Saturday, December 3, 2022

နှစ် ၆၀ တော်လှန်ရေးနဲ့ ပကတိမှုန်ဝါး သျှမ်းပြည်မြင်ကွင်းများ

Must read

မြင်ကွင်း (၁) မူစယ် တိုက်ပွဲ

တအာင်းပလောင် TNLA တပ်ဖွဲ့က မူစယ်မြို့က ပြည်သူ့စစ် ဂိတ်တွေနဲ့ ပြည်သူ့စစ်ပိုင် လောင်း ကစား ရုံ ကို တိုက်ခိုက်မှု မေလအတွင်းက ဖြစ်ပွားခဲ့ပါတယ်။ ပြည်သူ့စစ်နဲဲ့ ရဲ ၀န်ထမ်းအပါအဝင် လူ ၂၀ လောက် သေဆုံးခဲ့တဲဲ့ တိုက်ပွဲတွေဟာ ကချင်ထိုးစစ်တွေနဲ့ လူတွေကို ၀န်ထုပ်ဝန်ပိုးဖြစ်စေတဲ့ လောင်းကစားရုံကြောင့်လို့ အကြောင်းပြခဲ့ပါတယ်။ တရုတ်နိုင်ငံသားအချို့ သေဆုံးခဲ့ရတဲ့အတွက် တရုတ်နယ်စပ်အခြေစိုက် TNLA အနေနဲ့ တရုတ်ရဲ့ ဖိအားဒဏ်ကိုလည်း ကြုံတွေ့ခဲ့ရတာပါ။ ဒါပေမယ့် အဲတိုက်ပွဲနဲ့ပတ်သက်လို့ သျှမ်းအများစုက မကျေလည်ကြပါ။ သူတို့ကို တိုက်ခိုက်တာ မဟုတ်ပေမယ့် ၂ ၊နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တအာင်းပလောင် TNLA နဲ့ သျှမ်းတပ်မတော် တောင်ပိုင်း RCSS/SSA တိုက်ပွဲရဲ့ ရိုက်ခတ်မှုတွေကြောင့် လူမျိုးစုနှစ်စုအကြားမှာသော်လည်းကောင်း ၊ ၀ နဲ့ နီးစပ်တဲ့ TNLA အပေါ်မှာသော်လည်းကောင်း အမြင်မကြည်လင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မြင်ကွင်း (၂) TNLA နဲ့ RCSS/SSA တိုက်ခိုက်မှု

လွန်ခဲ့တဲ့ အပတ်ကပဲ ကျောက်မဲဒေသမှာ TNLA စခန်းကို RCSS/SSAက ၀င်တိုက်လိုက်၊ RCSS/SSA စခန်းကို TNLAက ၀င်တိုက်လိုက်ကိစ္စတွေလည်း ဖြစ်ခဲ့တာပါ။ နှစ် ၆၀ ကြာမြင့်နေပြီဖြစ်တဲဲ့ သျှမ်းပြည် လက်နက်ကိုင် တော်လှန်ရေးသမိုင်းမှာ ဒီလို တိုင်းရင်းသားအဖွဲ့အချင်းချင်း တိုက်ခိုက်မှုက ထူးခြားလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

မြင်ကွင်း (၃) RCSS တပ်ဖွဲ့ဝင်တွေ ဓါးပြမှုစွဲချက်တင်

NCA နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးပြုလုပ်ထားတဲ့ RCSS/SSA သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ တပ်ဖွဲဲ့ဝင် ၄ ဦးနဲ့ အရပ်သား နှစ်ဦးကို အခွန်ကောက်တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး စစ်တပ်က ဖမ်းဆီးခဲ့ကာ ဓါးပြမှုနဲဲ့ စွဲချက်တင်ခဲ့ပါတယ်။ ဓါးပြမှုအပါအဝင် လက်နက်မှုပါ ပါတဲ့အတွက် အမြင့်ဆုံး ထောင်ဒဏ် တသတ်တကျွန်းလောက် ကျရောက်နိုင်တဲ့ အနေအထားပါ။ အဲဒီသတင်းဘီဘီစီမှာ တက်လာတဲဲ့ နေ့မှာပဲ RCSS/SSA ဘက်က ဘာထုတ်ပြန်မလဲဆိုပြီး သူတို့သတင်းဌာန Tai Freedom ကို ၀င်ကြည့်တော့ သျှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ တောင်ပိုင်းအကြား ခေတ္တပစ်ခတ်မှုဖြစ်ခဲ့တဲ့ သတင်းသာ တက်လာတာတွေ့ရပါတယ်။

လွန်ခဲ့တဲ့ ၄ လလောက်ကလည်း RCSS/SSA အဖွဲ့နဲ့ ဆက်နွှယ်မှု ရှိတယ်ဆိုပြီး ဟိုပုံးဒေသခံ ၈ ဦးကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့တာပါ။ အဲဒီအမှုတွေအပေါ် RCSS/SSAက ရှေ့နေဌားရမ်း အမှုလိုက်ပေးတာရှိပေမယ့် သျှမ်းပြည်သူတွေကိုတော့ ဘယ်လိုကြောင့် ဖြစ်ရသလဲဆိုတာ ကြေညာချက် သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပြီး တရားဝင် ပြောထားတာ မရှိသေးပါဘူး။

မြင်ကွင်း (၄) မဟာမိတ်နှစ်ဖွဲ့ သျှမ်း ပလောင်တိုက်ခိုက်မှု

တော်လှန်ရေးခေတ်ဦးကတည်းက အစဉ်အလာ မဟာမိတ်နှစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ တအာင်းပလောင်တပ်ဖွဲ့တို့အကြား နှစ်ရက်ဆက်တိုက် တိုက်ခိုက်မှု ဒီမေလအတွင်းမှာပဲ ဖြစ်ခဲ့ပါတယ်။ ထိတွေ့မှုလို့သာ ပြောပေမယ့် လူအသေအပျောက်များပြီး တိုက်ပွဲဲဖြစ်ပွားချိန်ကလည်း နာရီနဲ့ချီ ကြာမြင့်တဲ့အတွက် သာမန်ထိတွေ့မှုလို့ ကောက်ချက်ချဖို့ ခက်နိုင်တဲ့ အနေအထားပါ။

