Wednesday, April 24, 2024

ဖက်ဒရယ်၊ ဒီမိုကရေစီနဲ့ အာဏာခွဲဝေမှု တချိန်တည်းဖော်ဆောင်ရန်လိုအပ်

Must read

အာဏာရ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းဖို့ ဆွေးနွေးရန်ဟုဆိုကာ တိုင်းရင်းသားပါတီများအားဖိတ်ကြားထားပြီး ဇန်နဝါရီ ပထမပတ်က တွေ့ဆုံဆွေးနွေးရေး ခရီး စတင်ခဲ့သည်။

ကချင်ပါတီနှင့်တွေ့ဆုံခဲ့ပြီးနောက် မွန်ပြည်နယ်နှင့် ကယားပြည်နယ် ခရီးစဉ်တွင် တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရခဲ့ဘဲဆွေးနွေးပွဲမအောင်မြင်ခဲ့ရပေ။ လက်ရှိတွင် သျှမ်းပြည်တွင်းရှိပါတီများနှင့် တွေ့ဆုံရန် ဇန်နဝါရီလ ၁၃ ရက်က သျှမ်းပြည်မြို့တော်တောင်ကြီးသို့ NLD ကိုယ်စားလှယ် များရောက်ရှိခဲ့သည်။

သျှမ်းပြည်နယ်တွင် NLD နှင့် USDP ပြီးနောက် ရွေးကောက်ပွဲအများဆုံးအနိုင်ရရှိခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) က ဇန်နဝါရီလ ၁၅ ရက်နေ့က NLD ကိုယ်စားလှယ် များနှင့်တွေ့ဆုံရာတွင် မည်သည့်အကြောင်းအရာများကိုဆွေးနွေးသနည်း။ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် မည်သို့ပူးပေါင်းဆောင်ရွက်သွားကြမည်နည်း။ တွေ့ဆုံဆွေးနွေးခဲ့သော SNLD ၏ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ် ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူးက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ SNLD နဲ့ NLD ရဲ့ တွေ့ဆုံမှုမှာ ဘာတွေကို အဓိက ဆွေးနွေးခဲ့ကြပါသလဲရှင့်။

ဖြေ။ ။ အပိုင်း (၃) ပိုင်းရှိပါတယ်ခင်ဗျာ။ ပထမ တချက်ကတော့ အမျိုးသား ညီညွှတ်ရေး ကိစ္စ အဲ့ဒါကို အဓိက ထားပြီး ဆွေးနွေးပါတယ်။ အမျိုးသား ညီညွှတ်ရေးကိစ္စကို NLD အနေနဲ့ မဖြစ်မနေ တည်ဆောက်ဖို့ အခုက အချိန်ကောင်းပဲလို့ ကျနော်တို့ မြင်တယ်။

ပြောရရင်တော့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အသက်အရွယ် ပြီးတော့ နိုင်ငံရေး အနေအထား။ နောက် သူတို့ရဲ့ အောင်မြင်မှု အနေအထား ဒီအနေအထား သုံးရပ်လုံး လာပြီး စုဆုံတဲ့ချိန်မှာ ဒီချိန်မှာ လုပ်မယ်ဆိုလို့ရှိရင် အမျိုးသား ညီညွတ်ရေးက တခြားချိန်တွေထက် ပိုပြီးတော့မှ အလားအလာကောင်းတယ်။

ဒါကြောင့်မလို့ အမျိုးသား ညီညွှတ်ရေးကို ဦးတည်ပြီးတော့မှ ကျနော်တို့ အင်တိုက်အားတိုက် တိုက်တိုက်တွန်းတွန်း ပြောဆိုခဲ့တယ်။

ဒုတိယ တချက်က အမျိုးသား ညီညွှတ်ရေးလို့ ပြောတဲ့နေရာမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးလို့ပဲ ပြောပြော အမျိုးသားညီညွှတ်ရေးလို့ပဲ ပြောပြော ပထမဆုံး ညီညွှတ်ရေး လုပ်ရမှာက တိုင်းရင်းသားတွေအတွက် အင်မတန် အရေးကြီးပါတယ်။

