သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင် ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာ အမျိုးသား တဦး ယနေ့ (ဇန်နဝါရီ ၂၂)ရက် ညနေ ၆နာရီတွင်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

အဆိုပါ သေဆုံးသွားသည့် ကိုဗစ်-၁၉ လူနာသည် အသက် ၄၅နှစ် အရွယ်ရှိပြီး၊ ထိုအမျိုးသားထံတွင် ဆီချို၊ သွေးတိုးနှင့် နှလုံးရောဂါအခံရှိကြောင်း မူဆယ်မြို့ ဆေးရုံအုပ် ဒေါက်တာ ဟန်နိုင်စိုး က သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ ဟုတ်ပါတယ် ၆နာရီလောက်က ဆုံးသွားတာပါ။ ဒီနေ့ ၇နာရီခွဲကျော်လောက်က သဂြိုလ်ပါတယ်။ သူမှာ ဆီချို၊ သွေးတိုး နဲ့ နှလုံးရောဂါ အခံရှိတော့ ခံနိုင်အားမကောင်းဘူး” ဟု ဒေါက်တာ ဟန်နိုင်စိုး က ဆိုသည်။
ထိုသေဆုံးသွားသူသည် မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) တွင် တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ကြောင်းသိရသည်။
မူဆယ်မြို့တွင် ယနေ့ (ဇန်နဝါရီ ၂၂)ရက်တွင် ကိုဗစ်-၁၉ လူနာသစ် တဦးတိုးကြောင်းလည်း ဒေါက်တာ ဟန်နိုင်စိုးက ပြောသည်။
လက်ရှိမှာ မူဆယ်မြို့ဆေးရုံတွင် ဆေးကုသနေသည့် ကိုဗစ်-၁၉ လူနာ ၁၀ဦးရှိကြောင်းသိရသည်။











Leave a Comments