သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ် အတည်ပြုလူနာ (၅၀) ဦး ဆေးကုသမှု ခံယူနေကြောင်း သျှမ်းပြည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာ (၁၇) ရက်နေ့ထိ သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၁၈၁) ဦး ရှိပြီး (၁၃၁) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီး လက်ရှိ (၅၀) ဦးမှာ သက်ဆိုင်ရာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
“သျှမ်းတောင်မှာ ကိုဗစ်အတည်ပြုလူနာ ၁၈၁ ယောက် မနေ့ကအထိ လက်ရှိ ဆေးရုံတက်တာက ၅၀ ဦး” ဟု ဒေါက်တာ ဇဝနကို က ပြောသည်။
နိုဝင်ဘာ (၁၇) ရက်နေ့တွင် တောင်ကြီးမြို့ ကိုဗစ်-၁၉ လူနာ တစ်ဦးသည် ပိုးရှိလူနာနှင့်ထိတွေ့မှု မရှိ၊ ခရီးသွားရာဇဝင်လည်း မရှိခဲ့ကြောင်း သိရသည်။

ထိုအတည်ပြု လူနာသည် အနံ့ပျောက်ပြီး နေမကောင်းသဖြင့် စစ်ဆေးကြည့်မှာ ကိုဗစ်-၁၉ ပိုးရှိကြောင်း သိရသည်။
“သူနဲ့ ထိတွေ့ဆက်စပ်တာ ခုလောလောဆယ် ၁၄ ယောက်လောက်တော့ ရှိတယ်။ ဘောလုံးကန်တာတွေ အပြင်သွားတာတွေ ရှိတယ်” ဟု ဒေါက်တာဇဝနကို က ပြောသည်။
ရွေးကောက်ပွဲ ပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံတွင် နေ့စဉ်နှင့်အမျှ ကိုဗစ်-၁၉ အတည်ပြု လူနာများပြားလာသည်။
“အဓိကကတော့ ဆရာတို့ များများစစ်နိုင်တာ။ Test Kit တွေနဲ့ စစ်လာနိုင်တယ်။ များများစစ်တော့ များများတွေ့တာပေါ့။ လူတွေ first wave နဲ့ second wave မှာ စည်းကမ်းလိုက်နာတာ မတူကြဘူး။ အခု second wave မှာ လူတွေ စည်းကမ်းလိုက်နာတာ တော်တော်နည်းလာတယ်”
ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကာလ တွင် နှာခေါင်းစည်း (Mask )များ တပ်ကြသော်လည်း ယခုနောက်ပိုင်း ဒုတိယလှိုင်းတွင် (Mask) များတပ်ဆင်မှု နည်းလာပြီး၊ သတင်းပေးပို့မှု အားနည်းလာသည် ဟု ဒေါက်တာ ဇဝနကို က ထောက်ပြပြောဆိုလိုက်သည်။
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့်အိမ်ခြေ ၆၀၀ကျော် Lockdown ချခံထားရကြောင်း သိရသည်။
နိုဝင်ဘာ (၁၇) ရက် ည (၈) နာရီထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၇၁၇၃၀) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၅၄၂၇၄) ဦး နှင့် ဆေသုံးသူ ( ၁၆၂၅) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ထုတ်ပြန်ချက် အရ သိရသည်။











Leave a Comments