ပြည်တွင်းငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုတဲ့ နေပြည်တော်ရောက် သျှမ်းအမတ်လောင်း

0

ယနေ့ ဖေဖော်ဝါရီ ၁ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတက်ဖို့ အတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းများက အဆင်သင့်ရောက်ရှိထားပါတယ်။ သို့ပေမယ့် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်တာကြောင့် လွှတ်တော်အစည်းအဝေးမကျင်းပဖြစ်သေးဘဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဧည့်ရိပ်သာမှာဘဲ စောင့်ဆိုင်းနေကြရပါတယ် ။ အခြေအနေသိရအောင် ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် မှ မိုင်းရယ်မြို့နယ် အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ နေပြည်တော်ရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာထဲမှာပဲရှိနေတဲ့အခါကျတော့ ကျနော်တို့ ဒီထဲက အနေအထားလောက်ပဲ သိရတယ်။ ပြင်ပ အခြေအနေ ကတော့ မသိရပါဘူး။ မနက် အစောပိုင်း လောက်ကတည်းက စပြီးတော့ သတင်းစကြားရပါတယ်။ ဒါပေမယ့် အဲ့ချိန်မှာ ကျနော်တို့ ဆက်သွယ်မှုလိုင်းတွေ အားလုံး က ဖြတ်ထားတယ်။ ဖုန်းတွေ ဆက်လို့မရဘူး။ အင်တာနက်လိုင်းတွေ ကြည့်လို့မရဘူး။ တယောက်နဲ့ တယောက် ဆက်သွယ်လို့မရဘူး။ ကျနော်တို့က အချင်းချင်း ဒီလို သတင်းကြားတယ်ဆိုတာပဲ ဒါပေမယ့် သတင်းကို ဘယ်လို သိရမလဲဆိုတာ ကို စောင့်ကြည့်နေရတဲ့အနေအထားပါ။ နောက်ပိုင်းမှ ကျနော်တို့ မြဝတီ ရုပ်သံကနေပြီးတော့ နိုင်ငံတော် အာဏာကို ထိန်းသိမ်းလိုက်ပြီးဆိုတာ သိလိုက်ရပြီး၊ အတည်ပြုချက်သိရတယ်။ ဒါပေမယ့် စည်ပင်နေပြည်တော် ဧည့်ရိပ်သာထဲမှာ ရှိနေကြ တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝင်းထဲမှာ ပဲရှိနေကြတာပေါ့။

ဝင်းထဲမှာလွတ်လွတ်လပ်လပ် သွားလာလို့ရပါတယ်။ အပြင် ကိုတော့ သွားလာလို့မရဘူး။ အပြင်မှာ လုံခြုံရေးတွေ စောင့်ထားပြီး တားထားတဲ့အတွက်ကြောင့် အပြင်ကိုတော့သွားလို့မရဘူး။

မေး။ ။ ဖုန်းက ဘယ်ချိန် အင်တာနက် ဘယ်ချိန်ပြန်ရခဲ့လဲ။

ဖြေ။ ။ ဖုန်းကတော့ စပြီး ပြန်ဝင်လာတာကတော့ ၁၁ နာရီခွဲလောက်ကပါ။ ဒါပေမယ့် ဖုန်းက ဆက်လို့မရဘူး။ ခဏနေကျမှ အင်တာနက်လိုင်းကို ပြန်သုံးလို့ရတယ်။ ဒါပေမယ့် ဖုန်းက ပြောလို့မရဘူး။ ဖုန်းလိုင်းတွေက အချင်းချင်း အားလုံးမပွင့်ဘူး။ အင်တာနက်လိုင်းလည်း တချို့ပဲရတယ်ပေါ့။ ကျနော်တို့ ရရချင်းပဲ ကျနော်တို့ ပါတီ ဌာနချုပ်ကို ဆက်သွယ်တယ်။ ရန်ကုန်နဲ့ရတယ်။ တခြားနေရာဒေသတွေနဲ့တော့ ဆက်သွယ်မရခဲ့ဘူးပေါ့။ ဌာနချုပ်ကိုဆက်သွယ်ပြီး ဌာနချုပ်လမ်းညွှန်မှုကိုစောင့်နေတာပေါ့။

