သျှမ်းပြည် တချို့ မြို့နယ်တွေမှာ USDPဘာကြောင့် ပုံစံ (၁၉ ) မထိုးလဲ

0

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ ဗဟိုကော်မတီအဖွဲ့ဝင် ၊ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ်ကော်မတီဝင် ဦးစိုင်းဇော်ဇော် နဲ့ ၂၀၂၀ ရွေးကောက် ပွဲ မပြီး အမြင်သဘောထားများကို မေးမြန်းထားပါတယ် ။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်လဲ ။ လွတ်လပ်ပြီး တရားမျှတမှု ရှိရဲ့လား ။


ဖြေ ။ ။ ကျွန်တော့် အနေနဲ့တော့ ပြည်သူလူက ဆန္ဒပြုလိုက်တဲ့ရွေးကောက်ပွဲ လို့မြင်ပါတယ် ။ မတရားဘူးလို့ မဆိုလိုပါဘူး နည်းနည်းလေးတော့ ပြောစရာ ရှိတယ် ။ အာဏာရပါတီက အခွင့် အရေးပိုရသလိုပေါ့ ဥပမာအားဖြင့် မဲဆွယ်စည်းရုန်းခြင်း ကန့်သတ်တဲ့ စည်းကမ်းလေးတွေပေါ့ ကျွန်တော်တို့ပါတီနဲ့ ကျန်တဲ့ ပါတီငယ်လေး တွေ စည်းကမ်းလိုက်နာတဲ့ နေရာမှာ အခွင့်အရေးခြင်း နည်းနည်းလေးမတူညီကြဘူး ပေါ့ ။

မေး ။ ။ ကိုယ်တိုင်ကလဲ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ်ပါဝင်နေတယ် ပုံစံ (၁၉) မှာ လက်မှတ်မထိုးဖို့ တစ်ခြားမြို့နယ်တွေမှာစာထုတ်ထားတာ တွေရှိတဲ့ အပေါ် ဒီဖက်မှာလဲ ဘယ်လိုဆောင်ရွက်သွားဖို့ရှိလဲ ။

ဖြေ ။ ။ ကျွန်တော့ကို ထိုးဖို့ အကြောင်းမကြားလာ သေးဘူးထိုးဖို့လဲ မပြောသေး ဘူး ။ ကျွန်တော်ကိုယ်တိုင်လဲမဲစာရင်းရေတွက်တဲ့ စာရင်းကိုလိုချင်သေးတယ် ။ ကျွန်တော် တို့ပါတီ ကမဲရုံကိုယ်စားလှယ်တွေ ပြုစုထားတဲ့ မဲစာရင်းနဲ့ ဒီမြို့နယ်ကော် မရှင်အဖွဲ့ခွဲက ထုတ်ပြန်တဲ့ မဲစာရင်းဘယ်လောက် ကွာဟနေလဲ ဆိုတာကျွန်တော် တိုက်ဆိုင်စစ်ဆေးချင်ပါတယ် ။ မဲစာရင်းတွေ တိုက်ဆိုင်စစ်ဆေးပြီးမှ ဒါတွေမှန်ကန် တယ်ဆိုရင် လက်မှတ်ထိုးမှာပါ ။ ကျွန်တော်တို့အနေနဲ့လဲ သိပ်မပွင့်လင်းတာတွေ တွေ့ ရတယ် ကြိုတင်မဲပေးတဲ့ မဲဆန္ဒရှင်တွေ အားလုံး လက်သန်းမှင်မစွတ်ကြဘူး ။ ဒီနှစ် မဲလာပေးတဲ့ လူတွေ ပိုများလာတယ်လို့ထင်ရတယ် ။ မဲ ပေးဖို့ကန့်သတ်ထားတဲ့ ကန့်သတ်ချက်မှာ ဒီမှတ်ပုံတင်နဲ့ လာပေးတာမျိုးလို့ သိထားပေမဲ့ တကယ်တမ်းမဲ သွားပေးတဲ့ အခါမှာ မဲပေးခွင့်လက်မှတ်တွေ နဲ့မဲသွားပေးလို့ရနေတယ် ။ အဲ့လို လက်မှတ် တွေကလိုသလောက်ထုတ်လို့ရနေတယ် ။ တစ်ချို့ကကိုယ်စားလဲပေးလို့ရနေတယ် ။ အဲ့ဒါတွေကို မှန်မှန်ကန်ကန်လုပ်သွားရင်တော့ ပြောစရာမရှိပါဘူး ။ အဲ့ ဒီကိစ္စတွေက မဲပေးပြီးမှသိတာ ။ အွန်လိုင်းပေါ်မှာတော့ မဲစာရင်းတွေ ပွာထနေပြီး တရားဝင်ကတော့ ကျွန်တော်မကြားသေးဘူး ။ ၂၀၁၀ တုန်းကဆိုရင် ည သန်းခေါင် လက်မှတ်သွားထိုး ရတယ် ၊ ၂၀၁၅ မှာလဲ ရွေးကောက်ပွဲပြီးနောက်တစ်နေ့မှာ လက်မှတ်ထိုးရတယ် ဒီ ၂၀၂၀ မှာ တော့ အကြောင်းကြားလာတာမရှိသေးဘူး ။


