Friday, April 19, 2024

ကျောက်မဲ အကြမ်းဖက်စစ်ကောင်စီ သေနတ်ရမ်းသမ်းပစ်မှု အရပ်သား (၂)ဦး ကျည်ထိမှန်

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ယမန်နေ့ (ဧပြီ ၄)ရက် ည ၈နာရီခွဲကျော်အချိန်တွင် လှည့်ကင်းနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား (၂)ဦး ကျည်ထိမှန်ခဲ့ရကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၈နာရီ ၄၀မိနစ် ဝန်းကျင်တွင် ကျောက်မဲမြို့ ပင်လုံလမ်းပေါ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီ မှ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင်း အမျိုးသမီး တဦး နှင့် အမျိုးသား တဦး ကျည်ထိမှန်ခဲ့ကြောင်း ကျောက်မဲဒေသခံ တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ည က အမျိုးသမီး တဦးနဲ့ အမျိုးသားတဦး ကျည်ထိမှန်တယ်ဆိုတာဟုတ်ပါတယ်။ ည၈နာရီခွဲကျော်လောက် သေနတ်သံကြားရတယ်။ ညမထွက်ရ အမိန့်ရှိတော့ ထွက်မကြည့်ရဲဘူး” ဟု အထက်ပါ ဒေသခံ က ပြောသည်။

ကျောက်မဲမြို့ အကြမ်းဖက် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး၏ ခါးကို ကျည်ရှပ်ထိသွားပြီး၊ အမျိုးသားတဦး ၏ ပေါင်ကို ကျည်ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့ပြင် စစ်အာဏာသိမ်းပြီးနောက် ည(၈)နာရီ အပြင်မထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ သည် ည(၈)နာရီရောက်ပါက ရပ်ကွက်ထဲ နေအိမ်ထဲထိ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်သဖြင့် ပြည်သူများစွာ သေဆုံးခြင်း၊ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article