မေး။ ။ အခုချိန်ထိ စည်ပင်ရိပ်သာရဲ့ အပြင်မှာ ရဲတွေ စစ်ကားတွေ ရှိနေတုန်းလား။ စောင့်နေတုန်းလား။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ရှိနေပါတယ်။ အတွင်းပိုင်းမှာတော့ ရဲတွေ ထားပြီး။ အပြင်မှာတော့ တပ်မတော်သားတွေ လုံခြုံရေးယူထားတာတွေ့တယ်။ ကားတွေ စစ်ကားတွေ အစောင့်ထားတဲ့အနေအထားရှိတယ်။

မေး။ ။ စစ်ကားတွေ စစ်အင်အားတွေ ကရော ဘယ်လောက်ရှိနေလဲ။

ဖြေ။ ။အင်အားကတော့ ကျနော်မခန့်မှန်းတက်ပါဘူး။ စစ်ကားကတော့ စည်ပင်ဝင်းအဝင်ပေါက်မှာတော့ ၂စီး၊ ပိတ်ရပ်ထားတယ်။ ခပ်လှမ်းလှမ်းမှာလည်းရှိတယ်။ ဘယ်လောက်ရှိလဲဆိုတာ ကျနော်မသိရပါဘူး။

မေး။ ။ တကယ်ဆိုရင် ဒီနေ့က လွှတ်တော်တက်ရမယ့်နေ့ ဆိုတော့ မနေ့ညထိရော အကြောင်းအကြားတာတွေ အရိပ်အမြွက်တွေပြလား။

ဖြေ။ ။ ကျနော်တို့က မသိရပါဘူး။ အခမ်းအနား အစီအစဉ်တွေ ဖြန့်ဝေတဲ့အနေအထားထိ ရပါတယ်။ လွှတ်တော် တက်ဖို့ပဲ ကျနော်တို့သိရတယ်။ တခြား အကြောင်းအချက်တွေ မသိရပါဘူး။ ည ၁၂နာရီလောက်တော့ ဆက်သွယ်မှုလိုင်း တွေပြတ်သွားတယ်ဆိုတာ သိလိုက်တာ။ တခြားဘာမှ မသိရပါဘူး။

မေး။ ။ မနေ့ည က ဘယ်အချိန်လောက် ရဲကားတွေ စစ်ကားတွေ ရောက်လာပါသလဲ။

ဖြေ။ ။ အဲ့ဒါအစောပိုင်းက မရောက်ဘူး။ ကျနော်တို့လည်း တော်တော်ညနက်မှ အိပ်တာပါ။ ဒီနေ့ မနက်မှ သိရတာပါ။ ညပိုင်းက မသိရပါဘူး။

မေး။ ။ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်တက်ဖို့ တောင် ဒီမနက်ထိ စီစဉ်နေကြတုန်းပဲရှိသေးတယ်လို့ ပြောလို့ရလား။

ဖြေ။ ။ ဟုတ်ပါတယ်။

မေး။ ။ လက်ရှိကဘယ်လိုဆက်ဖြစ်လာနိုင်လဲ။ စည်ပင်ရိပ်သာထဲကလူတွေရော ခေါ်သွားသေးလား။

ဖြေ။ ။ ဘယ်လို ဆက်ဖြစ်လာမယ်ဆိုတာကတော့ စောင့်ကြည့်ရအုံးမယ်။ ပြောလို့မရဘူး။ စည်ပင်ဧည့်ရိပ်သာထဲမှာ ရှိတဲ့လွှတ်တော်ကိုယ်စားလှယ်တွေခေါ်သွားတာကတော့ ကျနော် မတွေ့မိပါဘူး။