မြင်ကွင်း (၅)

အပစ်ရပ် နှစ်ဖွဲ့ဖြစ်တဲဲ့ သျှမ်းတောင်တပ်ဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အကြားမှာလည်း ဒီမေလအတွင်းမှာပဲဲ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မောက်မယ်မြို့နယ်အတွင်း သူတို့နှစ်ဖွဲဲ့ တိုက်ပွဲဖြစ်ခဲ့သလိုပဲ မောက်မယ်မြို့နယ်ကဒူးဒေသနားမှာပဲ RCSS/SSAနဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲဖြစ်ခဲ့တာပါ။
ကဒူးဒေသမှာ သျှမ်းရွာသား တဦးနဲ့ ပအိုဝ်း ၃ ဦးကို စစ်တပ်က ရိုက်နှက်ခဲ့တဲ့ သတင်းကလည်း ဘီဘီစီမှာ တက်လာပါတယ်။

မြင်ကွင်း (၆) သျှမ်းပြည်အရေးလေ့လာသူစိုးရိမ်မှုနဲဲ့ ပြည်တွင်းစစ်ဘာကြောင့်ကြာ

ကျွန်တော့်အနေနဲ့ သျှမ်းတွေ ဘုံရန်သူပျောက်မှာ စိုးရိမ်တယ်ဗျာလို့ ပြောလာသူကတော့ သျှမ်းနီအမျိုးသားတဦးဖြစ်ပြီး ကျောင်းသားလက်နက်ကိုင်လှုပ်ရှားမှုမှာလည်း ပါ၀င်ခဲ့ကာ နောက်ပိုုင်း ဆယ်စုနှစ် နှစ်စုအကြာ သျှမ်းပြည်မှာ အခြေချနေထိုင်ခဲ့တဲဲ့ ကိုမိုးဖြစ်ပါတယ်။
ကချင်တွေ ပလောင်တွေနဲ့ သျှမ်းတွေအကြား မကြေလည်မှုရှိတာမှန်ပေမယ့် သူတို့လည်း လူဦးရေကနည်းနေသလို ကိုယ်တွေလည်း နည်းနေတဲ့အတွက် သူတို့ရုန်းကန် ဒုက္ခရောက်ချိန်မှာ သျှမ်းတွေအနေနဲ့ မရှုတ်ချသင့်ကြောင်းလည်း သူက မှတ်ချက်ပြုပါတယ်။

အထက်မှာတော့ ပြည်တွင်းစစ်ကာလတလျှောက် တိုင်းရင်းသားမျိုးနွယ်စု မတူတဲ့ အုပ်စုတွေ အကြား မှာသော်လည်းကောင်း တူတဲ့အုပ်စုအကြားမှာပင် နောက်ခံမဟာမိတ်နဲ့ အယူအဆ သဘောထား ရေးကွဲလွဲမှုအပါအဝင် အကျိူးစီးပွားကြောင့်သော်လည်းကောင်း အချင်းချင်း တိုက်ခိုက်မှုတွေ ရှိခဲ့ဖူးတယ်လို့ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူ အီဂေါဘလာဇီဗစ်ကတော့ – ‘နယ်မြေအတိအကျပိုင်းခြား သတ်မှတ်ထား သည့် တိုင်းရင်းသားလူများစုများနှင့် ဒေသတခု တည်းတွင် အစဉ်အဆက် နေထိုင်ခဲ့သည့်လူမျိုးစုငယ် တွေအကြား အကြိမ်ကြိမ်အခါခါ သဘောထားကွဲလွဲမှုကလည်းပြည်တွင်းစစ်သက်တမ်း ကို ပိုမိုရှည်လျားစေခဲ့သည် – လို့ မှတ်ချက်ပြုထားတာပါ။

တကယ်တော့ တအာင်းပလောင် ၊ ကိုးကန့်တို့ဟာ သျှမ်းပြည်တပ်မတော် ဖွဲ့စည်းစနစ်တွေမှာ ပါ၀င်ခဲ့တဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။

သတင်းအချို့မှာတော့ ၀ တွေ ဒေသခံတွေဆီက မြေသိမ်းသတင်းတွေ ၊ တအာင်းပလောင် TNLA တပ်ဖွဲ့က ပလောင်ရွာ တော့ဖယ်မှာ ရွာသားတွေရဲ့ နေအိမ်တွေကို ၀င်ရောက်မွှေနှောက်မှု သတင်းတွေလည်း တွေ့ရပါတယ်။

သတင်းတွေကို ကြည့်နေစဉ်မှာပဲ ကျောက်မဲဲကနေ ပင်လုံပြန်လာမယ့် သျှမ်းအမျိုးသမီး မိတ်ဆွေ ကောင်မလေးက သူ့အနေနဲ့ မိုင်းကိုင်လမ်းက ပြန်မှာမဟုတ်တဲ့အကြောင်းနဲ့ သူ့အိမ်ကားနဲ့ ပြန်လာ မှာကို မိုင်းရယ်ဘက်ကပဲ ပတ်ပြန်မှာ ဖြစ်တဲ့အကြောင်း ချတ်ဘောက်ကနေ ပြောလာပါတယ်။

ပန်ကေတုဘက်မှာ အခုအချိန်က အခွန်ကောက်ချိန်ဆိုတော့ RCSS/SSA က အခွန်ကောက်တယ် စီးပွားရေးလုပ်တဲ့ ကားမဟုတ်လည်း တခါတခါ နင်းကန်ကောက်တော့ ဒဏ်မခံနိုင်ဘူး လို့ ပြောရှာပါတယ်။