အဲ့လိုမှ မဟုတ်ရင် ဗမာ မဟုတ်သော တိုင်းရင်းသားတွေနဲ့ NLD နဲ့ အလှမ်းကွာသွားမယ်။ ပြီးခဲ့တဲ့ ၅ နှစ်ကလို အေးစက်စက် ပုံစံမျိုးပဲ ဆက်သွားမယ် ဆိုလို့ရှိရင် ကျနော်တို့ရဲ့ ပြည်တွင်းစစ်ကနေ တဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုတာလည်း အောင်အောင်မြင်မြင် ဖြစ်လာစရာအကြောင်းမရှိဘူး။

အဲ့ဒါကြောင့် မွန်နဲ့ ကယားမှာ ဖြစ်ခဲ့တဲ့ဟာတွေကို ကျနော်တို့ စိုးရိမ်တယ်။ အဲ့တိုင်းပဲ သူတို့ကိုပြောလိုက်တယ်။ စိုးရိမ်တာနဲ့ တပြိုင်တည်းမှာ အဲ့ဒီဆွေးနွေးပွဲတွေ ပြန်ဖြစ်ဖို့အတွက် NLD ဘက်က ကြိုးပမ်းသင့်တယ်။ ကြိုးပမ်းဖို့ လိုအပ်တယ်။အဲ့ဒီကြိုးပမ်းတဲ့အခါမှာ လိုအပ်လို့ရှိရင် ကျနော်တို့ ကူညီပေးပါဆိုရင် ကူညီပေးမယ်။

ကျနော်တို့ SNLD အနေနဲ့ အဲ့တော့ နိုင်ငံရေး ပါတီ (၄၈) ခုစလုံး သူတို့ကြေညာထားတဲ့ (၄၈) ခုစလုံးနဲ့ တွေ့ဖြစ်အောင် ကြိုးပမ်းစေချင်တယ်။ အရင်က ပျက်ခဲ့တဲ့ဟာတွေလည်းပဲ ပြန်ပြီး ကုစားဖို့အတွက် ကြိုးပမ်းစေချင်တယ်။

နောက်တစ်ဆင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်မှာလည်းပဲ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေပဲ ဖြစ်ဖြစ် Bilateral ထိုးထားတဲ့အဖွဲ့ပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးရာ လိုအပ်လို့ရှိရင် ကျနော်တို့ SNLD အနေနဲ့ ထဲထဲဝင်ဝင် ကူညီပေးနိုင်တယ်။ ကူညီပေးဖို့ လိုအပ်လို့ရှိရင် အချိန်မရွေးပြောပါလို့ ကျနော်တို့ ဒီကိစ္စကို ဆွေးနွေးတယ်။

နောက် တတိယတချက်ကတော့ ကျနော်တို့ SNLD ရဲ့ ရပ်တည်ချက်ပေါ့ မူဝါဒ တွေကို ရှင်းပြတယ်။ NLD အနေနဲ့ မဖြစ်မနေ လုပ်ရမယ့် ကိစ္စရပ်တစ်ခုရှိတယ်လို့ ၁၉၈၉ – ၉၀ တဝိုက် ကတည်းက CRPP မဖွဲ့စည်းခင်ကတည်းက NLD နဲ့ ကျနော်တို့ ဗမာမဟုတ်သော တိုင်းရင်းသားတွေ ကြားထဲမှာ သဘောတူညီချက် ရှိခဲ့တယ်။

အဲ့ဒါကတော့ ဒီမိုကရေစီရေး နဲ့ ဖက်ဒရယ်ရေးကို တစ်ပြိုင်တည်း အတူတူလုပ်ဖို့ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်။ NLD ဘက်က တချို့ပုဂ္ဂိုလ်တွေ ပြောနေတာတွေရှိတယ်။ ဒီမိုကရေစီအရေး အရင်အောင်မြင်အောင်လုပ်ပြီးမှ ဖက်ဒရယ်အရေးကို နောက်မှ စဉ်းစားမယ်ဆိုတဲ့ စဉ်းစားချက်မျိုးကို ကျနော်တို့ လက်သင့်မခံနိုင်ဘူး။

