သျှမ်းပြည်လူထု စိတ်မကောင်းဖြစ်ရတဲ့ R.I.P 18 ပြဿနာအမြန်အဖြေရှာသင့်

အနက်ရောင် နောက်ခံနဲ့ R.I.P 18 ဆိုတဲ့ ပရိုဖိုင်းတွေ ဟာ သျှမ်းလူမျိုးအသိုင်းအဝန်းတွေရဲ့ လူမှုကွန်ရက် စာမျက်နှာကြားမှာ တရက်အတွင်း ပြန့်နှံ့ခဲ့ပါတယ်။

R.I.P 18 ဆိုတာ သျှမ်းတပ်မတော် တွေဖြစ်ကြတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နဲ့ သျှမ်းပြည်တိုးတက်ရေး ပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် RCSS/SSA ဘက်မှ ကျရှုံးသွားတဲ့ ရဲဘော်တွေကိုရည်ညွှန်းပြီး ဝမ်းနည်းတဲ့အနေနဲ့ ပရိုဖိုင်း ပုံအဖြစ်အသုံးပြုခဲ့ကြ တာဖြစ်ပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လက်နောက်ပြန်ကြိုး ချည်ထားတဲ့ RCSS/SSA စစ်သုံ့ပန်း တပ်သားတွေ SSPP က သေနတ်နဲ့ပစ်သတ်လို့ ၁၈ ယောက်သေသွားတယ် ဆိုတဲ့ သတင်းနဲ့ ဓါတ်ပုံဟာလည်း တရက်အတွင်းမှာဘဲ သျှမ်းလူငယ်တွေ ရှဲကြ တင်ကြပါတယ်။

SSPP နဲ့ RCSS ဟာ သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း မှာ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားကြရာမှာ ထိုဖြစ်ရပ်ကလည်း သီပေါမြို့နယ် အတွင်း မှာ ဖြစ်ပွားသွားခဲ့တယ်လို့သိရပါတယ်။

ဒီအကြောင်းကို တပ် ၂တပ် ရဲ့ ပြောဆိုချက်၊ ဖြေကြားချက် တွေ မပါဘဲ လူမှုကွန်ရက်စာမျက်နှာတွေမှာ အပြိုင်အဆိုင် ရေးသားကြ ၊ တင်ကြ ပြီး ငါ့စကားနွားရသဘောနဲ့ ဆဲဆိုမှုတွေကလည်း ပလူပျံနေတာကိုတွေ့ရပါတယ်။

“ တိုက်ပွဲဖြစ်တာတော့ ဟုတ်ပါတယ်။ စစ်သုံ့ပန်းတွေကို ပစ်သတ်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့မှာလည်း စစ်သုံ့ပန်း ပေါ်လစီဆိုတာရှိပါတယ်” လို့ SSPP/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဘုန်းဟန် က ပြောပါတယ်။

သီပေါမြို့နယ် နားမခေါ်အုပ်စု ကိတ်ဖွန်ရွာ ဘက်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းက ၂ ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း RCSS ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲမှာ တိုက်ပွဲသဘာဝအရ RCSS တပ်သားတချို့ သေကြေဒဏ်ရာရမှုတွေ ရှိခဲ့တာမှန်ပေမယ့် လူမှုကွန်ရက်မှာပျံ့နေတဲ့ လက်နောက်ပြန်ကြိုးတုတ်ထားတဲ့ RCSS စစ်သုံ့ပန်းတွေကို SSPP က ပစ်သတ်လိုက်တယ်ဆိုတာကတော့ လုံး၀ မဟုတ်ကြောင်း စိုင်းဘုန်းဟန် က ပြတ်သားစွာ ငြင်းဆန်ခဲ့ပါတယ်။

