Friday, April 26, 2024

Quarantine Center ဟာ အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရသလား

Must read

သျှမ်းပြည်နယ် မြို့တော် အစိုးရ ရုံးစိုက်ရာတောင်ကြီးမြို့မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးတဦး နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီခွဲ က ဓါးထောက်ပြီး အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။

တောင်ကြီးတက္ကသိုလ်ရှိ နန်းဝတီအမျိုးသမီးဆောင်မှာဖွင့်ထားတဲ့ Quarantine Center မှာ ထိုင်းနယ်စပ် မြဝတီကနေ နေရပ်ပြန်လာတဲ့အမျိုးသမီးတဦး ဘုရားရှိခိုးနေစဉ် အမည်မသိ အမျိုးသားတဦးက ဓားထောက်ပြီး အတင်းအဓမ္မပြုကျင့်တာခံခဲ့ရပါတယ်။

ထိုဖြစ်ရပ်ကိုကြည့်ခြင်းအားဖြင့် ကိုဗစ်-၁၉ ကာလအတွင်း Quarantine ဝင်ရတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးကို သျှမ်းပြည်အစိုးရအဖွဲ့ အနေနဲ့ ထည့်သွင်းစဉ်းစားပေးမှု အားနည်းနေတာကိုတွေ့မြင်ရပါတယ်။

Quarantine ဝင်နေစဉ် အမျိုးသမီး တဦး အတင်းအဓမ္မပြုကျင့်ခံရမှု နဲ့ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ ကျန်းမားရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လုံခြုံရေးတိုးမြှင့်ပေးရန်၊ မသက်ဆိုင်သူများ Quarantine စင်တာအတွင်း ဝင်ထွက်သွားလာခြင်းများကို စီစစ်နိုင်ရန် လိုအပ်ကြောင်း လူမှုအဖွဲ့အစည်း တရာကျော် က ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုးတောင်းဆိုထားပါတယ်။

အဖက်ဖက်က တာဝန်ယူမှုအောက်မှာတောင်မှ အခုလို အတင်းအဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးအတွက် အမှုမှန်ပေါ်ပေါက်ရေး ၊ တရားမျှတမှုရရှိရေး နဲ့ သျှမ်းပြည်အစိုးရ အနေနဲ့ အမျိုးသမီးရဲ့ ဘဝ လုံခြုံရေး အတွက် ပိုပြီး လုပ်ဆောင်ရန် ကိစ္စနဲ့ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ သတင်းထောက် စိုင်းဆိုင်လှိုင်း က သျှမ်းပြည်တောင်ပိုင်း လူ့အခွင့်အရေး ဆောင်ရွက်သူများရဲ့ အမြင်သဘောထားများကို မေးမြန်ထားပါတယ်။

အစိုးရဌာနထဲမှာဖြစ်တဲ့ဒီကိစ္စ အရမ်းကိုရှက်ဖို့ကောင်းတယ်

နန်းမွန်းကိန်
ညွှန်ကြားရေးမှူး

ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း ( SWAN)

အမှန်ကဒီလိုမျိုးကိစ္စကမဖြစ်သင့်ဘူးလေ။ အထူးသဖြင့် Quarantine စင်တာဆိုတာ တော်တော်များများက လုံလုံခြုံခြုံရှိရမယ့်နေရာပါ။ ပြီးတော့ Quarantine စင်တာ မဝင်ခင်မှာ ဓားတွေဘာတွေမယူသွားရဘူး။ ဒါကလုံခြုံတဲ့နေရာဖြစ် သင့်တယ်လေ။ ဒါကိုဆက်ပြီးတော့ အရေးယူပြီးတော့ ဆက်ပြီးလုပ်ဆောင်သွားရမှာဖြစ်တယ်

အခုဆိုရင်‌လည်း ကျမတို့ ၁၆ ရက်တာလှုပ်ရှားမှုကာလဖြစ်နေတယ်လေ။ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး ဆိုပြီး နိုဝင်ဘာ၂၅ ရက်နေ့ကတည်းကစတဲ့ ၁၆ ရက်လှုပ်ရှားမှုကာလဖြစ်နေတယ် ။ ဒါကြောင့်အကြမ်းဖက်မှုအားလုံးကို ဆန့်ကျင်တယ်။ ဒီအကြမ်းဖက်မှုဖြစ်ပေါ်စေတဲ့ စနစ်တွေအားကုန်လုံးကိုလဲ ကျမတို့က ဆန့်ကျင်တယ်၊ နောက်ပြီးတော့ အမျိုးသမီးတွေ လုံခြုံမှုမရှိအောင် လုပ်ဆောင်တဲ့ကဏ္ဍတိုင်းကိုလည်း ကျမတို့ ရှုပ်ချတယ်ပေါ့နော်။