အဲဒီတော့ NCA စာချုပ်ချုပ်ပြီး နယ်မြေလည်းမရ ၊ ဖွံ့ဖြိုးရေးလုပ်ခွင့်လည်း အစိုးရနဲ့ တပ်မတော် ကမပေး ၊ အခွန်ကောက်ပြီး တပ်ဖွဲ့ပြဿနာ ဖြေရှင်းနေရတဲ့ RCSS/SSA နဲ့ ဒေသခံ လူထုအကြားက လွန်ဆွဲနေရမှုတွေကို ပြေးမြင်လာမိပါတယ်။

ခြံုငုံကြည့်ရင်တော့ အရင်ခေတ်က အတိုင်းပဲ သျှမ်းတောင်သူက ပေါက်ပြားတချက်ပေါက်ရင် ပြည်သူ့ စစ်အတွက် ၊ နောက်တချက်က အစိုးရ အတွက် ၊ နောက်တချက်က လက်နက်ကိုင်အတွက် ၊ နောက် တချက်က လှူဖို့နဲ့ နောက်တချက်က စားဖို့ ဆိုပြီး ပေါက်ပြား ၅ ချက်လောက်ပေါက်မှ တချက် စားဖို့ ဖြစ်နေရတဲ့ ကိစ္စကိုလည်း ပြေးမြင်မိစေပါတယ်။

တိုက်ဆိုင်မှုကတော့ သျှမ်းပြည်လူထု တော်လှန်ရေး နှစ် ၆၀ ပြည့်လာတဲ့အချိန်အထိ ခေတ် အဆက် ဆက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေက မအောင်မြင်ပဲ ဖြစ်နေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

‘ စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ်မှာ အောင်မြင်မှု မပြနိုင်ဘဲ မြေပြင်အခြေအနေတွေ ကလည်း ပိုဆိုးလာခဲ့မယ် ဆိုရင်တော့ Process Fatigue လို့ခေါ်တဲ့ ဖြစ်စဉ်အပေါ် စိတ်ပျက်အားကုန်မှုတွေဖြစ် လာတတ်တယ်။ ဖြစ်စဉ်က ပဋိပက္ခကို စီမံဖို့လောက်ပဲ အသုံးဝင်တဲ့ အခြေအနေ ဖြစ်သွားပါလိမ့်မယ်။ ဆိုတဲ့ ပဋိပက္ခဖြေရှင်းရေး ပညာရှင် ဂျိုနသန်ပါ၀ဲလ်ရဲ့ စကားကိုလည်း ပြန်လည်ကြားယောင်မိပါတယ်။ ဆိုလိုတဲ့ သဘောအရ အပစ်ရပ်ထားပြီး ဖွံ့ဖြိုးရေးနဲ့ နိုင်ငံရေးအခွင့်အရေးအရ တိုးတက်မှု မရှိဘဲ ဖြစ်နေခဲ့တယ်ဆိုရင် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ အယူအဆပါ။

တချိန်တည်းမှာပဲ ငဲ့စောင်းကြည့်လိုက်တော့ သျှမ်းပြည်အခြေစိုက် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ၀ တပ်ဖွဲ့နဲ့ RCSS/SSA ရှမး်တောင် တပ်ဖွဲ့အကြားမှာလည်း ဆက်ဆံရေးက ကောင်းလှတာ မဟုတ်သလို ဆယ်စုနှစ် တစုကျော်ကျော် နှစ်ဘက် တိုက်ခိုက်ခဲ့ဖူးတဲဲ့ မှတ်တမ်းတွေလည်း ရှိနေတာပါ။

မြင်ကွင်း (၇) အစပိုင်းကတည်းက အင်စတီကျူးရှင်းအားနည်းခဲ့သလား

သျှမ်းအမျိုးသားလှုပ်ရှားမှု သမိုင်းဆိုင်ရာ စာအုပ်တွေကို ဒီရက်ပိုင်းအတွင်း ပြန်လှန်လှောကြည့်ရင်း ဖက်ဒရယ်သျှမ်းမူ ရေးဆွဲသူ ပါလီမန်ခေတ်အမတ် ဦးထွန်းမြင့်ရဲ့ စာအုပ်ကိုလည်း လေ့လာကြည့်မိ ပါတယ်။

သျှမ်းအမျိုးသားရေးလှုပ်ရှားမှုအားကောင်းပြီး လက်နက်ကိုင်စုဖွဲ့တွေ စပေါ်လာတဲ့ ၁၉၅၈ ခုနစ်တဝိုက်ကို သူက အခုလို မှတ်ချက်ပေးပါတယ်။

ဖဆပလ ဆိုရှယ်လစ်တွေနဲ့ စစ်တပ်ပူးပေါင်းပြီး သျှမ်းပြည်မှာ လူထုအပေါ် ထိခိုက်မှု ကြီးမားစေခဲ့တဲဲ့ စစ်အုပ်ချုပ်ရေးလုပ်မှုကို သျှမ်းပြည်နို်င်ငံရေးကို ပြည်မက ၀င်ရောက်စွပ်ဖက်မှုအဖြစ် သူက ပြောဆိုထားပြီး နောက်ဆက်တွဲပေါ်လာတဲ့ ဒေသခံတွေရဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေဟာ ဗမာမုန်းတီးရေးအခြေခံပြီး ပေါ်လာတဲ့ အမျိုးသားရေး လှုပ်ရှားမှုဖြစ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

ဒါပေမယ့် တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် မဟာဗျူဟာ ချဉ်းကပ်မှုတွေနဲ့ စနစ်တကျချဉ်းကပ်ဖို့ လိုပြီး ၁၉၅၈ တဝိုက်က သျှမ်းပြည်မှာ ပေါ်လာတဲဲ့ လက်နက်ကိုင် လှုပ်ရှားမှုဟာ စနစ်တကျစုဖွဲ့ တည်ဆောက်မှု မရှိဘူးလို့ သူက မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။

