သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၇၃) ဦး ဆေးကုသမှု ခံယူနေကြောင်း သျှမ်းပြည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြာရေးမှူး ထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာ (၂၂) ရက်နေ့ထိ သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၂၂၇) ဦးရှိပြီး (၁၅၄) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီး လက်ရှိမှာ (၇၃) ဦးမှာ သက်ဆိုင်ရာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
“မနေ့ကအထိ သျှမ်းတောင်မှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၂၂၇ ယောက်ရှိတယ်။ လက်ရှိ ဆေးရုံတက်တာ ၇၃ ဦး” ဟု သျှမ်းပြည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။
ရွေးကောက်ပွဲ ပြီးသည့်နောက်ပိုင်း သျှမ်းပြည်နယ်တွင် နေ့စဉ်နှင့်အမျှ ကိုဗစ်-၁၉ အတည်ပြု လူနာများပြားလာကြောင်းသိရသည်။
ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကာလတွင် နှာခေါင်းစည်း ( Mask) များ တပ်ကြသော်လည်း ယခုနောက်ပိုင်း ဒုတိယလှိုင်းတွင် ( Mask) များ တပ်ဆင်မှု နည်းလာပြီး၊ သတင်းပေးပို့မှု အားနည်းလာသည်ဟု ဒေါက်တာ ဇဝနကို က နိုဝင်ဘာ (၁၈) ရက်နေ့မှာ ထောက်ပြ ပြောဆိုခဲ့သည်။
နိုဝင်ဘာ (၂၂) ရက် ည (၄ ) နာရီမှ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သျှမ်းပြည်မှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ( ၃) ဦးထပ်တိုးပြီး ၎င်းတို့သည် လားရှိုး (၁) ဦး၊ နမ့်စန်(၁) ဦး နှင့် မိုင်းပန် (၁) ဦး တို့ဖြစ်သည်။
နိုဝင်ဘာ ၂၂ ရက် ည (၈) နာရီ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ( ၇၉ ၂၄၆) ဦး၊ ဆေးရုံဆင်းခွင့်ရသူ ( ၅၈၇၅၈) ဦး နှင့် သေဆုံးသူ ( ၁၇၃၉ ) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ထုတ်ပြန်ချက်အရ သိရသည်။












Leave a Comments