ဒီမိုကရေစီ ပြန်ရဖို့အတွက် လူငယ်တွေ ရဲဝံ့စွာ လမ်းပေါ်ထွက်လာကြပြီ

0

“ကမ္ဘာမကြေဘူး …… ငါတို့သွေးနဲ့ ရေးခဲ့ကြတယ် မော်ကွန်းတွေ …… တော်လှန်ရေး ….. ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ….သြော် … သူရဲကောင်းတို့ရေ” ဆိုတဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်သီချင်း တေးသံဟာ တောင်ကြီးမြို့ ပေါ်တခုလုံးကို ဟိန်းစေပါတယ်။

ဒီသီချင်းဟာ ၁၉၈၈ ခုနစ် စစ်အစိုးရ အာဏာသိမ်းပြီးနောက် ထွက်ပေါ်လာတဲ့ တော်လှန်ရေးသီချင်းတပုဒ်ပါပဲ။

ယခုခေတ် မှာ ဒီတော်လှန်ရေး သီချင်းကို သီဆိုပြီး စစ်အာဏာရှင်ကို ဆက်ပြီးတော်လှန်ရမယ်လို့ ဘယ်ခေတ်လူငယ်မှ မထင်ခဲ့ရပါဘူး။

ဖေဖော်ဝါရီ (၁)ရက် မှာ တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို သိမ်းယူလိုက်ပြီး နောက် သျှမ်းပြည်တဝှမ်းလုံး သာမက မြန်မာပြည်တခုလုံးမှာလည်း ဒီမိုကရေစီ ပြန်ရရှိဖို့အတွက် တော်လှန်ရေးကို ကိုယ်စီဝင်နေကြပါတယ်။

တပ်မတော်မှ အာဏာသိမ်းခြင်း ရက်ပေါင်း ၂၀ကျော်ထိ ဦးဆောင်မှု ခေါင်းဆောင်မှု မရှိဘဲ တနိုင်ငံလုံးရှိ ပြည်သူများ စိတ်တူ ကိုယ်တူ စစ်အာဏာရှင်ကို တော်လှန်နေကြပါတယ်။

ထိုထဲမှာ Generation Z လို့ နာမည်ကြီးနေတဲ့ လူငယ်တွေဟာ ပိုပြီး ပါဝင်လာကြပြီး၊ လူငယ်တွေရဲ့ ဆန်းသစ်တီထွင်မှု ခေတ်သစ်နည်းပညာနဲ့ စစ်အာဏာရှင်ကို ယနေ့ထိတိုင်တော်လှန်နေကြပါတယ်။

စစ်အာဏာရှင်ကို တော်လှန်ပုံကို ပြန်ကြည့်မယ်ဆိုရင် မနက်ပိုင်းမှာတော့ လမ်းပေါ်ထွက် ငြိမ်းချမ်းစွာနဲ့ ခေတ်မီတဲ့ ဆန္ဒပြတဲ့ပုံစံတွေ ထုတ်ဖော်ကြသလို ည(၈) နာရီ တိတိအချိန်တွင် စစ်အာဏာရှင် ကို သံပုံးတွေ အိုးခွက်တွေ တီးခေါက်တဲ့တာကလည်း ကမ္ဘာကျော်တဲ့အဆင့်ထိ ကျော်စောခဲ့ပါတယ်။

“ ကျနော်တို့ လူငယ်တိုင်းမှာ အနာဂတ်တွေရှိတယ်။ စစ်အာဏာအုပ်ချုပ်တာမနေချင်ဘူး။ ကျနော်တို့စစ်အာဏာရှင်ကို နည်းမျိုးစုံ ဆက်တိုက်နေမှာပဲ” လို့ အသက် ၂၅နှစ်အရွယ်သာရှိသေးတဲ့ စိုင်းကောင်း က ပြောပါတယ်။

စစ်အာဏာရှင်ဆိုတဲ့အတိုင်း နည်းမျိုးစုံဟန့်တားမှုတွေကို ပြုလုပ်လာမှာဖြစ်ပြီး၊ လူငယ်တွေကလည်း ဟန့်တားမှုကို ထိုးဖောက်ကာ ကျော်နိုင်အောင်လုပ်ကြမှာဖြစ်ကြောင်းလည်း စိုင်းကောင်းက ဆိုပါတယ်။

