Saturday, December 3, 2022

“ဝ” ဒေသ ရွှေ့ပြောင်းအလုပ်သမား ၁၅၀ ကျော် တောထဲတွင် ၃ညတိုင် ပိတ်မိနေဆဲ

Must read

“ဝ”အထူးဒေသ သွားရောက်အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀ ကျော် တောထဲတွင် အကာအရံမရှိ ၃ညတိုင် ပိတ်မိနေကြောင်း စုံစမ်းသိရသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမား ၁၅၀ကျော်သည် “ဝ” ဒေသ မိုင်းဖျဲန်မြို့ရှိ စီးကရက်စက်ရုံတခုတွင် အလုပ်လုပ်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် လစာပုံမှန်မရရှိသဖြင့် မိမိနေရပ်ကို ပြန်လာရာ မိုင်းလားနှင့် “ဝ” နယ်မြေအကြား တောထဲတွင် ပိတ်မိနေကြောင်း ထိုနေရာတွင် ပိတ်မိနေသည့် ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

ထိုတောထဲတွင် ပိတ်မိနေသည့် သူများထဲတွင် အမျိုးသမီး(၆၀)ကျော် နှင့် ကိုယ်ဝန်သည် အမျိုးသမီး ၅ဦး ပါဝင်နေကြောင်း သိရသည်။

“ ကျနော်တို့ကို ကုမ္ပဏီက ဒီမှာလာချထားတာ။ ၂ညရှိပြီ။ ဒီဒေသရဲ့ ဆောင်းရာသီက အရမ်းအေးတယ်လေ။ ကျနော်တို့ဘေးပတ်လည် အကာအရံမရှိဘူး။ ရှိတဲ့မြက်ခြောက်တွေခင်းတယ်။ကာတယ်။ မီးလှုံနေရတယ်။ လေတွေကလည်း တိုက်တယ်လေ” ဟု ထိုနေရာတွင်ရောက်နေသည့် ရွှေ့ပြောင်းအလုပ်သမား ကိုမင်းလေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုရွှေ့ပြောင်းအလုပ်သမားများ ရောက်ရှိနေသည့်နေရာသည် “ဝ” အထူးဒေသ နှင့် မိုင်းလား အထူးဒေသ ကြားဖြစ်သည့် မိုင်းယန်း- မိုင်းခတ် ကားလမ်းဘေး၊ ထန်မွန်ကျေးရွာအနီး ဖြစ်သည်။

ထိုနေရာသည် မိုင်းလား အထူးဒေသ နယ်မြေ ဖြစ်သဖြင့် မိုင်းလားအဖွဲ့ လက်မခံဘဲ ထန်မွန်ကျေးရွာ အပြင်ဘက်သို့သွားရောက်နေစေခဲ့ကြောင်း သိရသည်။

“ စားဖို့ကတော့ ဒီအနီးက ပြည်သူတွေလာပို့တယ်။ စားဖို့က အဆင်ပြေတယ်။ နေတာ အိပ်တဲ့နေရာ အဆင်မပြေဘူး။ ကျန်းမာရေး အတွက် စိုးရိမ်ရတယ်” ဟု ကိုမင်းလေး က ဆိုသည်။

ဇန်နဝါရီ ၁၄ရက်နေ့ ညနေပိုင်းတွင် ထိုနေရာကို စတင်ရောက်ရှိလာကြောင်း၊ အလွန်အေးသည့်အတွက် ညတွင် အိပ်စက် မရကြောင်း၊ ထိုနေရာသည် ကွင်းပြင်နေရာဖြစ်နေသဖြင့် ကျန်းမာရေး (အပေ့ါအလေး) သွားရန် မလွယ်ကူကြောင်းလည်း ကိုမင်းလေး က ပြောသည်။

“ ကျမ အခင်းလေးမရှိ၊ မြေကြီးပေါ်အိပ်တယ်။ ညဆိုရင်လည်း အရမ်းအေးတော့ ဘယ်အိပ်ပျော်မလဲ။ တညလုံးမီးဖိုဘေးမှာပဲထိုင်နေတယ်။ ဗိုက်ထဲက ကလေးအတွက်လည်းစိုးရိမ်တယ်။ တညမျှမအိပ်ရသေးဘူး” ဟု ကိုယ်ဝန်သည် မစုစုဝေးက ပြောသည်။

ထိုတောထဲတွင် ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားအများစုသည် နတ်မောက်မြို့၊ မန္တလေး၊ မိုးကုတ်နှင့် ကျောက်မဲ ဘက်မှာ ပြည်သူများဖြစ်ကြောင်း၊ ထိုထဲတွင် နတ်မောက် ဒေသခံများရှိကြောင်းလည်း သိရသည်။

“ ကျနော်တို့ မနက်ဖန် ပြန်ရမယ်လို့ပြောတယ်။ ကျနော် တို့အမြန်ပြန်ရဖို့ပဲ” ဟု ကိုမင်းလေး က ထပ်လောင်းပြောသည်။

ကိုဗစ်-၁၉ ကူးစက် ရောဂါ ပထမလှိုင်းတွင် မိုင်းလား ဒေသတွင် သွားရောက် အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ်သမား (၃၀၀၀)ကျော် သည် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အညီ သက်ဆိုင်ရာ နယ်မြေအတွင်း အကြောင်းကြားကာ ဆောင်ရွက်ခဲ့သဖြင့် ပြဿနာ တစုံတရာမဖြစ်ခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article