၄၈ လွတ်လပ်ရေးရတဲ့ အချိန်ကနေ ၅၈ ခုနစ်အထိ ဆယ်နှစ်တာ ကာလအတွင်း သျှမ်းအမျိုးသားနေ့ ဖြစ်စေခဲ့တဲ့ ၄၇ ခုနစ် ဖေဖော်ဝါရီလ ရ ရက်နေ့ရဲ့ အဓိကကျတဲ့ အချက်ဖြစ်တဲ့ လူထု ဒီမိုကရေစီ ပြောင်းလဲဲရေးကလည်း အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့သလို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ပင်လုံ ကတိကဝတ်ကလည်း မဖော်ဆောင်နိုင်ခဲ့ပါဘူး။

အခြေခံ ဥပဒေ ပုဒ်မ ၁၆၀ အရ သျှမ်းပြည်ဥက္ကဌ ခန့်အပ်မှုကို ကြည့်ရင် ပြည်မက ၀န်ကြီးချုပ်က သျှမ်းပြည်ကောင်စီနဲ့ ညှိနှိုင်းတိုင်ပင်ပြီးမှ ခန့်အပ်ရတယ်ဆိုပေမယ့် ပြည်နယ်ဥက္ကဌ တင်မြှောက်နိုင်တဲ့ အာဏာဟာ သျှမ်းပြည်ကောင်စီမှာ မရှိပါ။ ( သျှမ်းပြည်ကောင်စီဆိုတာ ဖေဖော်ဝါရီ ရ ရက် သဘော တူညီချက်အရ စော်ဘွားတွေနဲ့ လူထုကိုယ်စားလှယ်တွေ ပါ၀င်တဲ့ ကောင်စီဖြစ် ) သျှမ်းပြည် ကောင်စီ က ဥက္ကဌအဖြစ် ရွေးချယ်ဖို့ အဆိုပြုလိုက်သူဟာ ပြည်မ ဖဆပလ ပါတီကိုု ထောက်ခံသူဖြစ်ရင် ၀န်ကြီးချုပ် ဦးနုက ၀မ်းပန်းတသာ ကြိုဆိုပြီး ဖဆပလ နဲ့ သိပ်အဆီအငေါ့မတည့်လှသူဖြစ်ရင် ဦးနုက ငြိုငြင်ပါတယ်။

ဥပမာအားဖြင့် လင်းခေး လူထုကိုယ်စားလှယ် ဦးထွနး်မြင့်ကို သျှမ်းပြည် ဥက္ကဌ ခန့်အပ်ဖို့ သျှမ်းပြည် ကောင်စီက တင်မြှောက်ခဲ့စဉ်က ဦးနုက အတင်းဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့အတွက် နောက်ဆုံး ဦးထွန်းမြင့် ကို ဌာန ပြောင်းလိုက်ရပါတယ်။ ဒါဟာ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ထားတဲဲ့ ပြည်နယ် ဥက္ကဌ ကို ဗဟိုအစိုးရက ဖြုတ်ချဖို့ ကြိုးစားတဲ့ သမိုင်းဆိုင်ရာ ဥပမာပါ။

လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေပြန်ကြည့်တော့လည်း ဒေသအလိုက် ပြည်နယ် အလိုက်ရွေးကောက်ပွဲ မရှိတဲ့ အထဲ ပြည်နယ် ၀န်ကြီးချုပ်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲနိုင်တဲဲ့ ပါတီက တင်မြှောက် တဲ့ သမ္မတကပဲ ခန့်အပ်ခွင့်ရှိတယ်ဆိုတဲ့ အချက်နဲ့ နှိုင်းယှဉ်ပြစရာ အချက်ဖြစ်လာပါတယ်။ ဖဆပလ ပါလီမန်ခေတ် ဒီမိုကရေစီကို များသူက နည်းသူကို အနိုင်ကျင့်နိုင်တဲ့ မဂျောရီတေးရီးယန်း ဒီမိုကရေစီအဖြစ်သာ နိုင်ငံတကာက ပညာရှင်တွေက သတ်မှတ်ခဲ့ပြီး အဆင့်မှီ ဒီမိုကရေစီအဖြစ် အသိအမှတ်ပြုခဲ့တာ မရှိပါဘူး။

ဒါပေမယ့် အဲဒီခေတ်အခါမှာလည်း စော်ဘွားတချို့ဟာ ခေတ်ပျက်သူေဌးအလား ကိုယ့်ကိုယ်ကျိုးသာ ကြည့်တဲ့ ကိစ္စတွေလည်း ရှိခဲ့တာပါ။ ဥပမာ စဝ်ခွန်ချိုဆိုရင် ရှမး်ပြည် ဘယ်လောက်ပဲ ပြည်မက စွပ်ဘက်ခံရနေပါစေ ပြည်မအစိုးရမှာ နိုင်ငံခြားရေးဝန်ကြီး ၁၂ နှစ်လုပ်ခဲ့တယ် ပြည်မ အာဏာပိုင်နဲ့ အမြဲပြေလည်အောင်နေခဲ့တော့ အဲဒီ ၁၀ နှစ်အတွင်းေ စာ်ဘွားတွေဟာ သူတို့စီးပွားအရ ကြည့်မယ်ဆိုရင် အင်္ဂလိပ်ခေတ်နှောင်းပိုင်းထက်တောင် ပိုတွက်ခြေကိုက်သလို ဖြစ်နေသေးတယ် လို့ သျှမ်းပြည်အရေး လေ့လာသူ စိုင်းဇင်က သုံးသပ်ပါတယ်။ စော်ဘွားတိုင်းလည်း ဒီလိုမဟုတ်သလို ကျေးသီး ၊ ညောင်ရွှေ ၊ သီပေါတို့လို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ပါလီမန်အတွင်း ပြောင်းလဲမှုကို အားသွန်ခွက်စိုက်လုပ်သူတွေလည်း ရှိခဲ့တာပါ။ အာဏာယစ်မူးသူ စော်ဘွားအချို့ကြောင့်ပဲ လွတ်လပ်ရေးရစခေတ်ကတည်းက ပအိုဝ်းနယ်မှာ ပဒေသရာဇ်တော်လှန်ရေး စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ပြန်ကြည့်ရင် လွတ်လပ်ရေးရပြီး ၁၀ နှစ်တာကာလအတွင်း သျှမ်းပြည်ဟာ အုပ်ချုပ်မှု အာဏာအတွက် အခြေခံကျတဲဲ့ လုံခြံုရေး တပ်ဖွဲ့တွေ လုံလုံလောက်လောက် မတည်ဆောက်ခဲ့နိုင်မှုကြောင့်လည်း ကူမင်တန် နဲ့ ပြည်မစစ်တပ်အကြား ဗျာများခဲ့ရတာဖြစ်ပါတယ်။

