သျှမ်းပြည်မြောက်ပိုင်း လားရှိုးဆေးရုံသို့ ဆေးကုသ လာသည့် တန့်ယန်းဒေသခံ အမျိုးသား တဦးထံ ကိုဗစ်-၁၉ တွေ့ရှိပြီး ၎င်းအမျိုးသားနှင့်ထိတွေ့သည့်သူ အများစုသည် ကျန်းမာရေးဝန်ထမ်းများဖြစ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ အမျိုးသားသည် လားရှိုးပြည်သူ့ဆေးရုံကြီးရှိ နား၊ နှာခေါင်း၊ လည်ချောင်း ဌာနသို့ (နိုဝင်ဘာ ၁၆)ရက်တွင် လာရောက်ပြသစဉ် ကိုဗစ်-၁၉ ရှိ၊မရှိ Test kid ဖြင့် စစ်ဆေးရာ Positive ဖြစ်နေကြောင်း လားရှိုးမြို့နယ် ဆေးရုံကြီးမှ ဒေါက်တာ ဉာဏ်မြင့် က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တန့်ယန်းကလွှဲလာတဲ့ လူနာကို ကျနော်တို့ ဆရာဝန်ကြီးကနေပြီးတော့ ထပ်တစ်ခေါက်ပြန်စစ်တာ ပိုးတွေ့သွားတယ်။ သူနဲ့ ပါလာတဲ့ သူဇနီးနဲ့ ဦးလေးကိုလည်း Quarantine သီးသန့်ထားပြီးပြီး ဆေးစစ်ဖို့ လုပ်နေပါတယ်” ဟု ဒေါက်တာညဏ်မြင့် က ဆိုသည်။
အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိတွေ့သူ ၈ ဦးရှိပြီး၊ ထိုထဲမှ ၆ ဦးသည် ကျန်းမားရေးဝန် ထမ်းများ ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ကျန်းမာရေးဝန်ထမ်း ၆ ဦးကိုလည်း Quarantine ထားထားပြီး ဆေးစစ်ဖို့ပြုလုပ်နေပါတယ်” ဟု ဒေါက်တာညဏ်မြင့် က ထပ်လောင်း ပြောသည်။
ထိုပိုးတွေ့လူနာသည် အဆုတ်ရောဂါအခံရှိသူဖြစ်ပြီး အသက်ရှူ အနည်းငယ်ကြပ်နေကြောင်း သိရသည်။
သျှမ်းပြည်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၅၈ ဦးရှိပြီး ဆေးရုံတက်ထားသည့် လူနာ ၁၂၉ ရှိကြောင်းနှင့် သေဆုံးလူနာ ၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသည် တရက်လျှင် တထောင်ကျော် ထိတိုးလာနေကြောင်း ကျန်းမားရေးနှင့် အားကစားဝန်ကြီး ဌာနထုတ်ပြန်ချက်အရသိရသည်။











Leave a Comments