Tuesday, January 27, 2026

နိုင်ငံစီမံအုပ်ချုပ်ရေးမှာပါဝင်ဖို့ ကျားခေါင်းထံ တပ်မတော်ကမ်းလှမ်း

ဖေဖော်ဝါရီ (၁)ရက် အာရုံတက်ချိန်တွင် တပ်မတော် မှ နိုင်ငံတော အာဏာကိုသိမ်းယူလိုက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စု ဝန်ကြီးအဖွဲ့ဝင်များ ကိုဖမ်းဆီးထိန်းချုပ်ခဲ့သည်။

ထို့နောက် အရေးပေါ် အခြေအနေ အဖြစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၄၁၇) အရ အမိန့်ထုတ်ပြန်ကြေညာလိုက်သည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အာဏာရှင် အစိုးရ အဖွဲ့ဝင်များကို ချက်ခြင်းဖွဲ့စည်းလိုက်ပြီး၊ ထို့အဖွဲ့အစည်းတွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများ ပါဝင်ထည့်သွင်းထားကြောင်း သိရသည်။

အာဏာသိမ်း အစိုးရအနေဖြင့် သျှမ်းပြည်အင်အားကြီးပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)ကို နိုင်ငံတော်အဆင့် တွင်ပါဝင်ရန် ကမ်းလှမ်းခဲ့သော်လည်း SNLDအနေဖြင့် လက်မခံခဲ့ကြောင်း SNLD အတွင်းရေးမှူး စိုင်းလိတ် ကပြောပါသည်။ အသေးစိတ်ကြောင်းစုံကို စိုင်းလိတ်အား သျှမ်းသံတော်ဆင့် က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အာဏာသိမ်းထားတဲ့ တပ်မတော်က အစိုးရဖွဲ့စည်းဖို့အတွက် တိုင်းရင်းသားပါတီတွေကို ကမ်းလှမ်းတာ တွေရှိတယ်လို့ ကြားသိရပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ကို ရော ပူးပေါင်းဖို့ အတွက် လာရောက်ကမ်းလှမ်းတာတွေရှိပါသလား။

ဖြေ။ ။ ရှိပါတယ်ခင်ဗျ။ သူတို့ (တပ်) အာဏာသိမ်းပြီး နောက်တရက်မှာပဲ ကျနော်တို့ (SNLD) ပါတီကို ကမ်းလှမ်းလာတယ်။ နိုင်ငံတော် အဆင့်မှာ ပါဝင်ပေးဖို့ အတွက် အနည်းဆုံးတော့ လူတယောက် အမည် စာရင်းပေးပါဆိုတာ။ ကမ်းလှမ်းပါတယ်။

၂ ရက်နေ့မှာ ကမ်းလှမ်းတယ်။ ၃ ရက်နေ့ထိ ကျနော်တို့ အကြောင်းမပြန်ဘူး။ ကျနော်တို့ ဘက်က လည်း ပြန်စရာလည်း မလိုဘူးထင်တယ်။ဘာလိုလဲဆို ကျနော်တို့က statement (ကြေညာချက်)လည်း ထုတ်ပြီးသားဖြစ်တယ်။

စစ်အာဏာသိမ်းပြီး ၄ရက်နေ့မှာ ထပ်ပြီးမေးလာတော့ ကျနော်တို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ ကျနော်တို့ သွားချင်တဲ့လမ်းကြောင်းနဲ့ ဆန့်ကျင်နေတာမျိုး ဆိုရင် လက်မခံနိုင်ပါဘူး။

နောက် ရွေးချယ်ခံရတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေဆီ တဦးချင်း ပုဂ္ဂိုလ်ရေး အနေနဲ့ ချဉ်းကပ်တာမျိုးလည်း ရှိပါတယ်။

ဒါပေမယ့် အဲ့ဒီ ပုဂ္ဂိုလ်တွေကိုလည်း ကျနော်တို့က အစည်းအဝေး ထိုင်ပြီးသားဖြစ်တယ် ပါတီဝင်တိုင်းဟာ ဒီကိစ္စနဲ့ ပါဝင်ပတ်သက်ခြင်းမပြုဖို့ ကျနော်တို့အားလုံး ဟာ တညီတညွတ်တည်း သဘောတူညီချက်ချပြီးသားဖြစ်ပါတယ်။ ဘယ်သူမှ သွားပြီးလုပ်ခံတာမရှိပါဘူး။

မေး။ ။ တကယ်လို့ စစ်အာဏာရှင် အစိုးရ ကိုလက်ခံလိုက်ရင် ဘယ်လို ဆက်ဖြစ်လာနိုင်လဲ။

ဖြေ။ ။ ကျနော်တို့ပါတီ ဝင်တွေက ဘယ်သူမှ လက်မခံဘူးလို့တညီတညွတ်တည်း သဘောတူညီထားဖြစ်လို့ ဘယ်သူမှ လက်မခံဘူး။

တကယ်လို့ လက်ခံတဲ့သူရှိခဲ့ရင်လည်း သူ့သမိုင်းသူရေးတာပဲ။

ကျနော်တို့ ပါတီက လက်သင့်ခံမှာ မဟုတ်ဘူး။ ပါတီဝင် အဖြစ်က သူ့ဘာသာသူ နှုတ်ထွက်ပြီးသားဖြစ်သလို ကျနော်တို့ကိုယ်တိုင် ကလည်း လိုအပ်သလို အရေးယူမှာပဲဖြစ်ပါတယ်။

