ရလခ တိုင်းစစ် လက်အောက်ခံ ပြည်သူ့စစ်တပ်များ အင်အားဖြည့်ပေးရန် တိုင်းမှူးဆင့်ဆို

0

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့အခြေစိုက် ရလခ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ၄င်းလက်အောက်ခံရှိပြည်သူ့စစ်တပ်ဖွဲ့များအား ဆင့်ခေါ်တွေ့ဆုံပြီး အင်အားဖြည့်တင်းပေးဖို့ ပြောကြားခဲ့သည်ဟုသိရသည်။

Photo SHAN ခိုလမ်အ၀င်ဆိုင်းဘုတ်

ရလခ တိုင်းမှူးက ကွန်ဟိန်းမြို့ကာလိ အခြေစိုက် ကာလိပြည်သူ့စစ်တပ်ဖွဲ့၊ နမ့်စန်မြို့နယ် ပန်လျဲန်းဆိုင် မတ်ကျိုင်းရွာ အခြေစိုက် မတ်ကျိုင်းပြည်သူ့စစ်တပ်ဖွဲ့၊ နားရိုင်း ပြည်သူ့စစ်တပ်ဖွဲ့ နှင့် ဟိုမိန်းခြေစိုက် မဟာကြာ၏ SSS ပြည်သူ့စစ်ခေါင်းဆောင်များအား နမ့်စန် တပ်နယ် အစည်းအဝေးခန်းမ တွင်ဆင့်ခေါ်တွေ့ဆုံဆွေးနွေးကြသည်ဟုသိရသည်။

“အဓိက က ၃ ချက် ပေါ့ – (၁) ဒေသဖွံ့ဖြိုးရေးအတွက်ဘာတွေလိုအပ်လဲ ကူညီပေးမယ် (၂) CDM နဲ့ ဆန္ဒပြတဲ့သူတွေ ခိုလှုံခွင့်တောင်းလာရင် ကောင်းကောင်းမွန် လက်ခံပြီး တပ်ထံပြန်အပ်ပေးဖို့ပေါ့ (၃) ဒေသအတွင်းလုံခြုံရေးအတွက် အင်အား ဖြည့်ပေးဖို့ တိုင်းမှူးက ပြောတယ်” – ဟု အမည်မဖေါ်လိုသည့် ပြည်သူ့စစ်အရာရှိတဉီးကပြောသည်။

တွေ့ဆုံမှု တွင် တိုင်းမှူး က ပြည်သူ့စစ်တပ်ဖွဲ့တခုလျှင် လူအင်အား ၁၀၀ ကျ ပေးဖို့  ဆင့်ဆိုခဲ့သော်လည်း ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်များက အယောက် ၃၀ သာ ကူညီနိုင်ကြောင်း စျေးဆစ်ကြသည်ဟုလည်းသိရသည်။

“ကျနော်တို့ လူကြီးက ပြောတယ်။ ကျိုင်းတောင်းဘက် လှုပ်ရှားနေတဲ့ RCSS တပ်တွေ ရှင်းထုတ်ဖို့ တပ်က တောင်းဆိုတာ လို့ဘဲကြားတယ်” – ဟုလည်း နမ့်စန်မြို့နေ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တဉီးက ပြောသည်။

ကျိုင်းတောင်းဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ “ထူးထူးခြားခြား စစ်ရေးလှုပ်ရှားမှု မရှိသေးဘူး” – RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံကပြောသည်။

နမ့်စံ မြို့ မိ မြို့ဖ တစ်ဉီးက ပြည်သူ့စစ်တပ်ဖွဲ့ကို အင်အားဆင့်ဆိုတာက မြို့အတွင်း ဆန္ဒပြလူထုကို နှိမ်နှင်းဖို့၊ တခြားတော်လှန်ရေးတိုက်ပွဲဆင်နွဲနေတဲ့တိုင်းရင်းသားတပ်တွေကို အင်အားဖြည့် တိုက်ခိုက်ဖို့ ဖြစ်သည့်အတွက် လက်အောက်ငယ်သားတွေကို မစေလွှတ်ဖို့ ၊ လူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကို မထောက်ခံဖို့ – တောင်းဆိုလိုက်ပါသည်။

Leave a Comments