နောက်နောင်ဒီလိုမဖြစ်အောင်၊ နေရာတကာမှာ အမျိုးသမီးတွေ ဒီထက်ပိုပြီးတော့ လုံခြုံမှုရှိအောင် ကဏ္ဍတိုင်းက ထည့်သွင်းစဉ်းစားရမယ်။ ဥပမာ အခု Quarantine စင်တာဆိုရင် အစိုးရပိုင်းကကိုင်တဲ့နေရာဖြစ်တယ်။ ဒါကြောင့်လုံးဝမဖြစ်သင့်တဲ့ နေရာဖြစ်တယ်။ ဒါကြောင့်အစိုးရအနေနဲ့ ကြည့်မယ်ဆို ဒီလိုမျိုး အစိုးရပိုင်တဲ့ ဌာနထဲမှာ အခုလိုဖြစ်သွားတယ်ဆိုတာ အစိုးရတရပ်အနေနဲ့ ဒါရှက်ဖို့အလွန်ကောင်းပါတယ်။

လုံခြုံရေးမကြပ်မတ်ပေးလို့ မဖြစ်သင့်တာတွေဖြစ်တာ

မမီမီသိန်း

တောင်ကြီးမြို့ လူမှုအခြေပြုအဖွဲ့

Myanmar People Alliance(Shan state)

ကျမတို့အတွက်တော့ နံပါတ် ၁ ကတော့ လုံခြုံမှုပါ။ ကျမတို့ဘက်ကို ထိရောက်စွာလုံခြုံမှုမပေးနိုင်ဘူး။ ထိရောက်စွာ လုံခြုံမှုမပေးနိုင်တဲ့အခါမှာ မဖြစ်သင့်တဲ့အရာတွေ ကြုံရတယ်။ ကိုဗစ် ကာလ ပထမလှိုင်းမှာလည်း ဒီလိုမုဒိန်းဖြစ်တယ်ဆိုတာကို ကြားခဲ့ရတယ်။ တခြားတိုင်းနဲ့ ပြည်နယ် က Quarantine တွေမှာဆိုရင် ဒီလိုဖြစ်တာတွေ ကျမတို့ကြားခဲ့ရတယ်။ ဒါတွေကို သတိမမူဘဲ လုံခြုံရေးကြပ်မတ်မပေးဘူး။ မလုပ်ပေးတဲ့ခါကျတော့ ဒီလိုအခြေအနေမျိုးတွေဖြစ်လာတယ်။

တောင်ကြီးဆိုတာလဲ နာမည်ကြီးတဲ့နေရာဘဲလေ။ သူများတွေစောင့်ကြည့်တဲ့နေရာ။ ဒီလိုမျိုးက ပိုဆိုးတာက တက္ကသိုလ်နယ်မြေထဲမှာ ဖွင့်ထားတဲ centerကနေဖြစ်တယ်ဆိုကတည်း တော်တော်လေးကို စိတ်မကောင်းဖြစ်ရ တယ်။ ဒေါသလဲထွက်တယ်။ တက္ကသိုလ်နယ်မြေဆိုတော့ တိတ်ဆိတ်တယ်။ တက္ကသိုလ်ဆိုတော့ ဆရာမတွေကိုဘဲထားမယ်လို့ထင်နေတာ။ အခုတော့ အပြင်လူတွေကိုပါထားတယ်။ အမှန်ဆိုရင် အစကတည်းက လုံးခြုံရေးတွေ တစ်ခါတည်းထားသင့်တယ်ပေါ့နော်။ ကျမတို့ တက္ကသိုလ်ထဲဝင်မယ်ဆိုကတည်းက ဂိတ်ကိုဖြတ်ရတယ်။ ပြီးတော့ဒီအဆောင်လုံခြုံရေး တစ်ချက်ရှိမယ်။ ဒီကြားထဲ ဒီလိုဖြစ်သွားတယ်။ Quarantine ကိုစောင့်ကြပ်တဲ့သူတွေကကော ဘယ်လိုအနေထားမျိုးလဲဆိုတာ မေးခွန်တွေထုတ်စရာမျိုးတွေ ဖြစ်လာခဲ့တယ်။ ပိုဆိုးသွားတာက ကိုဗစ်ကာလမှာ အကြမ်းဖက်မှုတွေ၊ သက်ငယ်မုဒိန်းတွေလဲ အရမ်းဖြစ်တယ်။ မုဒိန်းကျင့်ပြီး အကြမ်းဖက်တဲ့ကိစ္စတော်တော်ဆိုးဆိုးရွားရွားဖြစ်တယ်။ အရမ်းလည်းကြောက်စရာကောင်းတယ်။

