ပြည်ထောင်စုရဲ့ ဘဝတူ ရင်နှစ်သည်းချာ မောင်နှမများနှင့် တူသားမြေးမြစ်များအားလုံးခင်ဗျား။
အားလုံးသိပြီးတဲ့အတိုင်း ၁၂၊ ၂၊ ၁၉၄၇ မှာ ကျနော်တို့ရဲ့ ပြည်ထောင်စုဖခင် ခေါင်းဆောင်ကြီး များက ထာဝစဉ် အေးအတူ ပူအမျှ နေထိုင်သွားဘို့ ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလို နေထိုင်သွားနိုင်ဘို့ကိုလည်း အောက်ပါမူများကို ချမှတ်ခဲ့ပါတယ်။
၁။ ပြည်ထောင်စုကြီးကို ပူးတွဲတာဝန်ယူဖို့၊၊
၂။ ကိုယ့်ပြည်နယ်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Full Autonomy) အပြည့်အဝရှိဖို့၊၊
၃။ ပြည်ထောင်စုကြီးတစ်ရပ်လုံးမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရှိဖို့နဲ့
၄။ ကိုယ့်ပြည်နယ်ရဲ့ဘဏ္ဍာရေးကိစ္စမှာ ဗြိတိသျှအုပ်ချုပ်စဉ်ကထက် မလျော့ပဲ လွတ်လပ်စွာ စီမံနိုင်ဖို့ (Financial Autonomy)
ဒီ (၄) ချက်ဟာ ကျန်းမာသန်စွမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးအတွက် ဆေးညွှန်း (Prescription) ပဲဖြစ်ပါတယ်။ ဒီဆေးညွှန်းအတိုင်းသာ ဆေးကို ဖော်စပ်သုံးစွဲခဲ့ မယ်ဆိုရင် ယနေ့ခေတ် အအောင်မြင်ဆုံး ဖက်ဒရယ်ပြည်ထောင်စုတွေလို့ အသိအမှတ်ပြု ခံထားရတဲ့ အိန္ဒိယ၊ အမေရိကန်၊ ဘရာဇီး၊ ဂျာမနီနဲ့ မက္ကဆီကို၊ မလေးရှားတို့လို ဂုဏ်ယူဝင့်ကြွားနိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်နေမှာဟာ ယုံမှားစရာ မရှိပါဘူး။
သို့သော် ကျနော်တို့က ပင်လုံဆေးညွှန်းကို မယူဘဲ နာမည်ကို သာယူပြီး ကိုယ်ကြိုက်တဲ့ ဆေးညွှန်းနဲ့ ကိုယ်သုံးစွဲခဲ့တယ်။ အခြေခံဥပဒေ ပါရဂူ ဦးချန်ထွန်း ပြောခဲ့သလိုပဲ “ကျနော်တို့နိုင်ငံဟာ သီအိုရီအရ ဖက်ဒရယ်ဖြစ်ပေမဲ့ လက်တွေ့အရ တစ်ပြည်ထောင် (Unitary) ဖြစ်တယ်” (Our country, though in theory federal, is in practice unitary)။ ဒဲ့ဒိုးပြောရရင် နာမည်သာ ဖက်ဒရယ်ဖြစ်ပြီး၊ အမှန်စင်စစ်က တစ်ပြည်ထောင် ပဲ။

ဒီလို စကတည်းက “အနာတစ်ခြား ဆေးတစ်ခြား” ဖြစ်ခဲ့လို့ ပြည်ထောင်စုကြီးဟာ နဂိုက ကျန်းမာရာက လူနာဖြစ်လာတယ်။ လူနာဘဝကလဲ တစ်နေ့ပြီးတစ်နေ့ အခြေအနေ ဆိုးဝါးလာ ဒါဘာမှ အံ့အားသင့်စရာ မရှိဘူး။ အခု လူနာကျေနပ်အောင် “ဖက်ဒရယ်” ဆိုတဲ့ စကားလုံး ထပ်ထည့်ပေးတော့လည်း ဆေးညွှန်းက တစ်ပြည်ထောင်စနစ်တွင် မကဘူး၊ သွေးခွဲအုပ်ချုပ် (Divide and Rule) လုပ်တဲ့ ဧကရာဇ်စနစ် (Empire) အတွက် ဖြစ်နေတော့ ပါဝင်တဲ့ ပြည်ထောင်တွေနဲ့ ဒီပြည်ထောင်တွေထဲက လူမျိုးငယ်တွေလည်း မခံနိုင်တော့ဘူး။
ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်တို့၊ ကွန်ဖက်ဒရေးရှင်းတို့၊ နိုင်ငံတစ်ခု စနစ်နှစ်ရပ် (One country, two systems) တို့၊ သီးခြားလွတ်လပ်ရေးတို့ ဖြစ်လာတာဟာ ဘာမှမဆန်းဘူး။ ဒါကို အိမ်နီးချင်းတွေလည်း သဘောပေါက်နားလည်ဖို့ လိုတယ်။
ကျနော်တို့က သင်ခန်းစာမယူဘဲ သုံးမရတဲ့ ဆေးညွှန်းကြီးကိုပဲ ဆက်သုံးနေရင် ဒီပြည်ထောင်စု အမည်ခံ လူနာကြီးဟာ မည်သည့် သမားတော်တွေပဲ လာကုကု လုံးပါးသွားဖို့ပဲ ရှိတယ်။
ဒါကြောင့် ဒီနှစ်ပြည်ထောင်စုနေ့မှ စပြီး ယခုကျင့်သုံးနေတဲ့ အနာတစ်ခြား ဆေးတစ်ခြား နည်းတွေကို စွန့်ပယ်ပြီး ၁၂/၂/၄၇ မှာ ချမှတ်ခဲ့တဲ့ အနာနဲ့တည့်တဲ့ ပင်လုံဆေးညွှန်းကို သုံးစွဲမယ်ဆိုရင် ပြည်ထောင်စုကြီးကို ကယ်တင်ဖို့ အချိန်မီဦးမယ်လို့ ဘဝတူ ရင်နှစ်သည်းချာ မောင်နှမများနှင့် တူသားမြေးမြစ်များ အားလုံးကို တိုက်တွန်းအပ်ပါတယ်။
ခွန်းဆေ
ရှေ့နောက်မီလူကြီးတစ်ဦး












Leave a Comments