အဲ့ဒီ ဥစ္စာ နည်းလမ်းမကျသလို အောင်မြင်နိုင်စရာအကြောင်းလည်း မရှိဘူး။

နောက် ပြည်ထောင်စုကို ကျနော်တို့အသက်သွင်း ပုံဖော်တဲ့နေရာမှာ အသွင်သဏ္ဍ သတ်သတ် ပုံဖော်လို့ မရဘူး။ အနှစ်သာရပိုင်းကို တပြိုင်တည်းလုပ်ဖို့ လိုအပ်တယ်။ ပြည်ထောင်စုလို့ နာမည်ခံရုံ အသွင် သဏ္ဍာန်ပေါ်ပေါက်ရုံနဲ့ မရဘူး။ အနှစ်သာရပိုင်းမှာ အပြည့်အဝ အကောင်အထည်ဖော်နိုင်အောင် အာမခံချက်ပေးနိုင်အောင် NLD ဘက်က ကြိုးပမ်းဖို့ လိုအပ်တယ်။

အဲ့ဒီအချက်တွေကို ကြိုးပမ်းမယ်ဆိုလို့ရှိရင် ဒီအချိန်ဟာ အကောင်းဆုံးပဲလို့ ဒီကိစ္စတွေကို အဓိက ဆွေးနွေးတင်ပြချင်လို့ ကျနော်တို့ သူတို့ကို သွားပြီးတွေ့ခဲ့တာပေါ့နော်။ သူတို့ကတော့ CEC ကိုတင်ပြမယ်။ နောက် ပါတီခေါင်းဆောင်ထိ သူတို့ရဲ့ဥက္ကဋ္ဌထိ တင်ပြပါ့မယ်လို့ ကတိပြုပါတယ်ခင်ဗျ။

မေး။ ။ တွေ့ဆုံဆွေးနွေးမှု ရလဒ်က ဆရာ စိုင်းလိတ် အနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲရှင့်။

ဖြေ။ ။ သူတို့ဘက်က အပြန်အလှန် ဆွေးနွေးတဲ့ ပုံစံမဟုတ်ဘူး။ ကျနော်တို့ ဖြစ်ချင်တဲ့ အတိုင်းအတာ ကျနော်တို့ တင်ပြချက်ကို တလုံးမကျန် ရေးမှတ်ပြီးတော့မှ အထက်ကို သွားတင်ပြမယ့် အနေအထားပဲ ရှိပါတယ်။ သူတို့မှာ ဆွေးနွေးပိုင်ခွင့် ပြန်လည်ဖြေကြားပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ပဲ အဓိက ပြောစေတာပါ။

မေး။ ။ ဒီဆွေးနွေးပွဲက အားရကျေနပ်မှု ရှိပါသလားရှင့်။

ဖြေ။ ။ ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ရှမ်းတိုင်းရင်းသား တခုတည်းမဟုတ်ဘူး။ ပြည်ထောင်စုကြီးကို အတူတည်ဆောက်လာတဲ့ တိုင်းရင်းသားအကုန်လုံးနဲ့ အာဏာရ အစိုးရကြားထဲမှာ နောက်အာဏာရ ပါတီကြားထဲမှာ ပြေလည်မှုတွေ ရပြီးတော့မှ ဒီပြည်ထောင်စုအရေးကို အတူလက်တွဲပြီးတော့မှ ဆောင်ရွက်မှသာလျှင် ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း ကျနော်တို့ ဆောင်ရွက်နိုင်မယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုလည်း အကောင်အထည်ဖော်နိုင်မယ် ဆိုတဲ့အကြောင်းကို ကျနော်တို့ စိတ်ထဲရှိတဲ့အတိုင်းမူဝါဒ နဲ့အညီ အပြည့်အစုံတင်ပြလိုက်ရ၊ ပြောပြရတဲ့အတွက်ကြောင့်မလို့ အားရကျေနပ်ပါတယ်။

မေး။ ။ အခု တွေ့ဆုံမှုက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တကယ်ကော အကောင်အထည်ဖော်နိုင်မလားရှင့်။

ဖြေ။ ။ ဟုတ်ကဲ့။ လက်ခုပ်ကတော့ နှစ်ဖက်တီးမှ မြည်တာပါ။ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ဘက်ကတော့ အဆင်သင့် ရင်ဖွင့်ထားတယ်။ သူတို့ဘက်က ပြန်ပြီးတော့မှ သဘောထား ကြီးကြီးနဲ့ အမျိုးသားညီညွှတ်ရေးကို ဦးတည်တယ်ဆိုလို့ရှိရင်တော့ ရလဒ်ကောင်းတွေ ထွက်လာနိုင်စရာ ရှိပါတယ်ခင်ဗျာ။