ဒီလိုမျိုးတွေထပ်မဖြစ်လာနိုင်ဖို့ Quarantine တွေမှာမှ မဟုတ်ဘူး။ ကျမတို့လူ့ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတွေ ကလေးငယ်တွေရဲ့ လုံခြုံမှုကိုလည်း အရေးကြီးတယ်။ ဒါတွေကို တိုက်ထုတ်ဖို့လိုအပ်တယ်။ တာဝန်ရှိတဲ့သူတွေကလည်း ဒါတွေကို အဖြစ်အမှန်တိုင်းကို ဖော်ထုတ်၊ ဖော်ထုတ်ပြီးတဲ့ခါကျရင် ဒါကိုထိထိရောက်ရောက်အရေးယူ။ နောက်ထပ်မဖြစ်လာအောင် ကျမတို့ကတော့ နည်းပေးလမ်းပြတော့ လုပ်ရမှာပါ။ ဒါက အမတို့တောင်းဆိုမှုတွေဟုတ်သလို ပတ်ဝန်းကျင်တွေရဲ လိုအပ်ချက်လဲဖြစ်တယ်။

ဒါက အကြီးကျယ်ဖြစ်သွားလို့ သတင်းတွေတက်လာလို့ အများပြည်သူတွေက သိကြတာလေ။ ဒီလိုမျိုးပုံစံတွေရှိကောင်းရှိလိမ့်မယ် ကွယ်ရာမှာပေါ့နော်။ မပြောရဲလို့ နှုတ်ပိတ်နေတဲ့ အမှုတွေလဲအများကြီးရှိတော့ရှိလိမ့်မယ်။ အဲလိုမျိုးမဖြစ်လာနိုင်အောင် ကျမတို့က တာဝန်ရှိတဲ့သူတွေကော တဦးတယောက်ချင်းစီတိုင်းကလည်း ဒါကိုတိုက်ထုတ်ဖို့ နှိုးဆော်ဖို့လုပ်ဆောင်ဖို့လိုအပ်တယ်။ အဓိကတာဝန်ရှိတာတော့ Quarantine စင်တာကိုတာဝန်ယူထားတဲ့သူတွေ လုံခြုံရေးယူထားတဲ့သူတွေ ကြပ်မတ်ဖို့လိုအပ်ပါတယ်။

Quarantine စင်တာကိုအပြင်လူအလွယ်တကူဝင်ထွက်ခွင့်ပြုတာလားစဉ်းစားစရာ

နန်းယမင်း
တောင်ကြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ

ကျမတို့ ဒီမှာ Quarantine စင်တာတစ်ခုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရှိတယ်။ နောက်ပြီးတော့ ဒီကျန်းမာရေးပိုင်းမှာ တာဝန်ယူထားတဲ့ အပိုင်းတွေရှိတယ်။ အဲလူတွေရှိနေရက်နဲ့ အမျိုးသမီးတစ်ယောက်ကို ဓားနဲ့ထောက်ပြီးတော့ အတင်းအဓမ္မပြုတာခံရတယ်ဆိုတော့ မဖြစ်သင့်ဘူးလို့ ကျမမြင်တယ်။ ကျမသိရသလောက်က ဘုရားရှိခိုးနေတဲ့ ချိန်မှာဆိုတော့ အဲဘုရားခန်းက ဘာလို့အဲလိုအလွယ်တကူ ဝင်ထွက်လို့ရနေတာလဲ။ လုံခြုံရေးတွေတင်းကြပ်ထားတဲ့ Quarantine စင်တာလိုမျိုးမှာ အပြင်လူက ဒီလိုဘဲအလွယ်တကူသွားလို့ရနေတာလားဆိုတာ စဉ်စားစရာတော့ဖြစ်နေတယ်။ ဒီကိစ္စကို အဲမှာတာဝန်ရှိနေတဲ့သူတွေကို သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ ပူးပေါင်းပြီးတော့ အမှုမှန်ကိုဖော်ထုတ်ပေးဖို့ အရေးကြီးတယ်။ နောက်ပြီးတော့ ကျမတို့အမျိုးသမီးတွေအတွက် ဒီထက်ကောင်းမွန်တဲ့ အစီအစဉ်တွေလုပ်ထားသင့်ပြီး လို့ကျမပြောချင်ပါတယ်။

