သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။
သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ ဗိုလ်မှူးကြီးညီညီထွန်း (ကြည်း-၃၃၂၈၃) (စစ်တက္ကသိုလ် အပတ်စဥ် ၄၃) ကို မိုတယ် အနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“လားရှိုး တိုက်ပွဲ ကာလတုန်းက ကိုးကန့်တပ်ကို စစ်သတင်းတွေ ရောင်းစားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတာ ဆိုတော့ အခြေအနေ မကောင်းနိုင်ဘူး။ အခု ဝန်တင်တပ်ရင်း (၂) မှာ ချုပ်ထားတယ်။ DSA ၄၃ ဆင်း ကျောက်ပန်းတောင်းသားပါ” ဟု ၎င်းက ရှင်းပြသည်။
အသက် ၄၅ နှစ် အရွယ် အဆိုပါ တပ်ရင်းမှူးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့က ထွက်ပြေးခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးပြီးနောက် ဝန်တင်တပ်ရင်းမှ ဗိုလ်ကြီးမျိုးနိုင်လင်း ထံ လွှဲပြောင်းပေးခဲ့ကြောင်း ရဲအစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီ ရမခ စစ်ဌာနချုပ်ကို ကိုးကန့်တပ်-MNDAA တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ရမခ ကျဆုံးရခြင်းသည် တပ်တွင်း သတင်းပေး ဖရဲသီးများကြောင့် ဖြစ်ကြောင်း စစ်ကောင်စီဘက်က သုံးသပ်ထားသည်။












Leave a Comments