မေး။ ။NLD ရဲ့ လုပ်ဆောင်ချက်ကို စောင့်ကြည့်ရမယ်ဆိုတဲ့သဘောလားရှင့်။

ဖြေ။ ။ ဟုတ်ကဲ့။ သူတို့ဘက်က ဘယ်လောက်ထိ အကောင်အထည်ဖော်မှု စိတ်အားထက်သန်မှုရှိသလဲ။ နိုင်ငံရေးစိတ်ဆန္ဒ ဘယ်လောက် ရှိလဲဆိုတာ မူတည်ပါတယ်။ ကျနော်တို့ ပြည်ထောင်စုကြီးကို တည်ဆောက်ခဲ့တာ နှစ်ပေါင်း (၇၀) ရှိပြီ။ ဒီနေ့ထိ ပြည်ထောင်စု ပုံသဏ္ဍာန်မပေါ်ဘူး။ သူတို့မှာ အာဏာအပြည့်အဝမရသေးဘူးဆိုပေမယ့် တဖက်မှာ စစ်တပ်က ဝင်ပါနေသေးတယ် ဆိုပေမယ့်လို့ လုပ်မယ်ဆိုလို့ရှိရင် လုပ်နိုင်တဲ့ ကိစ္စအများကြီးရှိပါတယ်။

ဒါကြောင့်မလို့ NLD ဘက်က စစ်တပ်နဲ့ တပ်မတော်နဲ့ ရင့်ကြားစေ့ရေးလုပ်ရုံနဲ့တော့ ဘယ်လိုမှ စခန်းရောက်မှာ မဟုတ်ဘူး။ ဗမာမဟုတ်သော တိုင်းရင်းသားတွေနဲ့ အကုန်လုံးအဆင်ပြေ မှသာလျှင် ဒါအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ပြည့်စုံမှာ ဖြစ်တယ်။ ဒီဥစ္စာလုပ်ဖို့အတွက်ကတော့ NLD ရဲ့ နိုင်ငံရေး စိတ်ဆန္ဒပေါ်မှာ အများကြီး မူတည်တယ်။ သူတို့ဘက်က ဒါကို လုပ်ဖို့အတွက် စိတ်ဆန္ဒရှိတယ်။ အာသီသ ပြင်းပြင်းပြပြနဲ့ ကြိုးပမ်းမယ်ဆိုလို့ရှိရင် မဖြစ်နိုင်စရာ မရှိဘူးလို့ ကျနော်တို့ မြင်ပါတယ်ခင်ဗျာ။

မေး။ ။ တခြားတိုင်းရင်းသားဒေသ ပါတီတွေနဲ့ NLD အထူးသဖြင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ၊ မွန်ပြည်နယ် မွန်ညီညွှတ်ရေးပါတီ(MUP) ပါတီတို့နဲ့ တွေ့ဆုံတဲ့နေရာမှာ မအောင်မြင်ခဲ့ဘူး။ ရှမ်းပြည်အခြေစိုက် တိုင်းရင်းသားပါတီတွေနဲ့ အားလုံးနီးပါးတွေ့ဆုံခဲ့တာ ကောင်းမွန်မှု ရတယ်လို့ ပြောလို့ရပါသလား။ ဆရာ့အနေနဲ့ သုံးသပ်ပေးပါရှင့်။