မေး ။ ။ လက်ရှိ အနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေ အပေါ်ဘယ်လိုမြင်သလဲ ။


ဖြေ ။ ။ ပြည်သူတွေက ရွေးချယ်တင်မြောက်တဲ့ ကိုယ်စားလှယ် က ကိုယ့်ပါတီက မဟုတ်လဲ ကိုယ့်မြို့နယ်ရဲ့ ကိုယ်စားလှယ်ပဲ လေ သူနိုင်သွားရင် သူ့ကိုဂုဏ်ယူရမယ် ၊ ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ သူမသိသေးတဲ့ အချက်အလက်တွေ လိုအပ်ချက်တွေ ဝိုင်းပြီးတော့ ပံ့ပိုးရမှာပေါ့ ။ ပြိုင်ဆိုင်ခြင်းဆိုတာကတော့ အနိုင်နဲ့အရှုံးပဲ ရှိတာပါ ။ ကျွန်တော်တို့ကတော့ အသန့်ရှင်းဆုံးပြိုင်ခဲ့တယ် ။ ၂၀၁၅ မှာ ကတည်းကပေါ့ ။


မေး ။ ။ ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ တောင်ကြီးမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီအ နေနဲ့ ဘာကြောင့် အနိုင်မရခဲ့တာလဲ ၊ ဘယ်လိုအားနည်းချက် တွေကြောင့်လဲ ဆိုတာ သုံးသပ်ပေးပါဦး ။


ဖြေ ။ ။ ကျွန်တော့ အနေနဲ့ သုံးသပ်ရရင် ၂၀၁၅ နောက်ပိုင်းလောက်မှာ ပါတီက သွေးအေး သွားတယ် ။ အဲ့တုန်းက ရှမ်းပြည်နယ်မှာ ပြည်နယ် ၁ နဲ့ ၂ မှာ အနိုင်ရခဲ့ပေမဲ့ ပြည်သူ့ လွှတ်တော်မှာ ရှုံးသွားတယ် ။ ရှမ်းပြည်နယ်တစ်ပြည်နယ် လုံးမှာဆိုရင် တော့ အခြေအနေကောင်းပါတယ် ။ တစ်နိုင်ငံလုံးနဲ့စာရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ အနိုင်မရခဲ့ တဲ့ အတွက် ကျွန်တော်တို့ အစိုးရ မဖွဲ့နိုင်ခဲ့ဘူး ။ ပါတီရဲ့ သဘောက ကိုယ့်ရဲ့ပါတီအကြီးအကဲက အစိုးရမဖြစ်ဘူးဆိုရင် ကိုယ့်ရဲ့ ဒေသအတွက် လုပ်ပိုင်ခွင့်တွေ ပြည်သူလူထုအပေါ်လုပ်ဆောင်ချက်တွေက တစ်ဆင့်လျော့ သွားတာ ပေါ့ ။ အားမရှိဘူး ။ ပြည်ထောင်စု အစိုးရမှာ ရောပြည်နယ်ရဲ့ အစိုးရမှာရော ကိုယ့်ပါတီ ကမဟုတ်တဲ့ အတွက် ပါတီရဲ့ဆောင်ရွက်ချက်တွေအောက်ခြေ မှာနည်းနည်း လျော့ရဲ သွားတာပေါ့ ။ ပြည်သူလူထုကလဲ အမျိုးမျိုးပြောနေကြတာတွေ့ရပါတယ် စစ်ဖိနပ်အောက် ရောက်ချင်ရင် ပြည်ခိုင်ဖြိုးကိုမဲပေး ။ အကြောက်တရားနဲ့နေချင်ရင် ပြည်ခိုင်ဖြိုးကိုမဲပေး ။ သူခိုးပါတီ ဘာညာပြောနေကြတာပေါ့ ။ လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ကသွားနေတဲ့ လမ်းကြောင်း နဲ့ပြည်ခိုင်ဖြိုး ရဲ့ ဦးတည်ချက်တွေက သိပ်မကွာဘူး ။ ပြည်ခိုင်ဖြိုးနဲ့တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ မြေယာကိစ္စတွေ အငြင်းပွားခဲ့ကြတာလဲ ရှိခဲ့ပါတယ် ။ တစ်ချို့ ကိစ္စတွေမှာ အတိုက်အခံတွေ ရှိခဲ့ပါတယ် ။ အများအမြင်မှာ က ပြည်ခိုင်ဖြိုးက စစ်တပ် လက်အောက်ခံပါတီ ဆိုပြီးပြောကြတယ် ။ဒါပေမဲ့ ကျွန်တော်တို့ ရည်မှန်းချက်ခြင်း တူတာက တို့တာဝန်အရေးသုံးပါးတို့ ၂၀၀၈ အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက် ရမယ် ဒါတွေက ဦးတည်ချက်တူတယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ နိုင်ငံတော်အတွက် ကောင်းရာကောင်းကြောင်းရည်မှန်းချက်တွေ ကတော်တော်လေးတူတယ် ။ အဲ့တာကြောင့် လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီက တင်ပြတဲ့ ဟာ တွေကို တပ်မတော် သားကိုယ်စားလှယ်တွေထောက်ခံတာများတယ် ။ တကယ်တမ်းကြတော့ တပ်တော်ရဲ့ အာဏာကို ပြည်သူလူထုလက်ထဲအပ်နှင်းချင်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့တာပေါ့ ။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လွှတ်တော် အဆောက်အ ဦးတွေ ကို ကြိုတင်ဆောင်ရွက်ခဲ့တယ် ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါ တီကနေ သမ္မတရော ဒုသမ္မတရော ကစစ်တပ် ထွက်တွေ ဖြစ်တော့ ပြောစရာတွေ ဖြစ်ခဲ့တာပေါ့ ။ ပြီးခဲ့တဲ့ ၈၈ ကျောင်းသားအရေးအခင်းနဲ့ သံဃာတော် ကိုရိုက်တဲ့ ဟာတွေ ဒါတွေနဲ့ ပြောပြီးတော့ ပြည်ခိုင်ဖြိုးပါတီကို အပြစ်တင်နေတာတွေ ကျွန်တော့ အနေနဲ့ သိသဘာဝမကျဘူးလို့ထင်တယ် ။ အဲ့ဒီအပေါ်မှာလူတွေရဲ့ထင်မြင် ချက်တွေ ကြောင့် ပြည်ခိုင်ဖြိုး အနိုင်မရတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ကျွန်တော့အနေနဲ့ သုံး သပ်မိပါတယ် ။


