Wednesday, April 24, 2024

သျှမ်းပြည်အစိုးရသစ်အဖွဲ့မှာ သျှမ်းပြည်သူတွေ ဘယ်လိုမြင်ချင်လဲ

Must read

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။

မကြာခင်မှာလည်း အစိုးရသစ် တရပ်ကို ဖွဲ့စည်းတော့မှာဖြစ်တဲ့အတွက် သျှမ်းပြည်အစိုးရအဖွဲ့၊ သျှမ်းပြည်ဝန်ကြီးချုပ်ကို သျှမ်းပြည်အရေး၊ သျှမ်းပြည်အနာဂတ်၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ပဋိပက္ခတွေလျော့အောင်နဲ့ မူးယစ်ဆေးဝါးတွေလျော့နည်းအောင်ဆောင်ရွက်ပေးမယ့် အစိုးရတရပ်ကို သျှမ်းပြည် အတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ လူမှုအဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲပြီးဆုံးပြီး သျှမ်းပြည်အစိုးရ ဖွဲ့စည်းရာတွင် ကျား၊မ တန်းတူညီမျှရေး (ဂျန်ဒါ) ပေါ်လစီကို ကြည့်ရှုပေးမှုမရှိခဲ့တဲ့အတွက် လာမယ့်အစိုးရသစ်လက်ထက်မှာ ဂျန်ဒါ ပေါ်လစီ တရပ်ကို ကြည့်ရှု့ကာ သျှမ်းပြည်အစိုးရ အဖွဲဝင်ထဲတွင် အမျိုးသမီး ပါဝင်မှုထည့်သွင်းစဉ်းစားပေးရန်လည်း သျှမ်းပြည်အတွင်း အမျိုးသမီးအရေး ဆောင်ရွက်သူများက တောင်းဆိုလိုက်ပါတယ်။

အဆိုပါ ပြည်သူတွေ မျှော်လင့်နေတဲ့ အစိုးရသစ်တရပ် နဲ့ ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူးက ဆက်သွယ်မေးမြန်းကာ စုစည်းတင်ပြလိုက်ပါတယ်။


ရောင်စုံအစိုးရသစ်နဲ့ ပြည်သူလူထုကိုလက်တွေ့ကျကျ ထိတွေ့ဆက်ဆံတဲ့ ဝန်ကြီးချုပ်အသစ်ကို မျှော်လင့်တယ်

မိုင်းမိုင်

သျှမ်းပြည်အခြေစိုက် ကချင်လူမှုအဖွဲ့အစည်း

ဒီသျှမ်းပြည်မှာက သိတဲ့အတိုင်းပဲ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရှိတယ်ဆိုတော့ အဲ့လို လူနည်းစု လူများစု အင်အားစုငယ် ဒီလူနည်းစုတွေကိုလည်း ထည့်သွင်းပြီးတော့မှ ရောင်စုံတဲ့အစိုးရသစ် တစ်ခုကို လိုချင်တယ်။

ဒါကတော့ ကိုယ့်သျှမ်းပြည်ဖြစ်တဲ့အတွက်ကြောင့်မလို့ ပြောတာပါ။ အစိုးရသစ်ကတော့ တိုင်းရင်းသားပါတီပေါင်းစုံပါဝင်တဲ့ အစိုးရသစ်တစ်ခုအနေနဲ့ မြင်ချင်တယ်။ ဝန်ကြီးချုပ်ကတော့ လာမယ့် အစိုးရသစ်ကနေ ဝန်ကြီးချုပ်ကတော့ ဘာပဲပြောပြော သျှမ်းပြည်နယ်က ပဋိပက္ခအများဆုံးဒေသဖြစ်တယ်။

ပြီးရင်နောက်တခုက နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုဖြစ်တယ်။ အဓိက သွားတဲ့လမ်းကြောင်း ဖြစ်တယ်။ ကားလမ်းတွေလည်း သွားတဲ့လမ်းကြောင်းဖြစ်တယ်။