တကယ်တော့ သမိုင်းပြန်ကြည့်ရင် အဲဒီခေတ်က သျှမ်းလူထုအနေနဲ့ ကူမင်တန် ရှမး်ပြည်ဝင်တာလည်း မကြိုက်သလို ပြည်မက သျှမ်းပြည်နိုင်ငံရေး ၀င်ရောက်စွပ်ဖက်တာ ၊ ပြည်မတပ်တွေ သျှမ်းပြည်လာတာကိုလည်း မကြိုက်ခဲ့ပါဘူး။

လွတ်လပ်ရေးရပြီး ဆယ်နှစ်အကြာမှာ ခွဲထွက်ရေးအခြေခံ နွံစစ်ဟန် လက်နက်ကိုင် လှုပ်ရှားမှု စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

( ၈) တော်လှန်ရေးခေတ်ဦးမှ ပကတိမျက်မှောက်ခေတ်သို့ တစေ့တစောင်း

သျှမ်းပြည်လူထုတော်လှန်ရေးအကြောင်းပြောမယ်ဆိုရင် ပင်လုံစာချုပ် ကတိကဝတ် အကောင်ထည်ဖော်မှုမရှိတာ ၊ ကူမင်တန်အကြောင်းပြပြီး သျှမ်းပြည်တပြည်လုံးကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာ ၊ ကူမင်တန်နဲ့ ပြည်မစစ်တပ်အကြား ဒေသခံတိုင်းရင်းသားတွေ ညှပ်နေခဲ့တာ စတဲ့ ကိစ္စတွေအပေါ် အခြေခံ ရမှာဖြစ်ပါတယ်။

ကူမင်တန်အကြောင်းပြပြီး ဖဆပလ ဆိုရှယ်လစ်အုပ်စုနဲဲ့ စစ်တပ် လက်ဝါးချင်းရိုက်ပြီး သျှမ်းပြည်မှာ ခြေချခဲ့မှုကို မဟန့်တား မတုံ့ပြန်နိုင်ခဲ့မှုကို ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရပြီးစ ခေတ်တိုင် အောင် သျှမ်းပြည်ညီညွတ်ရေးကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်မှုကလည်း ပြည်မစွက်ဖက်မှုတွေကို မဟန့်တားနိုင် မာမာထန်ထန် မတုံ့ပြန်နိုင်အောင် ဖြစ်ခဲ့ရတာပါ။

လွတ်လပ်ရေးရပြီးစခေတ်က သျှမ်းပြည်မှာ လက်နက်ကိုင် တပ်ရင်း နှစ်ရင်းပဲ ရှိခဲ့ပေမယ့် အခုအချိန် မှာတော့ အစိုးရစစ်တပ်ရဲ့ ရာနဲ့ချီတဲ့ အခြေစိုက်တပ်ရင်းတွေနဲ့ စစ်တိုင်းဌာနချုပ် (၄) ခုလောက် ရှိနေပါတယ်။ ဒါတောင် စစ်ဆင်ရေး တာဝန်နဲ့ ရှမး်ပြည်ကို လာတဲ့ တပ်မတွေ ၊ ကလောမှာ အခြေစိုက်တဲ့ တပ်မ ၅၅ နဲ့ နမ့်စမ် လေတပ်ဌာနတို့ကို ထည့်တွက်ထားတာ မဟုတ်သေးပါဘူး။

ပြည်သူ့စစ်တွေကလည်း အဖွဲ့ ရာချီရှိနေသလို UWSA ၊ RCSS/SSA ၊ SSPP/SSA ၊ MNDAA ၊ ကေအိုင်အို ၊ သျှမ်းအခါ တပ်ဖွဲ့ မိုင်းလား ၊ ပအိုဝ်း PNLO ၊ TNLA တအာင်းပလောင်တို့လို တပ်ဖွဲ့တွေကလည်း သျှမ်းပြည်မှာ အခြေချ လှုပ်ရှားနေကြတာပါ။

အဲဒီလို အဖွဲ့တွေများလာပေမယ့် လူဦးရေအရြကြည့်ရင်တော့ သျှမ်းပြည်မှာ ဗမာဟာ ဒုတိယ အများဆုံး နေထိုင်တဲ့ လူမျိုး ဖြစ်နေပါတယ်။

သျှမ်းလွှတ်တော် ဥက္ကဌဟာ ပြည်ခိုင်ဖြိုးပါတီကဖြစ်နေသလို သျှမ်းပြည်နယ် ၀န်ကြီးချုပ်က အန်အယ်လ်ဒီပါတီက ဗမာ တဦးဖြစ်နေတာပါ။ အများဆုံးဖြစ်တဲ့ သျှမ်းလူဦးရေ အချိုးအစားကို ပြန်ကြည့်ရင်လည်း သျှမ်းက တပြည်နယ်လုံးရဲ့ ၃၃ ရာခိုင်နှုန်းပဲ ရှိတော့တာတွေ့ရပါတယ်။