“ ခေတ်စနစ်တွေက အရင်လိုမဟုတ်တော့ဘူး။ အရာရာဟာ ရှေ့သွားရမှာ နောက်ဆုတ်နေရင် ဘာမှ မတိုးတက်ဘူး”လို့ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်တဲ့ စိုင်းကောင်းက ပြောပါတယ်။

တပ်မတော်အာဏာသိမ်းပြီး ၅ရက်မြောက်နေ့မှာ ရန်ကုန်မြို့မှာ စစ်အာဏာဆန့်ကျင်ဆန္ဒထုတ်မှုကို စတင်လာခဲ့ပြီး၊ နယ်တွေ အားလုံးလူငယ်တွေ ကျောင်းသားတွေကလည်း ဆက်တိုက် လမ်းပေါ်ထွက် ကာ ဒီမိုကရေစီ ပြန်ရရှိဖို့အတွက် တော်လှန်နေကြပါတယ်

ဆက်လက်ပြီး ဆန္ဒပြရာမှာ ကျောင်းသားလူငယ်တွေ အများဆုံး တွေ့ရသလို အစိုးရဝန်ထမ်းတွေကလည်း Civial Disobedience Movement (CDM) မှာ ပါဝင်သူများလာပြီး မပါဝင်သေးတဲ့သူကိုလည်း ဆက်လက်ပါဝင်လာအောင် အဖက်ဖက်က တောင်းဆိုနေကြပါတယ်။

“လူငယ်တွေ နိုင်ငံရေးမှာ တက်တက်ကြွကြွပါဝင်လာတာ အင်မတန်ကောင်းတဲ့ လက္ခဏာပါ။ အခုလူငယ်တွေ ကိုယ်တိုင်က အာဏာရှင်ကို ဆန့်ကျင်တာမျိုး မလုပ်ဘူးဆိုရင် နောက်မျိုးဆက်တွေ နောက်လာမယ့် လူငယ်တွေမှာ ဒီထက်ဆိုးတဲ့ အခြေအနေမျိုး မရောက်ဘူးလို့ အာမ မခံနိုင်ဘူး”လို့လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ် ကပြောပါတယ်။

အာဏာရှင် စနစ်ကို ဝိုင်းဝန်းဆန့်ကျင် ဆန္ဒပြခြင်းသည် အနာဂတ်အတွက် ကြိုတင် တိုက်ပွဲဝင်ထားခြင်း ဖြစ်ကြောင်း စိုင်းလိတ် ကပြောပါတယ်။

“ဒါကြောင့်မလို့ အခုကတည်းက အာဏာရှင် စနစ်ကို ဝိုင်းဝန်းပြီး တညီတညွှတ်တည်း ဝိုင်းပြီး ဆန္ဒပြကြတာ ဆန့်ကျင်ကြတာ အင်မတန် ကောင်းတဲ့ လုပ်ရပ်လို့ မြင်တယ်။ ဒါဟာ အနာဂတ်အတွက် ကြိုတင်ပြီးတော့ ကျနော်တို့ တိုက်ပွဲဝင်ထားခြင်း ဖြစ်ပါတယ်လို့ မြင်ပါတယ်။” ဟု စိုင်းလိတ် က ပြောဆို သုံးသပ်ပါတယ်။

အလားတူ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ လူငယ်များလည်း စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ အနေနဲ့ ပုံစံအမျိုးမျိုး ဖော်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။