ပြီးရင် စစ်ရေး ပဋိပက္ခတွေကလည်း တောက်လျှောက်ရှိနေတဲ့အတွက်ကြောင့်မလို့ ဒီသျှမ်းပြည်အတွက် ဝန်ကြီးချုပ်ဖြစ်မယ့်သူက ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ဟာကို နားလည်သဘောပေါက်ပြီးမှ တကယ့်ကို လက်တွေ့ခံစားနေရတဲ့ IDP အရေး နေရပ်ပြန်ရေးပြောတဲ့ အချိန်မှာ တကယ်ကို ငြိမ်းချမ်းပြီလား အနေအထားကို နားလည်ပြီးမှ လုပ်ပေးနိုင်တဲ့ ဝန်ကြီးကို မျှော်လင့်တယ်။

ပြီးရင်နောက်တခုက ဘာလဲဆိုတော့ သျှမ်းပြည်မှာ မူးယစ်ဆေးဝါးက အားလုံးသိတဲ့အတိုင်းပဲ ပေါများနေတဲ့အနေ အထားဖြစ်တယ်။ နှစ်နိုင်ငံ နယ်စပ်တွေပေါ့နော် နိုင်ငံတကာနဲ့ နယ်စပ်ပေါ့နော် အိမ်နီးချင်း နယ်စပ် နိုင်ငံတွေ များတဲ့ ပြည်နယ်ဖြစ်တာ။

ပြည်နယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ နယ်စပ်ဒေသတွေမှာ ဖြစ်နေတဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ဟာတွေ စီးပွားရေးနဲ့ ပတ်သက်တဲ့ဟာတွေကို သေသေချာချာကိုင်တွယ်တတ်တဲ့ ဝန်ကြီးချုပ် အဲ့မျိုးတွေ လိုချင်တာပေါ့။ ကိုယ့်ပြည်နယ်အရေးကို တကယ့်ကို ရှေးတန်းကနေ မားမားမတ်မတ် ရပ်ပြီးမှ ဦးဆောင်မယ် ပြီးရင် တကယ့်ကို လက်တွေ့ကျတဲ့ မြေပြင်မှာရှိတဲ့ ပြည်သူလူထုတွေနဲ့ ထိတွေ့ဆက်ဆံတဲ့ ဝန်ကြီးချုပ်အသစ်ကို မျှော်လင့်ပါတယ်။


NLD တခုတည်းပဲ အစိုးရ နေရာတိုင်းမှာ ဖွဲ့လို့ မသင့်တော်ဘူး အနိုင်ရတိုင်းရင်းသားပါတီတွေလည်း အစိုးရဖွဲ့ခွင့်ရှိဖို့လိုတယ်

ခွန်ဦး

ပအိုဝ်းလူငယ် အစည်းအရုံး ( PYO) ဥက္ကဋ္ဌ

အဓိကကတော့ တိုင်းရင်းသားတွေ အရေး တိုင်းရင်းသားတွေရဲ့ အခြေအနေ အခက်ခဲတွေကို နားလည်တဲ့ သဘောပေါက်တဲ့ ဝန်ကြီးချုပ် ဖြစ်ဖို့ လိုပါတယ်။ နောက်တခုကတော့ ဒီဝန်ကြီးချုပ်တွေကလည်းပဲ ဒီဒေသမှာပဲ အခြေခံပြီးတော့မှပဲ လူထုတွေနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်သွားနိုင်မယ့် ဝန်ကြီးချုပ်မျိုးတွေ လိုချင်တယ်။

ပြီးတော့မှ နောက်တခု အရေးကြီးတာက ဒီဝန်ကြီးတွေရဲ့ လုပ်ငန်း လုပ်ဆောင်တဲ့ အခြေနေမျိုးမှာ အရပ်ဘက် အဖွဲ့အစည်းတွေရယ် ပြီးတော့မှ ခုနက မတူကွဲပြားတဲ့ တိုင်းရင်းသားတွေရယ် စုံစုံညီညီနဲ့ ညှိညှိနှိုင်းနှိုင်း ကြိုတင်တိုင်ပင်မှုတွေ လုပ်ပြီးတော့မှပဲ လုပ်ငန်းအကောင်အထည်ဖော်ဖို့ လူထုရဲ့ ဆုံးဖြတ်ချက်တွေကို များများ ထည့်သွင်းဆောင်ရွက်ပေးဖို့ ဒါမျိုးတွေပေါ့။