မေး။ ။ အာဏာက သိမ်းသွားပြီဆိုတော့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ ။ ကျနော်တို့ဘက်က တိုင်းပြည်တည်ငြိမ်အေးချမ်းတာပဲ အမြဲလိုလားတယ်။ အဓိက ကျနော်တို့ တိုင်းရင်းသားဆိုရင် ပိုပြီးတော့မှ ပြည်တွင်းငြိမ်းချမ်းရေးကို ပိုပြီးမျှော်လင့်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ပြည်တွင်း ပဋိပက္ခတွေကြားထဲမှာ နေလာခဲ့တာ ကြီးပြင်းလာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူးလေ။ အဲ့တော့ တိုင်းပြည် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတာပဲ ကျနော်တို့ အမြဲတမ်း မျှော်လင့်တယ်။ အမြဲတမ်းဆောင်ရွက်နေတဲ့ လုပ်ငန်းမှန်သမျှလည်း ဒီတိုင်းပြည်တည်ငြိမ်မယ်။ အေးချမ်းမယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ပဲ အမြဲတမ်းဇောင်းပေးလုပ်နေတယ်။ ဒါပေမယ့် ဒီလို အခြေအနေ ဖြစ်လာမယ်လို့လည်း ကျနော်တို့က မမျှော်လင့်ဘူး။ မဖြစ်စေချင်ဘူး။ ဒါပေမယ့် ဖြစ်လာတော့ လည်း မတတ်နိုင်ဘူးလေ။ ဖြစ်လာတဲ့အခြေအနေပေါ်မှာရင်ဆိုင် သွားရမှာပေါ့။

အခု ကျနော်တို့ကျတော့ ဒုတိယ လွှတ်တော်သက်တမ်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက မနေ့ညကလည်း တာဝန်တွေ သက်တမ်းကုန်သွားတယ်။ တတိယအကြိမ် သက်တမ်းစတက်ရမယ့် ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ ဒုတိယ နဲ့ တတိယ ဆက်တက်မယ့် လွှတ်တော်အနေအထားမှာ ဒီလို အနေအထားတွေဖြစ်တော့ လွှတ်တော် မတက်ရသေးဘူး။ ကျမ်း မကျိန် ရသေးဘူး လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်လို့ ပြောလို့ရတာက ပြည်သူက ရွေးချယ်တင်မြောက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်အသိအမှတ်ပြု ထားတဲ့အနေအထားပဲရှိဖြစ်ပါတယ်။

မေး။ ။ အခုလိုဖြစ်သွားတဲ့အပေါ် ရှေ့ဆက်ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ။ ။ လောဆယ် လွှတ်တော် အခင်းအကျင်းက ပြီးသွားပြီလေ။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းက ကုန်သွားပြီ။ တတိယအကြိမ် လွှတ်တော်သက်တမ်းက အခုမှ စမှာလေ။ မစ လိုက်ရဘူး။ မစရသေးဘူးဆိုတော့ ဒီလွှတ်တော် အခင်းအကျင်းက အနေအထားက ပြီးဆုံးသွားပြီ၊ ပျက်သွားပြီပေါ့။ ဒီလက်ရှိ တပ်မတော်က အာဏာကို ရယူ ပြီးနောက် သူဆက်လုပ်မယ့် ကြေညာချက်ကိုတော့ ကြေညာထားတယ်ပေါ့။ မဲစာရင်းတွေပြန်စစ်မယ်။ ရွေးကောက်ပွဲ ကော်မရှင်တွေပြန်ဖွဲ့မယ်။ စသဖြင့် ပြီးမှ ရွေးကောက်ပွဲ ပြန်လုပ်ပြီး အနိုင်ရတဲ့ပါတီ ကို တိုက်ရိုက်အာဏာလွှဲမယ်ဆိုတာတော့ အားလုံးလည်း သိပြီးပြီထင်ပါတယ်။ ကျနော်တို့ဆိုရင်လည်း ဒီက ကြေညာတဲ့သတင်းတွေပေါ်မှာပဲ ပိုသိရတယ်။ အတွင်းကနေ အပြင်ထွက်ခွင့်မရှိဘူး။ ဆက်သွယ်မှုလည်း ခုမှ ပြန်ရတာဆိုတော့ ဘာမှလည်း မသိရပါဘူး။

မေး။ ။ ဆက်ပြီးတော့ အပြင်ထွက်ဖို့ ဘယ်ချိန်ထိ ပိတ်ထားမလဲဆိုတာရော ဘာတွေကြားလဲ။

ဖြေ။ ။ ခုထိ ကျနော်တို့ကို ဘယ်သူမှ ဘာမှ လာမပြောသေးဘူး။ ဆက်သွယ်လာတာလည်း မရှိသေးဘူး။ ကျနော်တို့ ဒီလိုပဲ နေနေရတဲ့အနေအထားပါပဲ။

မေး။ ။ ထပ်ပြီးတော့ရော ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ ဘာမှမရှိတော့ပါဘူး။။

ဟုတ်ကဲ့ပါ အချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Comments