ဖြေ။ ။ ဒီ မွန် နဲ့ ကယားမှာတော့ အဆင်မပြေခဲ့ဘူး။ မွန် နဲ့ ကယား ဆွေးနွေးပွဲ ပြန်ဖြစ်အောင် လုပ်ပါ။ ကျနော်တို့ကလည်း ကူညီမယ်လို့ စောစောကလည်း ပြောခဲ့ပြီးပြီလေ။ အလားတူပဲ ကျနော်တို့ ရှမ်းပြည်မှာ ရှိတဲ့ နိုင်ငံရေး ပါတီ တော်တော်များများနဲ့ကတော့ သူတို့တွေ့ပြီးပြီ ကျနော်တို့က နောက်ဆုံးပေါ့နော်။ ရလဒ် ဆိုတာထက်ကို အခင်းကျင်းကောင်းလို့တော့ မြင်ပါတယ်။ ရလဒ်ကတော့ မထွက်သေးဘူးပေါ့နော်။ ဒါပေမယ့် အခုက အခင်းအကျင်းကောင်းတစ်ရပ်ကို ဖော်ဆောင်သွားနိုင်တယ်။ ကျနော်တို့ နိုင်ငံရေးပါတီတွေဘက်ကလည်း ရှမ်းပြည်နိုင်ငံရေးပါတီ အင်အားစုတွေကလည်းပဲ သူတို့ကို ဖေးဖေးမမ နဲ့ ကူညီသွားတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒီအပေါ်မှာ သူတို့က ဝမ်းသာကျေနပ်နေတဲ့ ပုံပါပဲ ခင်ဗျာ။

မေး။ ။ ဘာကြောင့် အခင်းအကျင်း ကောင်းတယ်လို့ ပြောရတယ်တာလဲရှင့်။

ဖြေ။ ။ အခင်းကျင်းကောင်းတယ်ဆိုတာက နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေး ရပ်တည်ချက် နောက် နိုင်ငံရေး မျှော်မှန်းချက် ဒီကိစ္စတွေ ပါတီတိုင်းက ရှင်းပြခွင့်ရလိုက်တယ်လေ။ အဲ့တော့ ဗမာမဟုတ်သော တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်က ဒါပါလားဆိုတာ သူတို့ သိသွားတဲ့အခါ ဘာတွေ ပြုပြင်ဖို့ လိုအပ်တယ်။ ဘယ်လိုချဉ်းကပ်မှ အဆင်ပြေမယ် ဆိုတာ သူတို့လည်း နည်းလမ်းကောင်းတွေ ရသွားမယ်။ အဲ့ဒါကြောင့်မလို့ အခင်းကျင်းကောင်းလို့ ကျနော်က ယူဆတာပါ။

မေး။ ။ ဆွေးနွေးတဲ့ချိန်မှာ NLD ဘက်က ဘယ်လို တုံ့ပြန်မှု ရှိခဲ့ပါသလဲရှင့်။

ဖြေ။ ။ သူတို့က တိုင်းရင်းသားပါတီရဲ့ စိတ်ဆန္ဒ အမြင်သဘောထား ဒါကို လာနားထောင်ရုံသက်သက် ရေးမှတ်ပြီးတော့မှ CEC ကို သွားတင်ပြတဲ့အဆင့်ပဲရှိတယ်။ သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ဆုံးဖြတ်နိုင်တဲ့ Mandate တွေ ပါမလာဘူး။ အဲ့ဒါကြောင့်မလို့ သူတို့ဘက်ကတော့ တစ်စုံတစ်ရာ ပြန်ပြီးဆွေးနွေးနိုင်မယ့် အနေအထားမျိုးမရှိဘူးခင်ဗျာ။ ရေးမှတ်သွားရုံ သက်သက်ပါပဲ။

မေး။ ။ SNLD ဘက်ကရော NLD ကို ဘယ်လို အချက်တွေ တောင်းဆိုခဲ့ပါသလဲ။ ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် အစိုးရဖွဲ့စည်းတဲ့နေရာမှာ ပူးပေါင်းပါဝင်ဆောင်ရွက်မှာသွားဖို့ ရှိမှာလားရှင့်။

ဖြေ။ ။ အဲ့ဒါ ပါပါတယ်။ ဒါကို နောက်ဆုံးအပိုင်းမှာ ကျနော်တို့ ပြောဖြစ်ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှု လုပ်ငန်းစဉ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တယ်ဆိုတာကတော့ လိုအပ်ရင် လိုအပ်သလို အစ ကနေ အဆုံး ပြင်ဆင်တာမျိုးလည်း ဖြစ်ရင် ဖြစ်မှာပေါ့နော်။ အဲ့တော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု ကိစ္စ တွေမှာ ကျနော်တို့အနေနဲ့ ဆောင်ရွက်ပေးနိုင်မယ့် အခင်းအကျင်း မျိုးတွေ ပေါ်ပေါက်တယ်ဆိုလို့ရှိရင် အဲ့ကိစ္စမှာ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။

