်။ သူတို့ဘက်က ကျဆုံးတာတော့ မကြားရဘူး။ ၂၄ ကားဘီး တစ်လုံး ပေါက်သွားတယ်။ လူတော့ ထိခိုက်တာတော့ မရှိဘူး။ ကားထဲက ခေါင်းအုံးပဲ ထိတယ်။ မြေယာ နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ နေရာ ထိသွားတယ်။” ဟု ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။
မေ (၅) ရက်နေ့က ကွက်ခိုင်မြို့တွင် စစ်ကောင်စီ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုတို့ စစ်ရေးလှုပ်ရှားမှုသည် ညနေပိုင်းအချိန်ထိ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ကာ စစ်ရေး ပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။
မေ (၄) ရက် နေ ၃ နာရီမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ နှင့် ကိုးကန့် (MNDAA)၊ တအာင်း (ပလောင်) TNLA တို့ ပူးပေါင်း တပ်ဖွဲ့တို့ စစ်ရေါ် ပြင်းထန်နေဆဲဖြစ်ပြီး၊ ကွက်ခိုင်ပြည်သူများ ဗုံးခိုကျင်းတွင် ရှောင်တိမ်းနေရခြင်း၊ တိုက်ပွဲကြောင့် အရပ်သား (၅) ဦး ဒဏ်ရာ ရရှိခြင်း၊ နေအိမ် (၅) အိမ် လက်နက်ကြီး ထိမှန်ခဲ့ကြောင်း သိရသည်။