စီမံကိန်းတွေ ရေးဆွဲတဲ့အခါကျရင်လည်း လူထုတွေရဲ့ ပါဝင်ခွင့်တွေ ဆုံးဖြတ်ခွင့်တွေ အကျိုးခံစားခွင့်တွေကို အခြေခံပြီးတော့မှ စဉ်းစားပြီးတော့မှ လုပ်တဲ့ ဝန်ကြီးမျိုးဆိုရင်တော့ ဒါပိုပြီး သင့်တော်တာပေါ့။ တဖက်မှာကလည်း ဒီဝန်ကြီးတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ပတ်သက်လို့ရှိရင် ဘဏ္ဍာတွေ သုံးစွဲမှုနဲ့ ပတ်သက်ပြီးတော့မှပဲ ပွင့်လင်းမြင်သာမှုရှိဖို့ တာဝန်ယူမှု တာဝန်ခံမှုတွေရှိဖို့ အရေးကြီးတာပေါ့နော်။ ဒီလိုဝန်ကြီးတွေ များများရှိနိုင်မှပဲ ဒါကျနော်တို့ လူထုတွေအတွက် ပိုပြီးတော့မှပဲ အကျိုးရှိလိမ့်မယ်။

အဓိကကတော့ အစိုးရဖွဲ့ခွင့်က လောလောဆယ် NLD ကအများဆုံးရထားပေမယ့် သူပဲ အကုန်လုံးလိုက်ဖွဲ့မယ်။ သူပဲ လိုက်လုပ်မယ် သူပဲ တာဝန်ရှိတယ် သူပဲ ဆုံးဖြတ်တာမျိုး အဲ့လိုမျိုးမဟုတ်ဘဲနဲ့ ဖက်ဒရယ်ရဲ့အယူအဆအရ ဒါအားလုံး ဝိုင်းပြီးတော့မှပဲ အစိုးရဖွဲ့ရတယ်။

ခဏ ပြောသလိုမျိုးပဲ အနိုင်ရရှိတဲ့ တိုင်းရင်းသားတွေမှလည်း တိုင်းရင်းသားကိုယ်တိုင်ကလည်း အစိုးရဖွဲ့ခွင့်ရှိဖို့လည်း လိုအပ်တယ်။ အဲ့တော့ NLD တခုတည်းပဲ အစိုးရ နေရာတိုင်းမှာ ဖွဲ့လို့ မသင့်တော်ဘူး ဒီလက်တွေ့ကျတဲ့ အနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေ ကလည်း အစိုးရဖွဲ့ခွင့်ရှိဖို့ လိုအပ်တာပေါ့နော်။

စစ်ပွဲက သျှမ်းပြည်သားတွေဖွံ့ဖြိုးတိုးတက်ရေးကိုအဟန့်အတားဖြစ်စေတယ် စစ်ပွဲမရှိအောင်လုပ်ပေးမယ့်အစိုးရမျိုးလိုချင်တယ်

နန်းမွန်းကိန်

အမျိုးသမီးလှုပ်ရှားဆောင်ရွက်မှုအသင်း (SWAN )
ညွှန်ကြားရေးမှူး

အဓိက ကျတော့ ကျမတို့က သျှမ်းပြည်နယ်ဆိုတော့ ကျမတို့ တိုင်းရင်းသားတွေ ဖြစ်စေချင်တဲ့ အတိုင်းပဲ ဖက်ဒရယ် ဒီမိုကရေစီကို ဦးတည်တယ်။

ကျမတို့ မြင်ချင်တာကတော့ ကျမတို့ ပြည်နယ် ဝန်ကြီးချုပ် ပြည်နယ်အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှု လျော့နည်းတဲ့ သျှမ်းပြည်နယ်ရဲ့ ဝန်ကြီးချုပ်ပဲ ဖြစ်ဖြစ်