မေး ။ ။ လွန်ခဲ့တဲ့ ၂၀၁၅ အစိုးရ သက်တမ်းမှာ NLD အစိုးရမဖွဲ့ခင်က ဒီလိုတွေ့ဆုံမှုတွေ မလုပ်ခဲ့တာကို တွေ့ရတယ်။ ၂၀၂၁ အစိုးရသက်တမ်းမှာတော့ ဒီလို တွေ့ဆုံမှု တွေရှိလာတဲ့အပေါ်ရော ဘယ်လိုမြင်လဲ။

ဖြေ ။ ။ NLD အနေနဲ့ အမျိုးသားညီညွတ်ရေး ကိစ္စကို မလုပ်လို့ မရတော့ဘူးလို့ သူတို့ ခံယူလာပြီလို့ မျှော်လင့်ရတာပေါ့လေ။ အဲ့တော့ အမျိုးသား ညီညွှတ်ရေး ကိစ္စကို ဆောင်ရွက်လာမယ်ဆိုရင် အမျိုးသားညီညွှတ်ရေး အစိုးရလည်းပဲ ပေါ်ပေါက်ကောင်း ပေါ်ပေါက်နိုင်တာပေါ့လေ။ ဖြစ်မဖြစ်ဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့။

မေး ။ ။ တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို လက်ရှိအချိန်ထိ NLD က လက်မခံတာတွေတွေ့ရတယ်။ မလိုက်လျောတာ တွေ့ရတယ်။ ဥပမာ အခုလို နေရာ ရွေးချယ်တဲ့ နေရာမှာ ဒါကိုရော ဘာပြောချင်လဲ။

ဖြေ ။ ။ အဲ့ဒါကအစ Mind-set( အတွေးအခေါ်) တွေ ပြောင်းဖို့ လိုအပ်ပါတယ်။ ငါကသာလျှင် အသာစီးရထားတယ်။ ငါကသာလျှင် လူထုရဲ့ ရွေးချယ်တင်မြောက်မှုကို အပြည့်အဝ ရထားတယ်ဆိုတဲ့ မာန်မာနမျိုးနဲ့ ချဉ်းကပ်လို့ ရှိရင်တော့ အမျိုးသားညီညွှတ်ရေး ကိစ္စဘယ်တော့ အောင်မြင်စရာ မရှိပါဘူး။ ဒီအသေးအဖွဲ့ ကိစ္စမျိုးကအစ သူတို့ အလျော့ပေးသင့်တယ်။ သူတို့ရဲ့ Mind-set (အတွေးအခေါ်) ကို ပြန်ပြီးတော့မှ Change သင့်တယ်။

သူတို့ရဲ့ ရပ်ခံထားတဲ့ အချက်အလက်တွေဟာ အမှန်တရားနဲ့ မနီးစပ်ဘူး တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့မှ အဟကွာသွားစေမယ်။ ဝေးကွာသွားစေမယ်ဆိုတာ သူတို့ သတိပြုဖို့ လိုအပ်တာပေါ့နော်။ အဲ့ကိစ္စကိုလည်း ကျနော်တို့ ပြောတယ် ပြောလိုက်တဲ့ခါကျတော့ သူတို့ကလည်း ဒီလ ၂၄ ရက်နေ့မှာ လုပ်မယ့် CEC မှာ တင်ပြပါမယ်လို့ သူတို့ဘက်ကလည်း ပြောပါတယ်။

မေး။ ။ NLD ဘက်က အစိုးရအသစ်ဖွဲ့စည်းတဲ့ချိန်မှာ နေရာပေးရင် လက်ခံဖို့ရှိပါသလားရှင့်။

ဖြေ။ ။ အဲ့ဒါလည်းပဲ စောစောကပြောတဲ့အတိုင်းပါပဲ ကျနော်တို့ လုပ်နိုင်တဲ့ အနေအထားမျိုး ကျနော်တို့ ပါတီ မူဝါဒနဲ့ ကိုက်ညီတယ်ဆိုလို့ရှိရင်တော့ ပြည်နယ်မှာပဲ ဖြစ်ဖြစ် ပြည်ထောင်စုမှာပဲ ဖြစ်ဖြစ် ဒါ လက်ခံ စဉ်းစားသွားမှာပါ။