“ လူမှုကွန်ရက်မှာသူတို့ပြောနေတဲ့ ၁၈ ယောက်သေတယ်ဆိုတာ မဟုတ်ပါဘူး။ တိုက်ပွဲကြောင့်သေတာ ၉ ဦးဖြစ်ပြီးတော့ ကျန် ၉ ဦးကိုတော့ စစ်သုံ့ပန်းအဖြစ် ကျနော်တို့ တပ်မှာ ထိန်းသိမ်း ထားပါတယ်။ ဒဏ်ရာရတပ်သားတွေကိုလည်း ဆေးကုပေးနေပါတယ်။ လုံခြုံတဲ့နေရာမှာ ထားထားတယ်” လို့ စိုင်းဘုန်းဟန် က R.I.P 18 ကိစ္စကိုပြန်လည် ရှင်းပြပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့နေတဲ့ နောက်ပြန်ကြိုးတုတ်ပြီး မှောက်နေတဲ့ တပ်သားတွေဟာ အသက်ရှင်နေတဲ့ တပ်သားတွေဖြစ်သလို သတ်ဖြတ်လိုက်တာလည်း မဟုတ်ကြောင်း၊ လူမှုကွန်ရက်ပေါ်မှာ တဖက်သတ် အမြင်မှားအောင် ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း စိုင်းဘုန်းဟန် က ဆိုပါတယ်။

“ RCSS ရဲ့ စစ်သုံ့ပန်းတွေကို သူတို့မိသားစုဝင်တွေနဲ့ ပြန်တွေ့နိုင်အောင် စီစဉ်ပေးထားပါတယ်။ လူနာကိုလည်း ပြုစုနေပါတယ်” လို့ သူက ထပ်လောင်း ပြောပါတယ်။

RCSS/SSA ရဲ့စစ်သုံ့ပန်းတွေ သတ်ခံရတဲ့ကိစ္စ နဲ့ ပတ်သက်ပြီး RCSS/SSA ပြန်ကြားရေး ဗိုလ်မှူးခမ်းစံ က “ ဒီကိစ္စ မှတ်ချက်ပေးစရာမရှိဘူး။ ၁၈ဦးသေဆုံးတယ်ဆိုတာ လောဆယ် ပြောလို့မရသေးဘူး။ ကျနော်တို့ရဲဘော်တွေ ထိခိုက်တာရှိတယ် သေတာရှိတယ်။ ကိန်းဂဏန်းအရ တော့ တိကျမသိရသေးဘူး” လို့ ပြောဆိုလိုက်ပါတယ်။

ဒီကိစ္စ RCSS ရဲ့ ပြန်ကြားရေးသတင်းကတော့ တိုက်ပွဲသာဖြစ်တဲ့အကြောင်း တပ်သား ၂၀ မှာ သေကြေဒဏ်ရာရတချို့ရှိကြောင်းလောက်သာ ရေးသားတင်ပြထားပြီး အသေးစိပ်အချက်အလက်ကိုတော့ မရေးသားထားပါဘူး။

အကြောင်းရင်းသိရအောင်လို့ RCSS ရဲ့ ပြောခွင့်ရ ဗိုလ်မှူးခမ်းစံ ကိုဆက်သွယ်မေးမြန်းရာမှာတော့ တပ်သားတွေ သေဆုံးမှုနှုန်း တိကျတဲ့ ကိန်းဂဏန်းမရှိသေးကြောင်း၊ အချက်အလက် တိကျချိန်တွင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

“ စစ်ရေးကတော့ တင်းမာနေသေးတယ်။ ၂ဖက် တပ်ညှိနှိုင်းဖို့တော့ ရှိထားပြီးသားပါ။ ကျန်တာတော့ ဘာမှ ပြောစရာ ကျနော်တို့မှာမရှိသေးပါဘူး ” လို့လည်း ဗိုလ်မှူးခမ်းစံ ကဆိုပါတယ်။

ဒါ့အပြင် သီပေါမြို့နယ် အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲကြား RCSS တပ်သားကျဆုံးမှုများတဲ့ကိစ္စနဲ့ စစ်သုံ့ပန်း ကိစ္စတွေမှာ SSPPတပ်သား မြောက်ပိုင်းမဟာမိတ်တပ်တွေ နဲ့ပူးပေါင်းပြီး စစ်ရေးလုပ်တယ်လို့လည်း လူမှုကွန်ရက် စာမျက်နှာမှာ တွေ့မြင်ရပါတယ်။

ဗိုလ်မှူး စိုင်းဘုန်းဟန် က “ သီပေါမြို့နယ်မှာဖြစ်တာ ကျနော်တို့၂ဖွဲ့ ပါပဲ။ ကျန် မြောက်ပိုင်းမဟာမိတ် TNLA အဖွဲ့တွေ မပါဘူး။ သေချာပြောလို့ရတယ် ကျနော်တို့ ၂တပ်ပါ။ လူမှုကွန်ရက်ပေါ်ပြောနေတာ တခုမှ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