မေး။ ။ လက်ရှိ မှာဆိုရင် Civil disobedience Movement (CDM) ဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်လာကြတယ်။ ဒီလှုပ်ရှားမှုဟာ အရင်လှုပ်ရှားမှုနဲ့ မတူတာတွေပြောဆိုကြတယ်။ အဲ့လှုပ်ရှားမှုက ထိရောက်မှုရှိတယ်လို့ မြင်ပါသလား။

ဖြေ။ ။ လောဆယ် CDMနဲ့ တိုက်ပွဲဝင်နေကြတာ ကောင်းပါတယ်။

ဒါပေမယ့် တဖက်က အရေးယူမှုတွေ၊ တိုက်ခိုက်မှုတွေ၊ ဖြိုခွဲမှုတွေ ဒီထက်များပြားလာမယ်ဆိုရင်တော့ ဒီအဆင့်ကနေ ကျော်ပြီး နောက်ထပ် တခုခုတော့ စဉ်းစားရမယ်လို့ထင်ပါတယ်။ အခု အနေအထားကတော့ လုံလောက်နေပါတယ်။

မေး။ ။ စစ်အာဏာရှင် ဆန့်ကျင်မှုဆန္ဒထုတ်ဖော်တဲ့နေရာမှာ လူငယ်တွေ အများအပြားပါလာတာကိုတွေ့ရပါတယ်။ လူငယ်တွေပါလာတဲ့အပေါ်မှာ အားရကျေနပ်မှုရှိပါသလား။

ဖြေ။ ။ လူငယ်တွေ နိုင်ငံရေးမှာ တက်တက်ကြွကြွပါဝင်လာတာ အင်မတန်ကောင်းတဲ့လက္ခဏာပါ။ အခုလူငယ်တွေ ကိုယ်တိုင်က အာဏာရှင်ကို ဆန့်ကျင်တာမျိုး မလုပ်ဘူးဆိုရင် နောက်မျိုးဆက်တွေ နောက်လာမယ့် လူငယ်တွေမှာ ဒီထက်ဆိုးတဲ့ အခြေအနေမျိုးမရောက်ဘူးလို့ အာမ မခံနိုင်ဘူး။

ဒါကြောင့်မလို အခုကတည်းက အာဏာရှင် စနစ်ကို ဝိုင်းဝန်းပြီး တညီတညွတ်တည်း ဝိုင်းပြီး ဆန္ဒပြ ကြတာ ဆန့်ကျင်ကြတာ အင်မတန် ကောင်းတဲ့လုပ်ရပ်လို့မြင်တယ်။ ဒါဟာ အနာဂတ်အတွက် ကြိုတင်ပြီးတော့ ကျနော်တို့ တိုက်ပွဲဝင်ထားခြင်းဖြစ်ပါတယ် လို့ မြင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဆရာ ဒီလှုပ်ရှားမှုတွေ အပေါ် ဘာများ သုံးသပ်ပြောကြားချင်ပါသလဲရှင့်။

ဖြေ။ ။ ကျနော်တို့ လက်ရှိ သွားချင်နေတဲ့ လမ်းကြောင်းက ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပါ။

ဒါပေမယ့် အဲ့ဒါကို သွားနိုင်တဲ့ အခင်းအကျင်း လုံးဝရပ်တန့်သွားပြီဖြစ်တယ်။ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို မျက်ခြေမပြတ် သွားနိုင်ဖို့ဆိုရင် ကျနော်တို့က တစိတ်တည်းတဝမ်းတည်း ကိုယ်မကြိုက်တာကို မကြိုက်ဘူး ရဲရဲရင့်ရင့် ဆန္ဒဖော်ထုတ်ဖို့ လိုအပ်ပါတယ်။

ဒီချိန်မှာ တကိုယ်ကောင်းဆန်နေလို့ မရပါဘူး။ လူတယောက်ချင်းစီ တကိုယ်ကောင်းဆန်လို့ မရသလို အဖွဲ့အစည်းတခုချင်းစီလည်း တကိုယ်ကောင်းဆန်လို့မရဘူး။

လူမျိုးတမျိုးတည်း အနေနဲ့လည်း တကိုယ်ကောင်းဆန်လို့ မရပါဘူး။ ပြည်ထောင်စု တိုင်းရင်းသား အားလုံးက ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းတော်လှန် ဆန့်ကျင်ကြဖို့ လုံးဝ အချိန်တန်ပါပြီလို့ပြောချင်ပါတယ်။

၂၀၁၅ – ၂၀၂၀ အစိုးရသက်တမ်းမှာ လွှတ်တော်နေရာ ၄၆ နေရာအထိရရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လွှတ်တော် ၄၃ နေရာအနိုင်ရရှိထားပါတယ်။ အခုလိုဖြစ်ရပ်မျိုးနဲ့အလားတူ ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းကလည်း လွှတ်တော်ကိုယ်စားလှယ် ၂၃ နေရာနဲ့ နိုင်ငံတဝှမ်းအတိုင်းအတာနဲ့ ဒုတိယအများဆုံး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် ထိုစဉ်ကလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် အနိုင်ရကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမရောက်ရခဲ့ပါဘူး။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...