Friday, May 3, 2024

ပင်လုံမြို့ နှင့် လွိုင်လင်မြို့ဆန္ဒထုတ်ဖော်သူ ၁၃ ဦးထက် မနည်း ဖမ်းဆီးခံရ

Must read

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့ နှင့် ပင်လုံမြို့ အတွင်း ဆန္ဒထုတ်ဖော်သည့် ပြည်သူ (၁၃)ဦးထက်မနည်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ က အကြမ်းဖက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ယနေ့ မတ်လ (၈) ရက်တွင် ပင်လုံမြို့လယ်ရှိ ရေကန်အနီးတွင် အချုပ်ကားများ ရဲကားများ လာရပ်ထားပြီး ဖြတ်သွားသည့် သူများကို စစ်ဆေးမေးမြန်းပြီး အချုပ်ကားပေါ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများက ပြောဆိုကြသည်။

“ပင်လုံရေကန်နားမှာ အချုပ်ကား နဲ့ ရဲတွေက လာရပ်ပြီး အဲ့ရှေ့ဖြတ်လာတဲ့သူတွေကို လိုက်စစ်ဆေးတယ်။ ပြီးတော့ ဖမ်းချင်တဲ့ တယောက်ကို ဖမ်းလိုက်တာ။ ၁၀ ယောက်ထက်မနည်း ဖမ်းထားတယ်” ဟု ထိုဖြစ်ရပ်ကို မျက်မြင်ခဲ့သည့် ပင်လုံဒေသခံ တဦးကပြောသည်။

အလားတူ လွိုင်လင်မြို့တွင်လည်း သပိတ်စစ်ကြောင်းတွင်းမှ ဆန္ဒဖော်ထုတ်သည့် ကျောင်းဆရာမ တစ်ဦး အပါအဝင် ပြည်သူ (၃) ဦးဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

“လွိုင်လင် ပင်လုံ သပိတ်စစ်ကြောင်းမှာ စစ်တပ်မှ အကြမ်းဖက် မျက်ရည်ယိုဗုံးသုံးပြီး လူစုဖြိုခွင်းတာတော့ မရှိသေးဘူး။ ဖမ်းဆီးတာတော့ ရှိနေပြီ” ဟု ဒေသခံ တစ်ဦး ကပြောသည်။

ယနေ့ မတ်လ (၈) ရက်တွင် စစ်တပ် နှင့် ရဲ များက တစ်နိုင်ငံလုံး သပိတ်စစ်ကြောင်းများကို လိုက်လံ ပိတ်ပင်တားဆီးခြင်းများ အကြမ်းဖက် ဖြိုခွင်းများ ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article