Friday, April 26, 2024

တောင်ကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၂)ဦးရှိ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၃၂) ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးထံမှ စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ (၁) ရက်ထိ ကိုဗစ် အတည်ပြု လူနာ (၃၂) ဦးရှိပြီး၊၎င်းတို့သည် တောင်ကြီးဒေသခံများ ဖြစ်ကြကြောင်း သိရသည်။

“မနေ့ကထိတော့ အတည်ပြု လူနာ (၃၂) ဦးရှိထားပါတယ်။ ဒီနေ့တွက်တော့ မသိရသေးပါဘူး။စစ်နေတုန်းမလို့ပါ” ဟု တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာမိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နိုဝင်ဘာ (၁၇) ရက်က တောင်ကြီးမြို့တွင် ခရီးသွားရာဇဝင်မရှိ၊ ထိတွေ့လူနာ နှင့်လည်းမရှိသည့် ကိုဗစ်-၁၉ အတည်ပြု လူနာအမျိုးသား မှ တဆင့် အဆင့်ဆင့် ထိတွေ့ဆက်စပ်သူများ ရှိလာကြောင်း တောင်ကြီးဒေသခံများက ပြောဆိုကြသည်။

တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်ရှိ နယ်မြေ နှင့် လမ်းအချို့ကို နိုဝင်ဘာ (၂၉ ) ရက်မှ ဒီဇင်ဘာ (၁၃) ရက်ထိ မိမိနေအိမ်တွင် နေထိုင်ရန် ( stay at home) အမိန့်ကို တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တောင်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြု လူနာများ ထပ်မံတွေ့ရှိမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓါတ်ခွဲအတည်ပြု လူနာများလည်း ထိတွေ့ခြင်း မရှိခဲ့သည့် လူနာများ အချိန်တိုအတွင်း များစွာတွေ့ရှိလာသည်။

ဒေသတွင်း ကူးစက်မှုများပြားလာသည့်အတွက် တောင်ကြီးမြို့မဈေးသည်လည်း နိုဝင်ဘာ (၃၀)ရက်မှစတင်ပြီး ယာယီပိတ်လိုက်ခြင်း ဖြစ်သည်။

နိုဝင်ဘာ (၃၀)ရက်ထိ သျှမ်းပြည်နယ်တွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ (၄၂၅) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၂၇၃) ဦး၊ သေဆုံးသူ (၁) ဦး နှင့် လက်ရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေသူ ( ၁၅၁) ဦးရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article