ဒါကတော့ တာဝန်ရှိတဲ့သူတွေရဲ့ အားနည်းချက်လဲဖြစ်မယ်။ ဒါမှမဟုတ် တစ်ခုခုရဲပေါ့ဆမှုတွေ ပေါ့လျော့မှုတွေကြောင့်ဒီလိုကိစ္စမျိုးတွေ ဖြစ်သွားတယ်လိုယုံကြည်ပါတယ်။ အဓိကကတော့ သက်ဆိုင်ရာဌာနက တာဝန်အရှိဆုံးလို့ ကျမယုံကြည်ပါတယ်။
အမျိုးသမီးတွေကို ထားတဲ့နေရာမှာ ပိုပြီးတော့ လုံခြုံစေချင်တယ်။ Quarantine ဝင်ရောက်လာတဲ့အမျိုးသမီးကလည်း ဘယ်နေရာမှာ ဘယ်လိုသွားတယ်။ ဘယ်လိုနေလဲပေါ့နော်။ သူတို့ရဲ့ဒေတာတွေကို သေချာပြုစုထားမယ်ဆိုရင်တော့ အခုလိုအဖြစ်မျိုး ဖြစ်လာရင် အမြန်အဆန်ဖော်ထုတ်နိုင်မယ်။ ကျမအဲလိုဘဲမြင်တယ်။

လုံခြုံရေးမကောင်းရင် အမျိုးသမီးတွေအတွက်သာမက အမျိုးသားတွေအတွက်ပါအသက်အန္တရာယ်ရှိနိုင်တယ်

စိုင်းအောင်မြင့်ဦး
ဥပဒေ ပညာရှင်
ပထမဆုံးအနေနဲ့တော့ ဘယ်လိုဖြေရှင်းသင့်တယ်လဲဆိုရင်တော့ ဒီဟာကိုဖော်ထုတ်ရမှာပါ။ ဒါကဘယ်သူလဲဆိုတာ။ Quarantine စင်တာရဲ့ လုံခြုံရေးဆိုတာ Quarantine စင်တာ လုပ်တဲ့ အစိုးရတွေရဲ့ တာဝန်ဖြစ်တယ်။ အဲဒါကြတော့ သူကိုယ်တိုင်ကို ဒီဟာတွေကို ဖော်ထုတ်ရမယ်။ ဒါကတော့ ပထမဆုံးလိုအပ်ချက်ဘဲပေါ့နော်။

ပထမဆုံးက တာဝန်ခံရမှာက ဒီ Quarantine စင်တာကိုဖွင့်တဲ့ သျှမ်းပြည်နယ်ဝန်ကြီးဌာနလား၊ သူတို့က ဌာန ပေါင်းစုံစောင့်နေတာ၊ ကျန်းမာရေးဝန်ထမ်းရှိမယ်၊ ရဲရှိမယ်ပေါ့နော်။ အဲပေါ်မှာက အမျိုးသမီးရယ်တော့ မဟုတ်ဘူး။ ဒီလို ဖြစ်ရပ်တွေကို Quarantine စင်တာတင်မဟုတ်ဘူး။ ကျနော်တို့ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ပျက်တွေ အများကြီးရှိတယ်။

သဘောကတော့ Quarantine စင်တာထဲ ဝင်ခိုးရင်းနဲ့ အမျိုးသမီးကိုတွေ့တော့ အမျိုးသမီးကို မုဒိန်းကျင့်တယ်။ အမျိုးသမီးတွေ အော်ရင် အသံထွက်သွားရင် ဒီမုဒိန်းကောင်တွေက သတ်တောင်သတ်သွားနိုင်တယ်၊ အသက်ပါ ပါချင်ပါသွားနိုင်တယ်။ ပြောလို့မရဘူး။ အဲလောက်ထိရှိနိုင်တယ်ပေါ့နော်၊။ ဆိုတော့ Quarantine စင်တာလုံခြုံရေး အတွက် အာဏာပိုင်တွေက ဒီထက်မက ပိုပြီးကြပ်မတ်ဖို့လိုတယ်။