မေး ။ ။ မကြာခင် ပြည်နယ် အစိုးရကို ဖွဲ့စည်းတော့မယ်ဆိုတော့ SNLD အနေနဲ့ ဘယ်လိုအစိုးရမျိုးကို မျှော်လင့်ထားပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ မျှော်လင့်တဲ့ အစိုးရကတော့ ပြည်သူရဲ့ ဆန္ဒကို အပြည့်အဝ ဥပဒေအတိုင်း ဥပဒေဆိုရင်လည်း ပြည်သူ သဘောကျတဲ့ ဥပဒေအတိုင်း အကောင်အထည်ဖော်ပေးနိုင်မယ့် အစိုးရမျိုး ဖြစ်ဖို့ ကျနော်တို့ လိုအပ်တာ။ ဥပဒေဆိုတာ ၂၀၀၈ ကို ရည်ညွှန်းတာမဟုတ်ဘူး။ လူထုက လက်ခံတဲ့ လူထုက လိုလားတဲ့ ဥပဒေ အတိုင်း လူထုဘက်ကိုရပ်တည်ပြီး အကောင်အထည်ဖော်ပေးနိုင်မယ့် အစိုးရမျိုးကို လိုအပ်ပါတယ်။ အဲ့လိုပဲ ပေါ်ပေါက်စေချင်ပါတယ်။

မေး ။ ။ လာမယ့် ၂၀၂၁ NLD ရဲ့ အစိုးရသစ် သက်တမ်းမှာ ဘယ်လို အစိုးရမျိုး ဖြစ်စေချင်တာလဲရှင့်။

ဖြေ ။ ။ လူထုအစိုးရပေါ့။ လူထုကို သေသေချာချာလေး အကောင်အထည်ဖော်ပေးနိုင်တဲ့ အစိုးရမျိုးဖြစ်စေချင်တယ်။ ဥပမာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ ကိစ္စက လူထု တရပ်လုံးက သူတို့ကို တာဝန်ပေးထားတာ။

ဒီဖွဲ့စည်းပုံပြင်ဖို့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့အတွက် သူတို့ကို မဲပေးပြီးတော့မှ ရွေးချယ်ထားတာ။ အဲ့ဒီ ကိစ္စကို မလုပ်ဘူးဆိုရင် ဒါလူထုအပေါ်မှာ သူတို့ သစ္စာမစောင့်ရာ ရောက်မယ်။

အဲ့တော့ လူထုအပေါ်မှာ သစ္စာစောင့်သိပြီးတော့မှ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စမှာ မဖြစ်မနေ သူတို့ပြင်ဖို့ ကြိုးပမ်းရပါလိမ့်မယ်။ ကြိုးပမ်းသင့်တယ်။

နောက်တချက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းကို ဟန်ပြမဟုတ်ဘူး စကားလုံးအရမဟုတ်ဘူး တကယ့် လက်တွေ့ကျကျ ကြိုးပမ်းပြီးတော့မှ တည်ဆောက်ဖု့ိ လိုအပ်ပါတယ်။

အဲ့ဒါနဲ့ တချိန်တည်းမှာ ၂၀၀၈ က ပေးထားချက်တွေကိုတောင်မှပဲ ပြင်ဖို့ မပြောနဲ့ ၂၀၀၈ က ပေးထားတဲ့ အချက်လက်တွေထဲမှာပဲ NLD အနေနဲ့ အကောင်အထည် မဖော်နိုင်တာတွေ အများကြီးရှိတယ်။

ဥပမာ ပြည်နယ် လုပ်ပိုင်ခွင့် ပြည်နယ် ဥပဒေပြုခွင့် ဇယား(၂) မှာ ပါတဲ့အချက်တွေ ဆိုလို့ရှိရင် ၂၀၁၅ လောက်ကတည်းက လွှတ်တော်ကနေ ဆုံးဖြတ်ထားပြီးသား အပိုဒ်(၁) ကနေ (၈) လောက်ထိ ပြည်ထောင်စု ဥပဒေပြုခွင့်ကနေ ပြည်နယ် ဥပဒေပြုခွင့်ကို ပြောင်း ထည့်ထားပြီးသား ဒါမယ့် အဲ့ဥစ္စာကို အကောင်အထည်ဖော်ဖို့ရာ ဥပဒေ နည်းဥပဒေ ပေါ်ပေါက်အောင် NLD ဘက်က ဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့တယ်။

