Saturday, April 20, 2024

သီပေါမြို့နယ် ကျေးရွာသူကြီး တဦးနှင့် စာရင်းကိုင် တဦး ကို လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးသွား

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးရွာသူကြီး တဦး နှင့် ကျေးရွာ စာရင်းကိုင် တဦး ကို လက်နက်ကိုင်တပ်ဖွဲ့ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

သီပေါမြို့နယ် ပန်းခါကျေးရွာ သူကြီး ဖြစ်သည့် လုံးဝိကို မတ် (၁၈)ရက်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က ဖမ်းခေါ်သွားပြီး၊ ဝမ်းလိကျေးရွာအုပ်စု စာရင်းကိုင်ဖြစ်သည့် စိုင်းလှအောင် ကို ယခုရက်တပတ် အတွင်း တွင် ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း အမည်မဖော်လိုသည့် သီပေါမြို့ ဒေသခံ တဦး ကပြောသည်။

“ သူတို့၂ဦးကို ဘယ်အဖွဲ့က ဖမ်းသွားလဲမသိဘူး။ ဘာအသံမှ မကြားရသေးဘူး။ ရက်က နည်းနည်းကြာလာတော့ စိုးရိမ်နေရတယ်” ဟု သီပေါမြို့ ဒေသခံတဦး ကဆိုသည်။

သီပေါမြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် SSPP/SSA၊ TNLA တပ်ဖွဲ့ နှင့် RCSS/SSA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်ပြီး၊ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသည့် နေရာဖြစ်သည်။

ဖမ်းဆီးခံရသည့် သူ(၂)ဦး၏ မိသားစုဝင်များလည်း လက်ရှိအချိန်ထိ မည်သည့် နေရာတွင် တည်ရှိနေသည်ကို စုံစမ်းနေသော်လည်း မသိရှိရသေးသဖြင့် ထိုသူ (၂)ဦး၏ ကျန်းမာရေးကို စိုးရိမ်နေရကြောင်းလည်း သီပေါမြို့ စစ်ရှောင်များကို ကူညီပေးနေသူတဦးက ပြောသည်။

“ဒီကာလက သီပေါပြည်သူတွေအတွက် အရမ်းခက်ခဲတဲ့အချိန်ဖြစ်တယ်။ ဖြစ်နိုင်ရင်တော့ပြန်လွှတ်လာစေချင်တယ်။ သူတို့ကို အိမ်ကလူတွေကလည်း အရမ်းစိတ်ပူနေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် သူ ၂ ဦးကို မည်သည့်အဖွဲ့စည်းက ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စေ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် သီပေါဒေသခံများက တောင်းဆိုလိုက်သည်။

ယခုချိန်ထိ သီပေါမြို့တွင် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေသေးသဖြင့် သီပေါပြည်သူများ နေရပ်သို့ မပြန်နိုင်သေးကာ သီပေါမြို့နယ်တွင် စစ်ဘေးရှောင် ၁ထောင်နီးပါးရှိနေသေးပြီး စားဝတ်နေရေးအတွက် အခက်ကြုံနေရကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article