သျှမ်း/တောင် ခရီးသည် တချို့စည်းကမ်းချိုးဖောက်မှုကြောင့် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေရ

0

သျှမ်းပြည်တောင်ပိုင်းသို့ ဝင်လာသည့် ခရီးသည်တချို့ ကျန်းမာရေးမှထုတ်ထားသည့် စည်းကမ်းချိုးဖောက်မှုကြောင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်း သျှမ်းတောင် ကျန်းမာရေး ဌာနက ပြောဆိုလိုက်သည်။

လက်ရှိ သျှမ်းပြည်တောင်ပိုင်း တွင် နေ့စဉ်နဲ့အမျှ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်လာကြောင်း၊ ထိုကူးစက်မှုနှုန်း မြင့်တက် ရခြင်းသည် ရန်ကုန်မှ ပြန်လာသည့်သူများ၊ ကုန်းကားသမားများ ကျန်းမာရေး စည်းကမ်းချိုးဖောက်မှုကြောင့်ဖြစ်လာရသည့် ရလဒ် ဟု သျှမ်းပြည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒုတိယလှိုင်းဖြစ်ချိန်မှာ ရန်ကုန်ကနေ ပြန်လာတဲ့သူကို စစ်တော့ positive စတွေ့လာတယ်။ နောက် ကုန်ကားသမား တွေထွက်လာတယ်။ တချို့သောသူတွေက လိုက်နာမှူအားနည်းလာတယ်။ ရောဂါဖြစ်ပွားတဲ့ ဒေသ ကနေပြန်လာရင် Quarantine ဝင်ရမယ်ဆိုတဲ့ စည်းကမ်းကို ချိုးဖောက်ပြီးတဲ့ သူတွေရှိတယ်။ ဒီကနေတစ်ဆင့် ကူးစက်ပါတယ်” ဒေါက်တာ ဇဝနကို က သုံးသပ်ပြောဆိုလိုက်သည်။

ကိုဗစ်-၁၉ စတင်းဖြစ်ပွားသည့် ပထမလှိုင်းတွင် ပြည်ပမှ ပြန်လာသည့် သူများထံ၌သာ ပိုးတွေ့ရှိခဲ့ကြပြီး၊ ယခု ဒုတိယလှိုင်း ကာလတွင် ခရီးသွားရာဇာဝင် မရှိသူများထံ၌လည်း ကိုဗစ်-၁၉ ပိုးတွေ့ရှိလာကြောင်း ဒေါက်တာဇဝနကို ကဆိုသည်။

“ သျှမ်းတောင်မှာ ပထမလှိုင်းတုန်းက ၄ယောက်ပဲရှိခဲ့တာ။ အခုဆို (၂၄၂) ထိရှိလာပြီ။ပထမလှိုင်းနဲ့ဆိုရင် အဆပေါင်းများစွာတက်လာတာကိုတွေ့ရတယ်” ဟု ဒေါက်တာဇဝနကို ကပြောသည်။

သျှမ်းတောင် တွင် နိုဝင်ဘာ ၂၀ ရက်ထိ ခရီးသွားရာဇဝင်မရှိဘဲ ပိုးတွေ့လူနာ ၄၈ ယောက် ဦးရှိပြီး၊ ရန်ကုန်မှပြန်လာသည့်သူတွင် (၁၃၆) ဦးရှိကြောင်း သျှမ်းပြည်ကျန်းမာရေး ဌာန ၏ စာရင်းအရသိရသည်။

လက်ရှိတွင် ကိုဗစ် ၁၉ ကူးစက်မှုများလာသောကြောင့် ကိုဗစ် ၁၉ ပိုးတွေ့လူနာများကို သက်ဆိုင်ရာနေရာနှင့် သက်ဆိုင်ရာမြို့များတွင်ထားရှိသွားမည်ဖြစ်ကြောင်း ဒေါက်တာဇဝနကို ကပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် နိုဝင်ဘာ ၂၅ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ (၂၄၂) ဦးရှိပြီး ဆေးရုံတက်လူနာ ၇၅ ဦးနှင့် သေဆုံသူတဦးရှိကြောင်း သိရသည်။

Leave a Comments