Thursday, December 1, 2022

မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်သည့် ထိုင်းရဲ ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထား

Must read

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင် ကော့စမွီကျွန်း ဘိုဖွတ်ရဲစခန်း တွင် ထိန်းသိမ်းခံရသည့် မြန်မာအမျိုးသမီး တဦးကို အဓမ္မပြုကျင့်သည့် ထိုင်းရဲ ကို အလုပ်မှ ထုတ်ပယ်ပြီး ပုဒ်မ ၃ခု ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ထိုအမှု ကိစ္စနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းရဲတပ်ဖွဲ့ မှ ဒုတိယ ပြောရေး ဆိုခွင့်ရှိသူ Police Colonel Kissana Phathanacharoen ဦးဆောင်သည့် အဖွဲ့ သည် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ လာရောက်ပြီး မြန်မာသံအမတ်ကြီး နှင့်တွေ့ဆုံခဲ့ကြောင်း ပြောသည်။

ထိုတွေ့ဆုံစဉ်တွင် မြန်မာအမျိုးသမီး ကို အဓမ္မပြုကျင့်သည့် တရားခံအား ဇန်နဝါရီ ၁၄ရက်တွင် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခဲ့ပြီး၊ အဓမ္မပြုကျင့်မှု ပုဒ်မ (၂၇၆)၊ တာဝန်ဝတ္တရားပျက်ကွက် ပုဒ်မ (၁၅၇)၊ အချုပ်ခန်း တံခါးအားအမိန့်မပါဘဲ ဖွင့်ခြင်း ပုဒ်မ (၂၀၄) စသည့် ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း ဘန်ကောက် မြန်မာသံရုံး ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့အပြင် အမှုစစ်ဆေးစဉ် ပြစ်မှုထပ်မံတွေ့ရှိပါက စွဲချက်ဖြည့်စွက်ပြီး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း လုပ်ထုံးလုပ်နည်းအညီအရေးယူဆောင်ရွက်လျှက်ရှိကြောင်း၊ ထိုင်းနိုင်ငံ အကြီးအကဲများမှ လည်း ထိရောက်စွာအရေးယူဆောင်ရွက်ရန် မှားကြားထားကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့ မှ ဒုတိယ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း မှလည်း ပြစ်မှုကျူးလွန်သူအား ထိရောက်သော ပြစ်ဒဏ် ပေးရေး၊ ပြစ်မှုအလွယ်တကူ ကျူးလွန်နိုင်အောင် အခွင့်အရေးပေးသူ၊ အားပေးအားမြှောက်ပေးကြသူများကို ဖော်ထုတ်ပြီး ထိုက်သင့်သလို အရေးယူဆောင်ရွက်ရန် လိုမည်ဟုလည်း ပြောဆိုခဲ့သည်။

ဆက်လက်ပြီး ကျူးလွန်ခံရသည့် အမျိုးသမီး အတွက် လူလုံခြုံမှု၊ စိတ်လုံခြုံမှု တို့ကို ရှိစေရန် ထိခိုက်ခံစားရမှုကို ကုစားဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှ သက်ဆိုင်ရာ ရှေ့နေများ ဥပဒေ ပညာရှင်များနှင့်လည်း ဆက်သွယ်ပြီး အကြံဉာဏ်ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မြန်မာသံအမတ်ကြီး က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ စူရတ်ဌာနီ ရှိ ရဲစခန်း တခု တွင် အချုပ်ခံထားရသည့် အသက် ၂၁နှစ် အရွယ် မြန်မာအမျိုးသမီး ကို ဇန်နဝါရီ ၁၃ရက် မနက် ၁နာရီ မှ ၂နာရီခွဲထိ ထိုင်းရဲ က အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article