သျှမ်းပြည်နယ် အစိုးရပဲ ဖြစ်ဖြစ် ဒီသျှမ်းပြည်နယ် ပြည်သူ ပြည်သားတွေရဲ့ သာယာဝပြောရေးကို လုပ်ဆောင်နိုင်ဖို့အတွက်ပေါ့နော် အပြည့်အဝ အာဏာရရှိဖို့ အဲ့လိုမျိုး အစိုးရတစ်ရပ်ကို မြင်ချင်ပါတယ်။

အမှန်ကတော့ သျှမ်းပြည်နယ် ဝန်ကြီးချုပ်ဆိုတော့ ကျမတို့ သျှမ်းပြည်နယ်မှာ ရှိတဲ့ ပြည်သူ ပြည်သားတွေ ကိုယ်တိုင်ရွေးတဲ့ သျှမ်းပြည်နယ် ဝန်ကြီးပဲ ဖြစ်စေချင်တာပေါ့။

ဒါပေမယ့် ကျမတို့ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အဲ့လိုတော့ မဖြစ်နိုင်သေးဘူး။ အစိုးရတွေဖွဲ့မယ်ဆိုရင် အနိုင်ရတဲ့ပါတီ ဒါမှမဟုတ်ရင်လည်း ညွှန့်ပေါင်းတွေ အနိုင်ရတဲ့ ပါတီတွေ အကုန်လုံး မရှိရင်လည်း ညွှန့်ပေါင်းပေ့ါ။ ဒါကတော့ သူ့ရဲ့ ပုံစံအတိုင်း ဖြစ်လာမှာပဲ။ အဓိကကျတော့ ဒီသျှမ်းပြည်နယ်ရဲ့ ပြည်သူပြည်သားတွေရဲ့ သာယာဝပြောမှုပေါ့နော် အဲ့ဒါတွေကို ဦးစားပေးတဲ့ အစိုးရတစ်ရပ်ပေါ့နော်။ အဲ့ဒါတွေကို ဖွဲ့စည်းစေချင်တယ်။

ကျမတို့ သျှမ်းပြည်နယ်ထဲမှာဆိုရင် စစ်ပွဲတွေပေါ့။ ငြိမ်းချမ်းရေးလို့ပြောပေမယ့် စစ်ပွဲတွေက မငြိမ်းသေးဘူး။ ဆက်လက်ဖြစ်နေတယ်။

အကယ်လို့ ဒီလိုမျိုး စစ်ပွဲတွေ ဆက်လက်ဖြစ်နေမယ်ဆိုရင် ကျမတို့ ပြည်သူပြည်သားတွေ လုပ်ကိုင်စားသောက်ရေး ထိခိုက်တယ်။ ထိခိုက်လာကျတော့ လူမှုဖူလုံမှုတွေ အဆင့်ဆင့် ကျန်းမာရေး ပညာရေး အားလုံးထိခိုက်တယ်။ ပြောရမယ်ဆိုရင် အစိုးရ တစ်ရပ်ရယ်လို့ ဖြစ်လာပြီဆိုရင် ကျမတို့ ပညာရေး ကျန်းမာရေးပေါ့။

ပြည်သူတွေ အပြည့်အဝ ခံစားမှုရှိအောင် ကြည်ရှုပေးနိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်ရမှာ။ အခုက ဒါတွေလည်း မလုပ်နိုင်ဘူးဆိုတော့ တဆက်တည်းမှာပဲ စစ်ပွဲကလည်းဖြစ်နေတယ် ပြည်သူပြည်သားတွေ ကိုယ်တိုင်က ကိုယ်ထူကိုယ်ထ အလုပ်တွေ လုပ်ကိုင်မယ်။