SSPPနဲ့ မြောက်ပိုင်းမဟာမိတ်ဖြစ်တဲ့ TNLA ဟာ နမ္မတူမြို့နယ်၊ ကျောက်မဲမြို့နယ် အတွင်းသာ ပူးပေါင်းကြောင်းလည်း သူက ပြောဆိုလိုက်ပါတယ်။

လူမှုကွန်ရက်က RIP 18 အနက်ရောင် ပရိုဖိုင် ကိစ္စကြောင့် သျှမ်းပြည်သူတရပ်လုံးထိတ်လန့် တုန်လှုပ်စေခဲ့သလို သျှမ်း ၂ တပ်ပေါင်းစည်းရေး အတွက်လည်း ထိခိုက်လာနိုင်စရာအကြောင်းတခု ဖြစ်လာမှာကိုလည်း ပြည်သူလူထုက စိုးရိမ်နေကြပါတယ်။

လက်ရှိမှာ သျှမ်းပြည် အပါအဝင် မြန်မာပြည်တဝှမ်းလုံးမှာ စစ်အာဏာရှင်ကို တော်လှန်နေချိန် သျှမ်းပြည်မြောက်ပိုင်း မှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတာ ကို မြင်တွေ့ရတဲ့အတွက် သျှမ်းပြည်သားတွေ အနေနဲ့ ရင်ကွဲ ရင်ကျိုးခဲ့ရတဲ့နေ့တနေ့ ဖြစ်တယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

“ ဒီသတင်းကြားရတော့ ကျနော် ရင်ကွဲ ရင်ကျိုးရတယ်။ တပူပေါ် နှစ်ပူဆင့်သွားတယ်။အာဏာသိမ်း လိုက်တော့ တစ်ကမ္ဘာလုံးက ဝမ်းနည်းကြေကွဲပေးနေတဲ့အချိန်မှာ အခုလို အားလုံး ကြားနေတာပဲ ဘယ်သူမှ မပျော်ရွှင်ဘူး။ ဒီသတင်းပါကြားရတော့ပိုပြီး ဒေါသထွက်မိတယ်” လို့ ရှမ်းလူငယ်အဖွဲ့အစည်း မှ စိုင်းဟန် က ပြောပါတယ်။

တပ်မတော်က အာဏာကိုသိမ်းလိုက်ပြီးဆိုကတည်းက လူသားတိုင်း လူ့အခွင့်အရေး ဆုံးရှုှုံးသွားပြီ၊ ပြည်သူတွေ အားကိုးရတဲ့နိုင်ငံရေးပါတီကလည်း အလိုလို ပြိုလဲသွားမှာဖြစ်တဲ့အတွက် ကိုယ့်လူမျိုးကို ကိုယ့်တပ်မတောကနေကာကွယ်ပေးဖို့ လူထုက များစွာမျှော်လင့်အားကိုးနေချိန် အခုလို ဖြစ်လာတဲ့အပေါ် စိတ်မချမ်းမြေ့ဘူး လို့ စိုင်းဟန် က ဆိုပါတယ်။

“ တကယ်တိုင်းပြည်ကို ချစ်တာလက်နက်ကိုင်တဲ့သူတွေ မဟုတ်ဘူး။ တိုင်းပြည်ကို တကယ်ချစ်တာ ပြည်သူ တွေ ပါ”လို့လည်း သူ က မှတ်ချက်ပြုပါတယ်။

R.I.P 18 ဆိုတဲ့စာ လူမှုကွန်ရက် စာမျက်နှာတွင် ပေါ်လာကာ ပြည်သူတွေ မျက်စိနဲ့မြင်ရတဲ့အရာမဟုတ်တဲ့အတွက် သေချာမပြောဆိုနိုင်ကြောင်း၊ တကယ်အဖြစ်အပျက် ကို တပ်၂တပ် အနေနဲ့ ချပြပေးရန် လိုအပ်ကြောင်းလည်း စိုင်းဟန် က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“တကယ်လို့ ဒီကိစ္စ အမှန်ဖြစ်ရင်တော့ ရှုံ့ချတယ်။ တကယ်လို့မဟုတ်ဘူးဆိုရင်တော့ အွန်လိုင်းမှာ ဖြန့်နေတာ ရပ်စေချင်ပါတယ်” လို့ စိုင်းဟန်က ပြောပါတယ်။