နောက်နောင်ဒီလိုကိစ္စမျိုးမဖြစ်အောင် လုံခြုံရေးအထူး ကြပ်မတ်ဖို့လိုတယ်။ လုံခြုံရေးမကောင်းရင် အမျိုးသမီးတွေအတွက်သာမက အမျိုးသားတွေအတွက်ပါအသက်အန္တရာယ်ရှိနိုင်ပါတယ်။

Quarantine စင်တာ ဝင်လို့ မုဒိန်းကျင့်ခံရတဲ့အဖြစ် နောက်နောင်မရှိစေချင်ဘူး

ဝင့်ထည်ကောင်းမြတ်
ဒါရိုက်တာ
MYBSS မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံ

Quarantine စင်တာမှာ အရင်တုန်းကတော့ အင်ပြည့်အားပြည့် ကျနော်တို့ တည်ဆောက်ခဲ့ကြတယ်။ အခုနောက်ပိုင်းမှာတော့ စင်တာ တွေ တဖြေးဖြေးများလာတယ်။ ပြီးတော့ ဒီ Contact လူနာတွေ လည်းများလာတယ်။ စင်တာတွေမှာလည်း လူတွေများလာတယ်။ Volunteer တွေလည်း နှစ်ရှည်လာပြီဆိုတော့ အားနည်းမှုတွေလည်း ရှိလာတယ်။ ဖြစ်စေချင်တာကတော့ ဒီစင်တာ အားလုံးရဲ့လုံခြုံရေးကို လုံလောက်တဲ့ထိတိုးမြင့်ပေးဖို့ပါ။

ဟိုအရင်တုန်း ပထမလှိုင်းတုန်းကတော့ ကျနော်သတိထားမိတာက ရဲကားတွေက ကင်းလှည့်ပေးတာတွေ လုပ်ပေးတာမျိုးတွေရှိတယ်။ အခုနောက်ပိုင်း ကင်းလှည့်တာလည်းအားနည်းသွားတယ်။ အဲလိုကင်းလှည့်တာတွေကိုလဲ ပြန်လုပ်ပေးစေချင်တယ်။

ပြီးတော့ဖြစ်နိုင်ရင် အခုတောင်ကြီး တက္ကသိုလ် Quarantine စင်တာမှာက ဓားထောက်ပြီးတော့ မတရားပြုကျင့်ခံရတာဆိုတော့ လက်နက်တွေပါလာပြီးဆိုတော့ သာမန်စောင့်တဲ့ Volunteer တွေက ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ သူတို့မှာလည်း ထိခိုက်မှု ရှိနိုင်တယ်ဆိုတော့ ဖြစ်နိုင်ရင်တော့ Quarantine စင်တာတွေမှာ ရဲလုံခြုံရေးပါထားပေးစေချင်တယ်။

ပြည်ပကနေ ပြန်လာသူတွေအားလုံး Quarantine စင်တာ ဝင်ဖို့ ကျနော်တို့လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းတယ်ဆောင်ရွက်ပေးတယ်။ ဒါကြောင့် အခုလို Quarantine စင်တာ ဝင်လို့ မုဒိန်းကျင့်ခံရတာကို လုံး၀ စိတ်မကောင်းဘူး။နောက်နောင်ဒီလိုအဖြစ်မျိုးထပ်မဖြစ်စေချင်ဘူး။

အမှုကလည်း ရဲ က စုံစမ်းနေတုန်းဘဲဆိုတော့ ကျနော်တို့ ပထမတစ်ချက်ကတော့ အမှုကိုပေါ်ပေါက်စေချင်တယ်။ ကျူးလွန်တဲ့သူကို ထိရောက်တဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ကျနော်တို့ အရေးယူမှုတွေ လုပ်စေချင်တယ်။

ပြီးတော့ နောက်တစ်ခုကတော့ ကျူးလွန်းခံရတဲ့ အမျိုးသမီးအတွက်ဆိုရင်လည်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးစေချင်တယ်။ ပြီးတော့လူမှု စီးပွားကူညီ ထောက်ပံ့ တာတွေကိုလည်း လုပ်ပေးစေချင်တယ်။

အဓိကတော့ သူရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ပြန်လည်ကောင်းမွန်လာတဲ့ အထိ သက်ဆိုင်ရာကနေပြီးတော့ အလုံးစုံတာဝန်ယူပေးဖို့ပေါ့နော် ဒါလေးတွေကို လဲ ကျနော်တို့လုပ်စေချင်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article