ပြီးခဲ့တဲ့ (၅) နှစ်သာ မှာ ဥပမာ တခုပဲ ရှိသေးတယ်။ အဲ့ဒါကျတော့ ဗဟိုချုပ်ကိုင်မှု လျော့ချခြင်း ဒီကိစ္စလိုဟာမျိုးကိုတောင်မှလည်း သူတို့က သေသေချာချာလေး စူးစူးစိုက်စိုက်မလုပ်တဲ့အတွက်ကြောင့်မလို့ အပြစ်ပြောစရာတွေ အများဖြစ်တာပေါ့။

တိုင်းရင်းသားတွေအတွက် စိတ်ကျေနပ်မှု မပေးနိုင်တာအများကြီးဖြစ်တယ်။ ဒါကြောင့်မလို့ ဥပဒေ နဲ့ ပတ်သက်ရင် (၂) ပိုင်းရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မဖြစ်မနေ ပြင်ဖို့ လိုအပ်တယ်။ ပြုပြင်တယ်ဆိုတဲ့နေရာမှာ အစကနေ အဆုံး လိုအပ်ရင် လိုအပ်သလောက် ပြင်ရမယ်။

အဲ့လို ပြင်ဆင်မှု ကြိုးပမ်းနေဆဲ ကာလမှာ ဗဟိုချုပ်ကိုင်မှု လျော့ချခြင်းကိုလည်းပဲ တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်သွားဖို့ လိုအပ်တယ်။ အဲ့လို လုပ်လိုက်မှ ဖွဲ့စည်းပုံ ပြင်ဖို့ အမှန်တကယ် ကြိုးပမ်းနေပါလား ဆိုတာ လူထုကလည်းယုံမယ်။

အခု လုပ်နိုင်ရက်နဲ့ လွယ်လွယ်ကူကူ လုပ်နိုင်တဲ့ ကိစ္စကို မလုပ်ဘူးပေါ့။ လွှတ်တော်ထဲမှာ ၅၁ ရာခိုင်နှုန်း အဆုံးအဖြတ်ပေးရုံနဲ့ ပြင်နိုင်တဲ့ ကိစ္စတွေဟာမျိုးဟာ မဖြစ်မနေ သူတို့ လုပ်ရမယ်။

အဲ့လောက်လေးမှ မလုပ်ဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံ တခုလုံး ပြင်မယ်လို့ ဘယ်လိုပဲ ပြောပြော နိုင်ငံရေးသမားကော လူထုကော ယုံကြည်မှာ မဟုတ်ဘူး။ အဲ့ကြောင့်မလို့ လူထုရဲ့ စိတ်ဆန္ဒကို အမှန်တကယ် အကောင်အထည်ဖော်ပေးမယ့် အစိုးရဖြစ်ဖို့ လိုအပ်တယ်လို့ နောက်ဆုံးပြောချင်ပါတယ်ခင်ဗျာ။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဆရာ ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ ။ ။ လူထုက Mandate ပေးထားတဲ့အစိုးရဟာ လူထုရဲ့ စိတ်ဆန္ဒကို အကောင်အထည်မဖော်ပေးနိုင်ဘူးဆိုလို့ရှိရင် လူထုရဲ့ ပြစ်ပယ်ခြင်းကို ခံရတတ်ပါတယ်။ မလွဲမသွေ ခံရမှာပဲ။ အဲ့ကြောင့်မလို့ လူထုရဲ့ စိတ်ဆန္ဒကို အကောင်အထည်ဖော်ပေးတဲ့အစိုးရ ဖြစ်ဖို့အတွက် ကျနော်တို့ မျှော်လင့်နေပါတယ်လို့ နောက်ဆုံး ပြောချင်ပါတယ်။

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါရှင့်။

Leave a Comments

- Advertisement -spot_img

Latest article