Monday, July 22, 2024

တောင်ကြီး စဝ်စံထွန်း ဆေးရုံမှ ကိုဗစ်ပိုးတွေ့ ကျန်းမာရေးဝန်ထမ်း ၆ ဦးနှင့်ထိတွေ့သူ ၁၂၀ ခန့်ရှိ

Must read

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများကို ကူညီရန် သွားရောက်သည့် တောင်ကြီး သူနာပြု (၆) ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီး ၄င်းတို့နှင့် ထိတွေ့ဆက်စပ်သူ (၁၂၀) ဝန်းကျင်ရှိကြောင်း စဝ်စံထွန်းဆေးရုံမှ စုံစမ်းသိရှိရသည်။

စ၀်စံထွန်းဆေးရုံကြီး တောင်ကြီးမြို့

ဒီဇင်ဘာ (၃) ရက် ညပိုင်းကတောင်ကြီးမှ ထွက်ခွာခဲ့ပြီး ဒီဇင်ဘာ (၄) ရက် မနက် ရန်ကုန်ကိုရောက်ရှိကြရာ တာဝန် မထမ်းဆောင်ခင် ကိုဗစ်-၁၉ ပိုး ရှိ၊ မရှိ စစ်ဆေးကြည့်ရာမှ တောင်ကြီး သူနာပြု (၆) ဦး ထံ ပိုးတွေ့ရှိကြောင်း သိရသည်။

“စဝ်စံထွန်းဆေးရုံအနေနဲ့ကတော့ သူတို့နဲ့ ထိတွေ့ဆက်စပ်သူ (၁၀၀) ကျော်သွားတာပေါ့။ တိုက်ရိုက် ထိတွေ့တဲ့သူရယ်၊ အဲ့ဒီ တိုက်ရိုက်ထိတွေ့တဲ့သူ နဲ့ တစ်ဆင့်တစ်ဆင့် ထိတွေ့တဲ့သူတွေ အကုန်လုံး (၁၂၀) ဝန်းကျင်လောက်ဖြစ်သွားတယ်။ အဲ့ (၁၂၀) ဝန်းကျင်က အမတို့ ကျန်းမာရေး ဝန်ထမ်းတွေပဲ။” တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးမှ ဒေါက်တာ ဝေဝေမွန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိတွေ့ဆက်စပ်ထားသည့် ကျန်းမာရေး ဝန်ထမ်း (၁၂၀) ဝန်းကျင်ကို ယနေ့ည ( PCR) စက်ဖြင့် ကူးစက်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာ (၉) ရက် တွင် အဖြေထွက်ရှိမည်ဖြစ်ကြောင်း ဒေါက်တာ ဝေဝေမွန် က ပြောသည်။

“လောလောဆယ်တော့ အမတို့ သူတို့ကို PCR နဲ့ စစ်မယ်ပေါ့နော်။ ဒီည PCR စက်နဲ့ ကူးစက်ရောဂါပိုး ရှိ၊ မရှိကို စစ်မယ်လို့တော့ သိရှိတယ်ပေါ့။ အဖြေကတော့ မနက်ဖြန် အစောဆုံး ထွက်မယ်ပေါ့နော်။” ဟု ဒေါက်တာ ဝေဝေမွန် က ပြောသည်။

ဒီဇင်ဘာ (၈) ရက်နေ့ထိ သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၃၆) ဦး ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ် ၁၉ စတင်ကူးစက်လာသည့် ဧပြီလကစပြီး ယနေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၃၉၁ ဦးရှိပြီဖြစ်ကြောင်း ရှမ်းပြည်နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာန သတင်းနှင့်ပြန်ကြားရေးက ယမန်နေ့ကထုတ်ပြန်သည်။

မြန်မာနိုင်ငံတဝှမ်းလုံးတွင်မူ ပြည်ထောင်စု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း ( ၁၀၀,၄၃၁) ဦး၊ ဆေးရုံဆင်းခွင့် ရသူ စုစုပေါင်း (၇၉,၂၄၀) ဦး နှင့် သေဆုံးသူ စုစုပေါင်း ( ၂,၁၃၂) ဦး ရှိကြောင်း ဒီဇင်ဘာ (၇) ရက် ည (၈) နာရီ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article