တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးလို့မှတ်ယူလို့မရကြောင်း -တပ်သတင်းမှန်ဖြေ

0

တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း ယနေ့ (ဇန်နဝါရီ ၂၆)ရက်တွင် ကျင်းပသည့် တပ်မတော် သတင်းမှန်ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဖြေကြားခဲ့သည်။


“တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရမလား ခင်ဗျ” ဟု အဆာဟိရှင်ဘွန်းသတင်းဌာနမှ သတင်းထောက် နော်ကို က သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။


ထိုမေးခွန်းကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “မရပါဘူး။ ကျနော်ပြောတဲ့အထဲမှာ ပါပြီးသားဖြစ်တယ်။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို ကျနော်တို့က လိုက်နာသွားမှာဖြစ်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီစနစ်ကို မယိမ်းယိုင်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တည်ဆဲဥပဒေများမှာ လေ့လာကြည့်ရင် ပြောနိုင်ပါတယ်” ဟု သိရသည်။


ဆက်လက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ယူမယ်လို့လည်း မပြောဘူး။ မယူဘူးလို့လည်းမပြောဘူး။ ကျနော်တို့ပြောနိုင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် လက်ရှိတည်ဆဲဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ ကျနော်တို့လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဖြည့်စွက်ပြောသည်။


၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲရလာဒ်များနှင့် ပတ်သက်၍ တပ်မတော်မှ ဒုတိယအကြိမ်မဲစာရင်းနှင့် တတိယအကြိမ်မဲစာရင်းများကို ပြန်လည်စစ်ဆေးခဲ့ပြီး မဲစာရင်းမသမာမှုများကို ထုတ်ပြန်ခဲ့သည်မှာ ၂၉ ကြိမ်မြောက်ရှိပြီ ဖြစ်သည်။


လက်ရှိ မြို့နယ် ၃၀၀ ကျော်မှ မဲစာရင်းများကို စိစစ်သောအခါ မဲမသမာမှု ၈ သန်း ၆ သိန်းကျော် စိစစ်တွေ့ရှိရကြောင်း၊ လူဦးရေ ၅၄ သန်းကျော်တွင် မဲစာရင်းမှားယွင်းမှု နှင့် မဲမသမာမှုဖြစ်နိုင်သော ၈ သန်း ၆ သိန်းကျော်ကို ရှင်း လင်းပေးရန် လိုအပ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို မဲစာရင်းမသမာမှုများနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် ဖြေရှင်းပေးမှုကို လိုလားကြောင်း လည်း ၎င်း က ပြောသည်။


ထို့ကြောင့် ရွေးကောက်ပွဲ ရလဒ် ကိုလက်ခံခြင်း၊ မခံခြင်းသည် လက်ရှိ မဲစာရင်း မှားယွင်းမှုများကို ရှင်းလင်းသည့်ပေါ်မူတည်နေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

Leave a Comments