စီးပွားရေးတွေ လုပ်မယ်ဆိုရင်တောင်မှ စစ်ပွဲတွေ ဖြစ်နေတဲ့ခါကတော့ ဒါတွေက အရမ်းကို အဟန့်အတားတွေ ဖြစ်စေတယ်။ ပြည်သူတွေ ပိုပြီးမှဆင်းရဲမှုတွေ ဖြစ်စေတယ်။ ဒါကြောင့်မလို့ သျှမ်းပြည်နယ် တပြည်နယ်လုံးမှာ အပစ်ခတ်ရပ်စဲရေး အားလုံး စစ်ပွဲတွေမရှိအောင် ဒါတွေ အဓိက လုပ်ဆောင်ပေးရမယ်။

ကျမမြင်ချင်တာကတော့ သျှမ်းပြည်နယ်အစိုးရကော ဝန်ကြီးနေရာမှာကော အမျိုးသမီးပါဝင်မှု အနည်းဆုံး (၃၀) ရာခိုင်နှုန်းရှိရမယ်။ နောက်တစ်ခုကျတော့ သျှမ်းပြည်နယ်အစိုးရသည် သျှမ်းပြည်သူ ပြည်သားတွေရဲ့ သာယာဝပြောမှု လူမှုဖူလုံမှု ကို အပြည့်အဝ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်ပေါ်လာဖို့အတွက်ပါ။

အမျိုးသမီးအရေးကိုအာရုံစိုက်တဲ့ဝန်ကြီးတွေကိုမျှော်လင့်တယ်

လွေးပို့ကမေဲ့ခြိုဝ်း

တအောင်းအမျိုးသမီးအဖွဲ့အစည်း

တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)

အမျိုးသမီးအဖွဲ့အစည်းလည်း ဖြစ်တဲ့အတွက်ကြောင့်မလို့ အမျိုးသမီး အရေးတွေကို အာရုံစိုက်တဲ့ ဝန်ကြီးတွေ ပေါ်ပေါက်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ထားတယ်။

နောက်ပြီးတော့ သျှမ်းပြည်မြောက်ပိုင်းဆိုရင် အခုဆိုရင် လူ့အခွင့်အရေးတွေ ချိုးဖောက်မှုတွေ ဆက်ရှိနေတဲ့အတွက်ကြောင့်မလို့ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ်မှာ ရပ်တည်ပြီးတော့ ပြောတဲ့ ဝန်ကြီးတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်မရှိအောင် ညှိနှိုင်းတဲ့ ဝန်ကြီးတွေ ပေါ်ထွက်စေချင်ပါတယ်ရှင့်။
သျှမ်းပြည်နယ်အစိုးရအဖွဲ့ကိုလည်း ထိုလည်းကောင်းပဲပေါ့နော်။

အခုဆိုရင် အမျိုးသား ဦးရေတွေကော အမျိုးသမီး ဦးရေတွေကော ပါဝင်တာ တွေ့ရတဲ့အတွက်ကြောင့်မလို့ ဝမ်းသာတယ် ။ ကြိုဆိုတယ် ဒီအဖွဲ့တွေကလည်း တက်တက်ကြွကြွနဲ့ သျှမ်းပြည်အရေးကို ဆောင်ရွက်ပေးတယ်။ အမျိုးသားရင့်ကြားစေ့ရေး လုပ်ငန်းတွေကိုလည်း ပြေလည်အောင် လှုပ်ရှားတဲ့အဖွဲ့ဝင်တွေ ပါဝင်ပြီးတော့ အလုပ်တွေကိုလည်း တက်တက်ကြွကြွနဲ့ လုပ်ဆောင်စေလိုပါတယ်ရှင့်။