အဓိကရုံးသုံးစာက အင်္ဂလိပ်ခေတ်မှာ မြန်မာ – အင်္ဂလိပ် သတ်မှတ်ထားပြီး ရှမး်ဘာသာကလည်း တရားဝင်ဘာသာစကားဖြစ်ပေမယ့် အခုတော့ မြန်မာစာဟာ သျှမ်းပြည်မှာ ရုံးသုံးကျောင်းသုံးစာ ဖြစ်နေပါပြီ။

ပဋိပက္ခဖြစ်ပွားနှုနး်များတဲ့ သျှမ်းမြောက်ကိုကြည့်ရင် လူဦးရေ ရ၆ ရာခိုင်နှုန်းက ကျေးလက်မှာ နေနေပြီး အဲဒီထဲက ၃၇ ရာခိုင်နှုန်းလောက်က ဆင်းရဲမှုမျဉ်းအောက်မှာ ရောက်နေတာပါ။

ပဋိပက္ခဖြစ်နေတဲ့ သျှမ်းမြောက်မှာ အဓိက တပ်ဖွဲ့ဖြစ်လာနေတဲ့ TNLAရဲ့ ဆက်စပ် ပလောင် လူမျိုးတွေဟာ ကျန်တဲ့ သျှမ်းပြည်က လူမျိုးတွေထက် ဆင်းရဲလှတာကလည်း ခါးသီးတဲ့ အမှန် တရားပဲ ဖြစ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဦးစီးအဖွဲ့တွေ သျှမ်းပြည်ထဲ ရှိနေပေမယ့် သူတို့ရဲ့ လုပ်ပိုုင်ခွင့်ကလည်း မယ်မယ်ရရ ရှိလှတာမဟုတ်ပါဘူး။ တရက်ကို ဒေါ်လာသန်း ၂၀ လောက် ကုန်သွယ်မှုရှိနေပြီး ရေနံ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်တဲ့ ရှမး်မြောက်မှာ တရားမဝင်ကုန်သွယ်မှုတွေလည်း ရှိပေမယ့် တကယ်ရိုးရိုးသားသားနေတဲ့ ဒေသခံတွေအဖို့တော့ အကျိုးရလဒ်ခံစားရနိုင်မှု နည်းပါးနေပါသေးတယ်။

လူဦးရေများတဲ့ သျှမ်းလူမျိုးတွေနဲ့ ပတ်သက်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို ကြည့်မယ်ဆိုရင်ပဲ ၄ ဖွဲ့လောက် ဖြစ်နေ ( သျှမ်းတောင် ၊ သျှမ်းမြောက် ၊ စိန်ကျော့ ပြည်သူ့စစ် ၊ မိုင်းလား ) တာဟာ သျှမ်းနဲ့ ကျန်တဲ့လူမျိုးစုတပ်တွေအကြား ညီညွတ်ရေး အသာထားဦး သျှမ်းအချင်းချင်း အရင်စလုပ်ရမယ့် အခြေအနေမှာပဲ ရှိနေပါသေးတယ်။

အတိတ်သမိုင်းအရတော့ အဲဒီအဖွဲ့တွေဟာ ကွန်မြူနစ်မဟာမိတ်နဲ့ ထိုင်းနယ်စပ်အခြေချအဖွဲ့ ကိစ္စအပါအဝင် အခြားနယ်ပယ်ဖြန့်ကျက်မှု အကျိုးစီးပွား ၊ ခေါင်းဆောင်ခြင်း မတည့်မှုတို့အပေါ် အခြေခံပြီး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ဖူးတာလည်း တွေ့ရမှာပါ။ ၁၉၆၄ ခုနစ်မှာ ဖွဲ့စည်းတဲ့ သျှမ်းပြည် တပ်မတော်ဟာ အသွင်အမျိုးမျိုးဖြစ်နေတဲ့ သျှမ်းပြည်အတွင်းက လက်နက်ကိုင်တွေကို စုစည်းပြီးသွား ဖို့ ရည်ရွယ်ခဲ့တာမှန်ပေမယ့် အဲဒီပေါင်းစုံစုဖွဲ့မှုကလည်း တာရှည်မခံခဲ့တာတွေ့ရပါတယ်။

လက်ရှိအချိန်အထိလည်း မစုစည်းနိုင်သလို တချို့အဖွဲ့တွေကတော့ ဗဟိုကော်မတီ ဆုံးဖြတ်ချက်နဲ့ စခန်းသွားနို်င်တဲ့ အခြေအနေမှာရှိပေမယ့် အဖွဲ့တချို့ကတော့ေ ခါင်းဆောင်တဦးရဲ့ ဆုံးဖြတ်ချက် အပေါ် မူတည်ပြီး စခန်းသွားနေတာဟာ တော်လှန်ရေး အမျိုးသားရေးနဲ့အတူ သျှမ်းပြည်ထူထောင် တည်ဆောက်မှုကို လုပ်ရမယ့် အချိန်မှာ သိပ်မနှိပ်လှတဲ့ ကိစ္စပဲဖြစ်ပါတယ်။

ဥပမာအားဖြင့် RCSS – NCA ထိုးမှုမှာ တခြား သျှမ်းအင်အားစုတွေနဲ့ တိုင်ပင်ခဲ့တာ လူထုနဲ့ ကြိုတင်ညှိနှိုင်းခဲ့တာ မရှိသလို သျှမ်းမြောက်တပ်ဖွဲ့ ၀ မဟာမိတ်နဲ့ ပူးပေါင်းမှုမှာလည်း လူထုနဲ့ တိုင်ပင်ဆွေးနွေးခဲ့တာ မရှိလှပါဘူး။ အတွေ့အကြံုအရ ရင့်တယ်ဆိုပေမယ့် သျှမ်းမြောက်တပ်ဖွဲ့က လည်း နှစ်ကာလကြာလာတဲ့အထိ ကိုယ့်ခြေကိုယ့်လက်ပေါ် ရပ်တည်နိုင်အောင်မလုပ်နိုင်သေးတာဟာ လွန်ခဲ့တဲ့ နှစ် ၂၅ နှစ်ကျော် မှားယွင်းခဲ့တဲ့ ဆုံးဖြတ်ချက်တွေ စီမံခန့်ခွဲမှုတွေကြောင့်ပဲဖြစ်ပါတယ်။