မေး ။ ။ တစ်ခြား တိုင်းနဲ့ပြည်နယ်အချို့က ပြည်ခိုင်ဖြိုး ပါတီ တွေ ရွေးကောက်ပွဲ ကို ထပ်မံကျင်းပပေးဖို့ လှုံ့ဆော်နေကြတာတွေ ရှိတယ် ။ ရှမ်းပြည်နယ်ဘက် က သဘောထားနဲ့ အခြေအ နေကဘယ်လိုရှိပါသလဲ ။


ဖြေ ။ ။ ရှမ်းပြည်နယ်ဘက်ကတော့ ကျွန်တော့ အထက်မှာ ပါတီ ဥက္ကဌနဲ့ အတွင်းရေးမှူးရှိတယ်ဆိုတော့ အဲ့ကိစ္စကိုတော့ ကျွန်တော်ဖြေလို့ အဆင်မပြေဘူး ။ လက်ရှိအခြေအနေအထိကတော့ ဒီမှာ ကျွန်တော်တို့ပါတီက တောင်းဆိုထားတာ မရှိသေးပါဘူး ။
မေး ။ ။ အနိုင်မရရှိခဲ့တဲ့ အတွက် လွှတ်တော် ပြင်ပမှာ ဘာတွေ ဆက်လက်ဆောင် ရွက်သွားဖို့ရှိပါသလဲ ။
ဖြေ ။ ။ ဒီပါတီကတော့ တည်မြဲနေမှာပဲ ၊ တစ်ချို့နိုင်ငံမှာ နှစ်တွေအကြာကြီး ရပ်တည်ပြီး ပါတီတွေ ပြန်အနိုင်ရသွားတာတွေလဲ ရှိပါတယ် ။ လူတစ်ဦးတစ်ယောက် ကို အခြေခံပြီးဖွဲ့စည်းထားတဲ့ ပါတီမဟုတ်ဘူး ။ ပါတီ ရဲ့မူဝါဒတွေ ဖွဲ့စည်းပုံ စည်းမျဉ်းစည်း ကမ်းတွေ ရှိပြီးသားဆိုတော့ ပါတီ ပြန်လည် Reform ပြန်လုပ်ပြီး လူငယ်တွေ တော်တော် များများ ပါဝင်ဖွဲ့စည်း ဖြစ်သွားမှာပါ ။ ယှဉ်ပြိုင်ခြင်းဆိုတာကလဲ ပြည်သူ့အတွက်ပဲ ၊ အစိုးရတစ်ရပ်ဆိုတာလဲပြည်သူ့ အတွက်ပဲလေ ကိုယ်က အစိုးရတစ်ရပ်မဖွဲ့စည်းနိုင်လို့ ဒီအစိုးရကိုလက်မခံဘူးဆိုတာမျိုးလဲမဟုတ်ပါဘူး ။ တက်လာတဲ့ အစိုးရ ကိုယ့် အစိုးရ တက်လာတဲ့ ကိုယ်စားလှယ်ကိုယ့် ကိုယ်စားလှယ် လို့ နိုင်ငံသားတစ်ယောက်အနေ နဲ့ အဲ့လိုပဲမြင် ပါတယ် ။

Leave a Comments

SHARE