လူမျိုးဒေသမခွဲပဲ အားလုံးအတွက် ကြည့်ပေးတဲ့ အစိုးရမျိုး ပိုပြီး လိုချင်တယ်

ဝင့်ထည်ကောင်းမြတ်

မြန်မာ့ငြိမ်းချမ်းရေး နှင့် လုံခြုံရေး သိပ္ပံ

အဓိက ကျနော်တို့ လိုချင်တာကတော့ ကျနော်တို့ သျှမ်းပြည်က လူမျိုးစုံ နေထိုင်ကြတယ်။ ဒေသလည်း စုံတယ်ဆိုတော့ ကျနော်တို့ လူမျိုးဒေသမခွဲပဲ အားလုံးအတွက်ကို ကြည့်ပေးတဲ့ အစိုးရမျိုးကို ပိုပြီး လိုချင်ပါတယ်။ ပြီးတော့ ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေက သျှမ်းပြည်နယ်အစိုးရအဖွဲ့ထဲမှာ တကယ်ကို နည်းနည်းညှိနှိုင်းပြီးတော့မှ ညီညီညွှတ်ညွှတ်နဲ့ လုပ်စေချင်တာပေ့ါနော်။ ဝန်ကြီးချုပ်ဆိုတာထက် အစိုးရအဖွဲ့ အနေနဲ့ စုပေါင်းပြီးတော့မှ သျှမ်းပြည်ရဲ့ ကောင်းကျိုးကို လုပ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်ပေါ့။

အစိုးရသစ်ကို ဖြစ်နိုင်ရင်တော့ ပါတီအစုံလေးတော့ ပါစေချင်တာပေါ့။ တပါတီတည်းကနေပြီးတော့မှပဲ မဟုတ်ဘဲနဲ့ ပါတီစုံလည်း ဖြစ်စေချင်တယ်။

ပြီးတော့ အဲ့ပါတီစုံကလည်း ပါဝင်ပြီးတဲ့ချိန်မှာ တကယ်ကိုညီညီညွှတ်ညွှတ်နဲ့ သျှမ်းပြည်နယ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ အလုပ်လုပ်စေချင်တယ်။ ဒီ သျှမ်းပြည်မှာက သူများပြည်နယ်ထက်စာရင် ထူးခြားတာက ပါတီအစုံ သူ့နေရာနဲ့ သူ နိုင်ကြတာကိုလည်း တွေ့ရတာပေါ့။

တပါတီထဲကပဲ အပြတ်အသတ်နိုင်တာမျိုးထက် သူ့ဟာနဲ့သူ ဆိုလို့ရှိရင် သူ့ရာခိုင်နှုန်းလေးနဲ့သူ နိုင်ကြတာမျိုးလည်း တွေ့ရတာပေါ့။

အဲ့တော့ သျှမ်းပါတီလည်းရှိတယ်။ တအောင်းပါတီလည်းရှိတယ်။ ပြီးတော့ ပအိုဝ်းပါတီတွေလည်းရှိတယ်။ ဆိုတော့ အစိုးရအဖွဲ့ဖွဲ့တဲ့ချိန်မှာဆိုလို့ရှိရင် တကယ့်ကို လူမျိုးစုံလေးပါနိုင်ရင်တော့ ပိုပြီးတော့မှ ကျန်တဲ့ တိုင်းရင်းသားအတွက်ပါ ခွန်အားဖြစ်စေတာပေါ့။

ဝန်ကြီးချုပ် ရွေးတဲ့အချိန်မှာလည်း ဒီလိုမျိုး လူမျိုးစုံကနေ စုပေါင်းပြီးတော့မှ ဆွေးနွေးပြီးတော့မှ ဘယ်လို ဝန်ကြီးချုပ်မျီုး ဖြစ်သင့်တယ်ဆိုတဲ့ဟာမျိုး အားလုံးက ဝိုင်းဆွေးနွေးပြီးတော့မှ အဲ့ဆွေးနွေးလို့ရတဲ့ဟာ ဥပမာ SNLD က ဝန်ကြီးချုပ်ဖြစ်သင့်လား တအောင်းပါတီက ဝန်ကြီးချုပ်ဖြစ်သင့်လား အလှည့်ကျ ပေါ့နော်။ ပါတီတစ်ခုတည်း အမြဲတမ်း ဝန်ကြီးချုပ်လုပ်တာထက် သူ့အလှည့်ကျ ဝန်ကြီးချုပ်လုပ်ရင် ပိုပြီးတော့ သျှမ်းပြည် ညီညွှတ်ရေးအတွက် အားကောင်းစေသလားပေါ့။

Leave a Comments

- Advertisement -spot_img

Latest article