သမိုင်းပြန်ကြည့်ရင် စစ်ဘုရင်ဖြစ်လာတဲ့ မူးယစ်မှောင်ခို ခွန်ဆာလို ပုဂ္ဂိုလ်ကို သျှမ်းအချင်းချင်း အထိန်းအထေ လုပ်ဖို့ မကြိုးစားခဲ့တာကြောင့်ပဲ လက််နက်ကိုင်တပ်ဖွဲ့တွေ ပျက်ခဲ့ရသလို လူထုအနေနဲ့လည်း အမျိုးသားရေးအလံထောင်သူတွေကို စိတ်ပျက်ဖို့ ဖြစ်စေခဲ့ပါတယ်။ ခွန်ဆာနဲ့ ၀ အကြားပြဿနာဟာ ဗိုလ်ချုပ်ယွက်စစ်ခေတ်ကနေ ယနေ့ခေတ်TNLA ၊ RCSS/SSA ပြဿနာအထိ ရိုက်ခတ်နေဆဲဖြစ်ပါတယ်။

ဗမာလူမျိုးကြီးဝါဒရှိနေသလား ၊ စစ်အာဏာရှင်ရှိသေးသလားဆိုတာက မေးစရာ ကိစ္စမဟုတ်ပေမယ့် တခါတခါ ရပ်တည်ရေးအတွက် သော်လည်းကောင်း အမျိုးသားရေး အစွန်းရောက်မှုအရသော် လည်းကောင်း တဖွဲ့နဲ့တဖွဲ့ တိုက်ခိုက်ကြရင်း အဲဒီကိစ္စတွေကို မေ့နေကြသလားလို့တောင် မေးခွန်းထုတ်စရာပါ။

သျှမ်းမြောက်ဒေသအတွင်း တအာင်းပလောင်အင်အားရှိလာပြီး ကေအိုင်အေနှင့်အတူသျှမ်းလူမျိုး များကို တပ်သားစု အခွန်ကောက်မှုကတဆင့် သျှမ်းအများစုမှာမကျေမနပ်ဖြစ်မှုက အစပြုတယ်လို့ ဆ ိုရမှာဖြစ်ပေမယ့် သျှမ်းတောင်တပ်ဖွဲ့ကိုမြောက်ပိုင်းလာဖို့ သွားခေါ်တဲ့ မြောက်ပိုင်းသျှမ်းတွေအနေနဲ့လည်း ပြဿနာဖြစ်နေသည့် သို့မဟုတ် ပြဿနာဖြစ်နိုင်သည့် ရပ်ကွက်ထဲမှာ နေနေပြီး ကိုယ့်အိမ်နဲ့ ကိုယ်နေသည်ဟု မည်မျှပင်ဆိုစေကာ မူ ပြသနာရှိတဲ့ ရပ်ရွာထဲတွင်နေနေတဲ့အတွက် အခြားအိမ် မှ မီးများ ကိုယ့်အိမ်ကိုအချိန်မရွေးကူးစက်လာ နိုင်တယ်ဆိုတဲ့ ယူဆချက်မျိုး သွားခေါ်တဲ့ သျှမ်းတွေမှာလည်း ရှိဟန်မတူပါ။

တဘက်မှာလည်း ၀မ်ဟိုင်း SSPPလိုအဖွဲ့မှာလည်း သျှမ်းအများစု နေသည့် နေရာ များတွင် ခြေကုပ်မယူထားခြင်းယူဖို့ မကြိုးစားခဲ့ခြင်းက နောက်ပိုင်းတွင် သျှမ်းလူထု ၊ RCSS/SSAစသဖြင့် အဖွဲ့ များက တဘက် သျှမ်းအများစုမကြိုက်သည့် သူ့မဟာမိတ် ၀ ၊တအာင်းပလောင် စသဖြင့် တစု ကြားတွင် ညှပ်ဖို့ ဖြစ်လာခဲ့တဲ့ ကိစ္စလည်း ဖြစ်လာခဲ့ပါတယ်။

နမ့်ခမ်းဘက်က ဒေသခံတွေ ပထမဆုံး သူတို့သွားချဉ်းကပ်သည်က ၀မ်ဟိုင်း SSPP/SSA အဖွဲ့ဖြစ်ပြီး နိုင်ငံရေး လှုပ်ရှားမှုနဲ့ စည်းရုံးမှု နှေးကွေးလေးလံလွန်းလှတဲ့ ၀မ်ဟိုင်းကလည်းး ရေရှည်အမြင်ရှိခဲ့ဟန်မတူပါဘူး။ ဒါကြောင့်ပဲ မလိုလားအပ်တဲ့ သျှမ်းတပ်ဖွဲ့နဲ့ တီအန်အယ်အေအကြား ပြဿနာတွေ ပေါ်လာရတာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဗဟိုအစိုးရထံတိုင်းရင်းသားအခွင့်အရေးတောင်းတာချင်း အတူတူ တိုင်းရင်းသား အမည်နဲ့
ပြည်နယ်ရှိပြီးသား အဖွဲ့နဲ့ အဲဒီပြည်နယ်ထဲကပဲ ပြည်နယ်ရလိုတဲ့အခြားတိုင်းရင်းသား အဖွဲ့အကြားတိုက်ခိုက်မှု ဆိုတဲ့ သဘောမျိုးလည်း တွေ့မြင်နေပြီဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက် တိုင်းရင်းတိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မှုတွေကို
ညှိနှိုင်းဆွေးနွေးကြတာ ရှိပေမယ့် အောင်မြင်အောင်လည်း မလုပ်နိုင်ကြပါဘူး။

