Monday, May 6, 2024

တောင်ကြီး အေးသာယာမဲရုံသို့ မဲသွားပေးခဲ့သည့် အမျိုးသားတဦး ကိုဗစ်-၁၉ တွေ့

Must read

နိုဝင်ဘာ ၈ ရက်မှာကျင်းပသည့် အထွေထွေရွေးကောက်ပွဲနေ့တွင် တောင်ကြီး အေးသာယာရုံးသို့ မဲလာပေးသည့် အမျိုးသားတဦး ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးရှိကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ မဲရုံတစ်ရုံတွင် မဲသွားပေးခဲ့သည့် အမျိုးသားတစ်ဦးသည် ယနေ့ နိုဝင်ဘာ (၁၂) ရက်မှာ Rapid Antigen Diagnostic Test Kit နှင့် စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သျှမ်းပြည်နယ် ကုသရေး နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သူနဲ့ ထိတွေ့သူကတော့ သူ့မိသားစုရှိတယ်။ ဘယ်နှစ်ယောက်လည်းတော့ သေချာမသိရဘူး။ စောင့်တဲ့နေရာမှာ သူ့ရဲ့ အရှေ့ သူ့ရဲ့ အနောက် ဘယ်သူလည်း ဆိုတာကိုတော့ ပြန်လိုက်လို့ မရဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ အစဉ်လိုက်တိုင်း နာမည်ယူထားတာမဟုတ်ဘူး။” ဟု ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိမှာ နိုဝင်ဘာ (၈) ရက်နေ့ အေးသာယာမြို့ရှိ မဲရုံ အမှတ်(၃) မှ မဲရုံစောင့်သူ အားလုံးကို Quarantine ဝင်ထားခိုင်းလိုက်ကြောင်း သိရသည်။

“ရန်ကုန်သွားဖို့အတွက် ဒီနေ့မှာ Test Kit နဲ့ စစ်လိုက်တာ” ဟု ဒေါက်တာ ဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်သူ (၁၅၀) ဦးကျော်ရှိကြောင်း သိရသည်။

နိုဝင်ဘာ (၁၁) ရက်ည ၈ နာရီအချိန်မှာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၆၄၄၅၃) ဦး၊ သေဆုံးသူ (၁၄၆၁) ဦး နှင့် ပြန်လည် သက်သာလာသူ (၄၈၅၃၂) ဦး ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article