Wednesday, April 24, 2024

သိန္နီ-ကွမ်လုံကြား တိုက်ပွဲဖြစ် အရပ်သားကျည်ထိမှန်ဒဏ်ရာရ

Must read

သျှမ်းပြည်မြောက်ပိုင်း သိန္နီ-ကွမ်လုံ ကြား နားတီးကျေးရွာ အနီး တိုက်ပွဲဖြစ်ပွါးရာ အရပ်သားထိမှန်ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ၅ ရက် ယနေ့မွန်းလွဲ ၁ နာရီဝန်းကျင်က နားတီးကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားကြောင်း၊ လူထိမှန်မှု ရှိ ကြောင်း၊ လက်ရှိမှာ ကားလမ်းပိတ်ထားကြောင်း သိန္နီမြို့နယ် ရွေးကောက်ခံ ပြည်နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီ က ပြောသည်။

“ တိုက်ပွဲဖြစ်တာကတော့ အတည်ပြုလို့ရတယ်။ လူထိတယ်ဆိုတာလည်းကြားရတယ်။ အတည်မပြုနိုင်သေးဘူး။ ကားတွေကတော့ ပိတ်နေသေးတယ်” ဟု နန်းခင်ထားရီ က ဆိုသည်။

တိုက်ပွဲမှာမည်သည့်အဖွဲ့များဖြစ်သည်ကိုတော့ မသိရသေးကြောင်း၊ ယခုညနေပိုင်းအထိ ကားလမ်းပိတ်နေသေးကြောင်း
နန်းခင်ထားရီ ကပြောသည်။

“ညီမရဲ့သူငယ်ချင်း က လားရှိုးဆင်းတာ။ အခုနားတီးမှာ တိုက်ပွဲဖြစ်နေတယ်။ ကားလမ်းတွေ ပိတ်နေတယ်။ အရပ်သားတွေဒဏ်ရာရတယ်ဆိုပြီး မက်ဆေ့ပို့လာတယ်။ သူ့ကို အခုထိဆက်သွယ်လို့မရသေးဘူး” ဟု ကွမ်လုံဒေသခံ အသက် ၂၀ကျော် အမျိုးသမီး တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ပွဲကြောင့် ကားတစီး လက်နက်ထိမှန်ထားပြီး၊ အရပ်သား ၄ဦး ကျည်ထိမှန်ကာ ဖာဆန်ရွာမှ အမျိုးသားတဦးသေဆုံးသွားကြောင်းသိရသည်။

ယခု တိုက်ပွဲဖြစ်ပွားသည့်နေရာသည် သိန္နီမြို့ နှင့် မိုင် ၃၀ ခန့် ကွာဝေးကြောင်း၊ ထိုနေရာတွင် လက်နက်ကိုင် ပေါင်းစုံ လှုပ်ရှားသည့်နေရာ ဖြစ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article