လတ်တလော ပြန်ကြည့်ရင်လည်း တိုက်ခိုက်မှုများ ဆက်ရှိနေဆဲ ဖြစ်ရာနှောင့်ယှက် ဖျက်ဆီးလိုသူတွေက သွေးထိုး၍လော ၊ သို့မဟုတ် အပေါ်က နိုင်ငံတော်ဗဟိုမှာ အာဏာက ဘယ်မှာဆိုတာ မရေမရာဖြစ်နေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကလည်းရှေ့မတိုးတဲ့အတွက်် မျှော်လင့်ချက် မဲ့နေတဲ့အတူတူ၂၀၂၀ မတိုင်ခင်
ရသမျှနယ်မြေခိုင်ခိုင်မာမာ ယူထားမယ်ဆိုပြီး အကျိုးစီးပွားဆိုင်ရာာ အပြိုင်အဆိုင် နယ်မြေလုကြသလောဆိုတာ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စ ဖြစ်လာနေပါပြီ။

တိုင်းရင်းသားအရေးလေ့လာသူ စိုင်းဝမ်းဆိုင်ကတော့ ‘ ၀ နဲ့ မိုင်းလားမပြေလည်မှုနဲ့ တင်းမာမှု ၀ တပ်တွေ မိုင်းလားနယ်ထဲ ၀င်ရောက်စီးနင်းမှု ၊ပအိုဝ်း ပီအန်အယ်လ်အိုနဲ့ RCSS/SSA အပါအဝင် သျှမ်းပြည်နယ်ထဲ ကတိုင်းရင်းသားအချင်းချင်းတိုက်ပွဲတွေဟာသျှမ်းပြည်ရဲ့ ဘုံဒေသခံဖြစ်မှုကိုမဖြည့်ဆည်းနိုင် လို့ ဖြစ်တယ်။ တအာင်းပလောင် ၊ ၀ ၊ ပအိုဝ်းတို့လို ကိုယ်ပြည်နယ်နဲဲ့ ကိုယ်နေချင်သူတွေ ကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့်တိုင်းရင်းသားဒေသတွေမှာ နယ်မြေသတ်မှတ်ချက်က ရှင်းရှင်းလင်းလင်းမရှိလှဘူး။

အဲဒီလို လူမျိုးပေါင်းစုံနေထိုင်တဲ့ သျှမ်းလို ပြည်နယ်မှာနယ်နိမိတ်တခုစီအခြေခံပြီး သတ်မှတ်တာမျိုးက မမျှော်လင့်သင့်တဲ့ကိစ္စပါ။၁၉၂၂ ခုနစ်က ကျင့်သုံးခဲ့တဲ့ ဖက်ဒရယ်သျှမ်းပြည်လို့ ဒေသအလိုက်ကိုယ့်ဒေသကို
အုပ်ချုပ်ပြီး ပြည်ထောင်စုထဲက သျှမ်းပြည်ထောင်အဖြစ် သတ်မှတ်ချက်ကလက်ရှိအခြေအနေအတွက် အကောင်းဆုံးဖြေရှင်းချက ်ဖြစ်ပါလိမ့်မယ်။ (အင်္ဂလိပ်ခေတ်မှာ ပလောင်စော်ဘွား အုပ်ချုပ်တဲ့ ဒေသ ၊
ပအိုဝ်းစော်ဘွားအုပ်ချုပ်တဲ့ ဒေသတွေကိုလည်း State လို့့ပဲခေါ်တာဖြစ်ပြီး ကချင်က သျှမ်းမြောက်မှာ ဒူဝါ အုပ်ချုပ်တဲဲ့ Sub Stateရှိသလို ကိုးကန့်နယ် ကိုးကန့်စော်ဘွားအုပ်ချုပ် ၊ ဖက်ဒရာယ်ကောင်စီလို
ဒေသအားလုံးအကြီးအကဲမဲနဲ့ ဆုံးဖြတ်တဲဲ့ ပဒေသရာဇ်ကောင်စီကနေအကြီးအမှူးတွေ ရွေးပြီး အုပ်ချုပ်တာ ဖြစ်ပါတယ်။ ) အခုလို သျှမ်းပြည်ထဲကတိုင်းရင်းသားအချင်းချင်း မကျေမချမ်း တင်းမာပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ရှိနေရင်သျှမ်းပြည်ကို ၁၉၅၀ ကတည်းက တပ်တွေဝင်ရောက်ချထားခဲ့တဲဲ့ စစ်တပ်အဖို့
အကြိုက်ဖြစ်သွားပါလိမ့်မယ်။ သျှမ်းပြည်အတွင်းကတိုင်းရင်းသားအချင်းချင်းအနေနဲ့ လူမျိုးတမျိုးနဲ့တမျိုး အပြစ်တင်နေမှုတွေမလုပ်သင့်တော့ပါဘူး ‘ လို့သုံးသပ်ပါတယ်။

တကယ်တော့ လွန်ခဲ့တဲ့ နှစ် ၆၀ က စခဲ့တဲ့ သျှမ်းပြည်လူထုတော်လှန်ရေးဟာ သျှမ်းပြည်အတွင်းက တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်ဖို့မဟုတ်ဘဲ ပြည်မအစိုးရဆီက တိုင်းရင်းသားအခွင့်အရေးရဖို့ မရရင် ခွဲထွက်ဖို့အတွက် ရည်ရွယ်ခဲ့တာပဲဖြစ်ပါတယ်။

ဆောင်းပါးရှင် – စိုင်းအောင်ဆိုင်း

Leave a Comments

- Advertisement -spot_img

Latest article