မိုင်းတုံမြို့နယ်ရှိ မဲရလဒ် တရားမျှတမှုမရှိသဖြင့် ပယ်ဖျက်ပေးရန် SNLD တောင်းဆို

0

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ရှိ မဲရုံ အများစု ၏ မဲရလဒ်သည် တရားမျှတမှု မရှိသဖြင့် အားလုံး ပယ်ဖျက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ သို့ SNLD ပါတီမှ တင်ပြတောင်းဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနေ့သည် နည်းလမ်းတကျ ဆောင်ရွက်ခဲ့ခြင်း မရှိသည်ကို စိစစ်တွေ့ရှိရသည့်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ ကိုယ်စားလှယ်လောင်းများ လက်မှတ်ရေးထိုးပြီး တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့နယ် အတွင်းရှိ မဲရုံ (၁၅)ရုံသည် “ ဝ” လက်နက်ကိုင် အဖွဲ့အစည်းထိန်းချုပ်သည့် နယ်မြေတွင်ရှိကာ၊ ထိုမဲရုံတွင် မဲပေးပိုင်ခွင့်ရှိသူ (၂၃၀၀၀) ကျော်ရှိပါသည်။

ထိုထဲမှ (၁၆၀၀၀) ကျော်တွင် မှတ်ပုံတင် မရှိသည့်သူများဖြစ်ကြောင်း မိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စိုင်းဝင်းမြတ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့လူတွေ က မှတ်ပုံတင်မရှိတဲ့အပြင် မဲစာရင်းထဲမှာ နေရာလည်း လွှတ်နေတယ်။ အဖေ အမေ နေရာတွေလည်း မရှိတဲ့နေရာတွေလည်းပါတယ်။ နောက် မဲထည့်တဲ့နေ့မှာလည်း လူစားထိုး မဲလာပေးတာတွေ အသက်မပြည့်တဲ့ ကလေးတွေ မဲလာပေးတာတွေ ရှိနေတယ်” စိုင်းဝင်းမြတ်ဦး က ဆိုသည်။

ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်သည့်အတွက် မဲရလဒ်တွေ ပယ်ဖျက်ပေးဖို့ တင်လိုက်ထားခြင်းဖြစ်ကြောင်းလည်း စိုင်းဝင်းမြတ်ဦးက ပြောသည်။

“မဲရုံတွေရဲ့ မဲရလဒ်တွေကို ပယ်ဖျက်ဖို့ တင်ထားပြီးပြီ။ အခုလည်း ဗဟိုနဲ့ ညှိပြီးတော့မှ တရားမဲ့ ပြုကျင့်မှုလည်း ထပ်တင်ဖို့ စီစဉ်နေပါတယ်” ဟု စိုင်းဝင်းမြတ်ဦး က ထပ်လောင်းပြောသည်။

မိုင်းတုံမြို့နယ်တွင် နိုဝင်ဘာ (၈) ရက် မဲပေးသည့် နေ့က အသက် (၁၈) နှစ် မပြည့်သေးသည့် ကလေးငယ်များ ၈၀ ရာခိုင်နှုန်းခန့် တိုကင်ဖြင့် မဲလာထည့်ကြောင်းလည်း သိရသည်။

ထိုနေရာတွင် ဆန္ဒမဲလာပေးသည့် မဲဆန္ဒရှင်များသက်သေခံလက်မှတ်(တိုကင်)များဖြင့်သာ လာရောက်မဲပေးကြရပြီး၊ အဆိုပါ တိုကင်လက်မှတ်ကိုင်ဆောင်လာခဲ့သူ အများစု၏ အချက်အလက်နှင့် မဲစာရင်းပါ အချက်အလက်များကွဲလွဲနေ ကြောင်းသိရသည်။

“ဝ” လက်နက်ကိုင် တပ်ဖွဲ့ ကြီးစိုးသည့် နယ်မြေ အတွင်း မြန်မာနိုင်ငံတော် အစိုးရမှ ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံ့ဝန်ထမ်းများရှိမနေခြင်း၊ အဆိုပါဒေသအတွင်း ဖြစ်ပျက်သော အမှုအခင်းများကို “ ဝ” ဥပဒေဖြင့်သာ စီရင်ဆုံးဖြတ်ခြင်း နှင့် ဆန္ဒမဲစာရင်းပြုစုရာတွင်လည်း “ ဝ” လက်နက်ကိုင် အဖွဲ့အစည်းက ပေးအပ်သော စာရင်းအရ သာလျှင် စာရင်းပြုစုခြင်းတို့ဖြစ်သည်။

ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ထင်ရှားသဖြင့် တရားနည်းလမ်းကျသည့် ရွေးကောက်ပွဲ ရလဒ်များဖော်ဆောင်နိုင်ရန် အတွက် ထိုနေရာရှိ မဲရုံ (၁၅)ရုံ မှ ဆန္ဒမဲရလဒ်များအားလုံးကိုပယ်ဖျက်ပေးရန် SNLD က တင်ပြလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မိုင်းတုံမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ (၆) ခုရှိကြောင်း သိရသည်။

Leave a Comments

SHARE