“ကျမတို့က စစ်အာဏာရှင် စနစ်ကို မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ရှမ်းလူငယ်တွေက အသက်ကြီးတဲ့ ရှမ်းလူကြီးတွေက စစ်ဒဏ်ကြောင့် အများကြီး ခံစားဖူးတယ်။ စစ်အာဏာအောက်မှာ ကျမတို့ နှိပ်စက်မှုတွေ အများကြီး ခံခဲ့ရတယ်။ အဲ့ဒါတွေကို အခုခေတ် လူငယ်တွေက နိုင်ငံရေးကို နားလည်လာတဲ့အတွက်ကြောင့်မလို့ ကျမတို့သည် စစ်အာဏာရှင် ကို ဆန့်ကျင်ဖို့အတွက် လမ်းမကြီးပေါ် ရောက်ရှိလာကြတာ ဖြစ်ပါတယ်”လို့ တောင်ကြီးမှာ ဆန္ဒပြသူ တဦး က ပြောပါတယ်။

စစ်အာဏာရှင် ကျဆုံးရေး …… ဒီမိုကရေစီ ရရှိရေး ……. ပြည်ထောင်စု လွှတ်တော် ခေါ်ယူရေး စတဲ့ ဆောင်ပုဒ်အမျိုးမျိုး ကိုင်ဆောင်ပြီး ကြွေးကြော်နေကြပါတယ်။

“အဓိက တောင်းဆိုချက်ကတော့ ကျမတို့သည် စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် သွားချင်တယ်။ အဲ့ဒါကြောင့် ကျမတို့သည် စစ်အာဏာရှင် စနစ်ကို မကြိုက်တဲ့အတွက်ကြောင့် ကျမတို့အခု လမ်းပေါ်ထွက်ပြီး ဆန္ဒပြရတာ ဖြစ်ပါတယ်” လို့ နန်းလောဝ် ကပြောပါတယ်။

စစ်တပ်မှ အာဏာသိမ်းခြင်းကို မလိုလားတဲ့အတွက် လမ်းပေါ် ဆန္ဒပြရခြင်း ဖြစ်ကြောင်း ကိုစိုင်း ကပြောပါတယ်။

“လူငယ် တစ်ယောက်အနေနဲ့ကတော့ ဒီလို လွှတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရတာ ဂုဏ်ယူမိပါတယ်။ ဆက်လက်ပြီးတော့ ကျနော်တို့ အာဏာသိမ်းတဲ့အပေါ် ကျနော်တို့ မလိုလားဘူး အပွင့်လင်းဆုံး အမြင်သာဆုံး ပြောရရင်တော့ လမ်းပေါ် ဆန္ဒထုတ်ဖော်နေတဲ့အကြောင်းအရင်းကတော့ ကျနော်တို့ ဖြစ်စေချင်တဲ့ ခံစားချက်ရယ် ကျနော်တို့ ရင်ထဲမှာ ရှိခဲ့ စကားတွေက အကုန်လုံး သိအောင်လို့ ကျနော်တို့ ထုတ်ဖော်ခြင်း ဖြစ်ပါတယ်”လို့ ကိုစိုင်း ကပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ တပ်မတော်မှ နိုင်ငံတော်အာဏာကို အရေးပေါ် အခြေအနေအဖြစ် လွှဲပြောင်းယူခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။

၎င်း ၁ ရက် မနက် ၄ နာရီဝန်းကျင်မှာ နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အပါအဝင် သက်ဆိုင်ရာ ပြည်နယ် နဲ့ တိုင်းအသီးသီးရှိ ဝန်ကြီးချုပ်များ ဝန်ကြီးများ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး အရေးယူခဲ့ပါတယ်။

ထို့နောက် မြန်မာပြည်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုဟာ လည်း တရက်ထက်တရက် အရှိန်မြင့်လာပါတယ်။

မြန်မာပြည်တဝှမ်းလုံး “ အရေးကြီးပြီ ညီနောင်အပေါင်းတို့… သွေးစည်းကာ ညီစေညီကြစို့.. ငါတို့ရဲ့ သမိုင်းတခေတ်ကို ငါတို့သွေးနဲ့ရေးခဲ့သည်.. သွေးသစ္စာလည်းပြုခဲ့ပြီ” ဆိုတဲ့ သွေးသစ္စာ (အေရေးကြီးပြီ) တော်လှန်ရေးသီချင်းဟာ ကမ္ဘာထိ တဖန်ပြန်ပျံ့နှံ့လာပါတယ်။

Leave a Comments