လက်ရှိကာလမှာ အချင်းချင်း စည်းလုံးပြီး စစ်အာဏာကို တိုက်နေရမယ့်အချိန်မှာ အချင်းချင်းတိုက်နေတဲ့ကိစ္စဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စရပ်ဖြစ်ကြောင်း အမျိုးသမီး အရေး ဆောင်ရွက်သူ နန်းမွေနွံဟွမ် က ပြောပါတယ်။

“ ကျမတို့ ဒီချိန်ဟာ သူတို့ကို အားကိုး မျှော်လင့်တဲ့အချိန်ပါ။ ကျန်တဲ့အချိန်ဆိုမပြောလိုဘူး။ အခု ပြည်သူတွေ စစ်အာဏာကိုတိုက်နေချိန် ဒီလိုဖြစ်တော့ပြည်သူ့မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တာပါပဲ” လို့နန်းမွေနွံဟွမ် ကဆိုပါတယ်။

R.I.P 18 ပရိုဖိုင်းကြောင့် သျှမ်းပြည်လူထုတရပ်လုံးဟာ ဆွံ့အသွားခဲ့ပြီး၊ ပြောစရာစကားတောင်မရှိတော့ကြောင်းလည်း နန်းမွေနွံဟွမ်က ပြောပါတယ်။

“ ဒီကိစ္စက ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ မသေချာဘဲ ဘယ်ကနေဖြန့်ခဲ့လဲပေါ့။ နောက်တပ် ၂တပ်ရဲ့ ထုတ်ပြန်ချက်လည်းမရှိဘူး။ သတင်းကို မခိုင်လုံဘဲ တင်ကြ ရှဲကြ ပြောဆိုနေကြတာတွေဟာ အမုန်းပွားမှုတွေ တိုးလာစေတာဘဲဖြစ်တယ်။ အဲလိုမျိုးတွေ မဖြစ်စေချင်ဘူး” လို့ သီပေါမြို့ မှ စိုင်းဖ က ပြောပါတယ်။

သတင်းတခုကို တိကျမှုမရှိဘဲ လူမှုကွန်ရက်ပေါ်တွင် အမုန်းပွားအောင်ပြုလုပ်နေချင်းသည် တိုင်းရင်းသားအချင်းချင်းလည်း ပြဿနာဖြစ်လာနိုင်ကာ ညှိမရတဲ့အဖွဲ့ ၂ဖွဲ့ကြားလည်း ဆိုးရွားတဲ့ အခြေအနေပေါ်လာနိုင်ကြောင်း စိုင်းဖ က ဆိုပါတယ်။

“ အချင်းချင်းတိုက်ပွဲ မဖြစ်တာ ကောင်းပါတယ်။ အခုကာလ ဘုံရန်သူက ဘယ်သူလဲဆိုတာ ကျနော်တို့သိနေတာပဲ။ စစ်အာဏာကို တော်လှန်နေချိန် ပြည်သူတွေနဲ့ အတူရပ်တည်ပေးဖို့ပဲ တောင်းဆိုပါတယ်” လို့ စိုင်းဖ က တောင်းဆိုလိုက်ပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်က ဖေ့ဘွတ် လူမှုကွန်ရက်ပေါ်မှာ သျှမ်းပြည်သားအားလုံးရဲ့ ပရိုဖိုင်းဟာ R.I.P 18 အနက်ရောင် ဟ ယနေ့ထိ ဆက်လက်တည်ရှိပြီး၊ ထိုကိစ္စကို တပ်၂တပ်ဟာ ပြည်သူတွေ သိရှိအောင် ပြောဆိုထုတ်ပြန်မှုကို မရှိသေးပေ။

ဒါ့ကြောင့် ထိုကိစ္စရပ် အမှန်တရားဟာ သျှမ်းပြည်သူတွေ အတွက် အလွန်ပင်အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး၊ တိုင်းရင်းသားအချင်းချင်းဖြစ်ပွားနေတဲ့ တိုက်ပွဲလည်း အမြန်ဆုံး ရပ်ဆိုင်းပေးဖို့လည်း သျှမ်းပြည်သူက တောင်းဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...