ပုံးအင်းဒေသ လျှပ်စစ်မီးမရရှိသေးသည့်အတွက် အခက်အခဲများစွာရင်ဆိုင်နေရ

0

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ ဆိုင်လေးကျေးရွာအုပ်စု ကျေးရွာများသည် ယခုချိန်ထိ လျှပ်စစ်မီးမရသေးသောကြောင့် အခက်ခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ အတွင်းရှိ ဆိုင်လေးကျေးရွာအုပ်စုဝင် ကျေးရွာ( ၃၅) ရွာတွင် လျှပ်စစ်မီးမရရှိသည့်အတွက် အသက်မွေးဝမ်းကြောင်း ပြုလုပ်ရာတွင် အချိန်၊ ငွေကြေးများ ပိုကုန်ပြီး အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း ထိုဒေသတွင်နေထိုင်သည့် ပြည်သူများက ပြောသည်။

ပုံးအင်းဒေသသည် မြန်မာနိုင်ငံတွင် အကောင်းဆုံးဆန် ထွက်ရှိရာဒေသဖြစ်ပြီး၊ သျှမ်းရိုးရာ အစားအစာမုန့် လုပ်ငန်း နှင့် လယ်ယာများ ကို အဓိက လုပ်ကိုင် စားသောက်နေကြသည့် ဒေသဖြစ်သည်။

“ ကျနော်တို့ ဒေသက တိုးတက်မှု မရှိသေးဘူး။ လျှပ်စစ်မီးမရှိတော့ ထင်းတွေဝယ်ရတယ်။ ပိုက်ဆံပိုကုန်တယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး လုံးခမ်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုနောက်ပိုင်း သစ်တောဖြုန်းတီးမှုများလာကာ သစ်ပင်၊ကိုင်းပင်များလည်းမရှိတော့သည့်အတွက် ထင်းရှားပါးသည့် ပြဿနာကို ရင်းဆိုင်နေရပြီး ထင်ဝယ်ယူရန် လည်း ခက်ခဲလာပြီး ငွေပိုပေးရကြောင်းလည်း လုံးခမ်း က ဆိုသည်။

ကျေးရွာမီးရရှိရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များ၊ အစိုးရအဖွဲ့များထံ စာအကြိမ်ကြိမ်တင်ကာ တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ မီးမရရှိသေးပေ။

လျှပ်စစ်မီးရရှိမည်ဆိုပါက စားဝတ်နေရေး အတွက် ပိုလွယ်ကူလာနိုင်ပြီး၊ ငွေကြေး ကုန်ကျမှုများလည်း အရင်ကထက် သက်သာလာနိုင်ကြောင်း၊ ထင်း ရှားပါးမှုကြောင့် ထင်းဈေးနှုန်းမြင့်တက်လာသည့်အတွက် အခက်ဖြစ်နေကြောင်းလည်း ဆိုင်းလေး ကျေးရွာ တွင်နေထိုင်သည့် ခင်လေးဖြူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မီး ရရှိလာရင်တော့ ဘာလုပ်လုပ်လွယ်လာမယ်။ မုန့်လုပ်တဲ့ အခါမှာလည်း လျှပ်စစ်မီးတွေကို သုံးလို့ရ လာမယ်။ အချိန် ငွေ သက်သာလာမယ်” ဟု ခင်လေးဖြူက ပြောသည်။

လက်ရှိ ပုံးအင်း ဒေသတွင်နေထိုင်သည့် ပြည်သူများသည် ထင်းကိုသာ အဓိက အားကိုးနေရ သလို ဘတ္ထရီ၊ ဆိုလာပြားကိုသာ သုံးနေရကြောင်းသိရသည်။

“ အခု ဘာလုပ်လုပ် အားလုံးက ထင်းဘဲသုံးနေရတယ်။ မီးဆိုလို့ ဘတ္ထရီ တွေ၊ ဆိုလာပြားတွေ သုံးနေရတယ်။ ခဏခဏ ဘတ္ထရီ ပျက်လို့ လှဲရတယ်။ ပိုက်ဆံက ပိုကုန်နေရတာပေါ့” ဟု ခင်လေးဖြူက ပြောပါတယ်။

ထို့ကြောင့် ဆီဆိုင်မြို့နယ် ပုံးအင်း ဆန်ထွက်ဒေသတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် လျှပ်စစ်မီး အမြန်ရရှိရန်အတွက် မျှော်လင့်နေရကြကြောင်း၊ မီးအမြန်လင်းရေးအတွက်လည်း သက်ဆိုင်ရာ အစိုးရအနေဖြင့် ပြုလုပ်ပေးစေချင်ကြောင်း တောင်းဆိုလိုက်ပါသည်။

Leave a Comments